ပညာ ဆိုတာထမင်းစားဖို့သင်တာမဟုတ်ဘူး

ဒီခေါင်းစဉ်ကလေးက စာဖတ်သူကို အတော်လေး စိတ်ကသိကအောက်ဖြစ်စေလိမ့်မယ်လို့ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော်ကိုယ်တိုင်အတွက်လည်း တော်တော်စိမ်းတဲ့ ဝေါဟာရတစ်ခု ဖြစ်နေလေရဲ့။ ကျွန်တော်တို့က ပညာသည်သာ ဘဝရဲ့ထွက်ပေါက်။ ပညာမရှိသူ၏ ဝန်ထမ်း။ မယားကျွေးမှု သားကျွေးမှု တစ်ခုပညာကိုယ်စီပါ စတဲ့စကားတွေနဲ့ တစ်သက်လုံး လက်ပွန်းတတီး ယဉ်ပါးလာသူမို့ ဒီခေါင်းစဉ်က ထူးတင်မက ဆန်းလို့နေလေရဲ့။ ဒါပေမဲ့ ကိုယ်မရင်းနှီးတဲ့ ဝန်းကျင်တစ်ခုမှာ ပညာဆိုတာထမင်းစားဖို့၊ တစ်နည်းအားဖြင့် သက်မွေးဝမ်းကျောင်းလုပ်ဖို့မဟုတ်ဘဲ လေ့လာနေကြတဲ့သူတွေလည်း ရှိနေကြလို့သာဖြစ်မယ်လို့ တွေးမိတယ်လေ။

တစ်ခါက ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်မှာ ရင်းရင်းနှီးနှီး ခင်မင်မင်မင်နေခဲ့ဖူးသူ ကိုလှရွှေက ပြောလာတာဆိုတော့ စကားလုံးကစိမ်းပေမယ့် အသိသစ်အမြင်သစ်တစ်ခုတော့ ရမှာပဲလေဆိုပြီး အလင်းပြပါဦးလို့ ကျွန်တော်က တောင်းဆိုလိုက်တဲ့အခါ သူက “ပညာဆိုတာ ထမင်းစားဖို့ သင်တာမဟုတ်ဘူး၊ အသိပညာတွေတိုးဖို့သင်တာ။ ကျွန်တော်လေ့လာနေတာက တစ်ခုခုရရင် ကျွန်တော့်အတွက် မဟာတန်ဖိုးပဲ။ ကျွန်တော့်မိသားစု အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းအသေးစားတစ်ခု တည်ထောင်ထားတယ်။ ပညာနဲ့ မိသားစုစားဝတ်နေရေးကို ခွဲထားတယ်။ အခုကျွန်တော် English Literature ကိုလေ့လာနေတယ်။ ကျွန်တော့်အသက်က ၄၅ နှစ်။ ပါမောက္ခတွေက ကျွန်တော့်ထက် အသက်ငယ်ကြတာလည်းရှိတယ်။ ကျွန်တော့်အတွက် အရာရာဟာအသစ်ပဲဗျ” လို့ဆိုလိုက်တော့မှ နည်းနည်းသဘောပေါက်သွားတော့တယ်။ တကယ်တော့ ကျွန်တော်တို့ဝန်းကျင်မှာက ‘ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင် ပျော်ပါးလွင်မူ’ ဆိုတဲ့ကိုးခန်းပျို့လာ ရှင်မဟာရဋ္ဌသာရ ဆုံးမစာကိုသာ အဓိကထား ပြောဆိုသင်ပြနေကြတာမို့လား။ ဒါကြောင့် ကျွန်တော်က သူသိချင်တာကို အောင့်အည်းမထားဘဲ-

“မင်းပြောတာတော့ ဟုတ်တုတ်တုတ်။ ငါတော့သဘောပေါက်ချင်သလိုလိုတော့ ရှိပေမယ့် နည်းနည်းပိုရှင်းအောင် ပြောပြပါဦးလေ။ မင်းရဲ့အမြင်သစ်ကို ငါလည်းသူများတွေကို ပြန်ပြောပြရတာပေါ့”

အခုအမေရိကားက ကျွန်တော်တက်နေတဲ့ English Literature အတန်းကို ဓာတုအင်ဂျင်နီယာတွေ၊ အနုမြူသိပ္ပံဘွဲ့လွန်က ကျောင်းသားတွေ၊ ဆရာဝန်ဘွဲ့လွန်က လူတွေလာသင်ကြတယ်။ လူ့ဘဝဒဿနကို စာပေရှုထောင့်ကနေ ဆွေးနွေးကြတယ်။ သူတို့မသိခဲ့တဲ့ အသိတရားတွေကို စာပေကနေ လေ့လာကြ ပြောကြဆိုကြတာဗျ။ တကယ်ကို တန်ဖိုးကြီးပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက သမိုင်း၊ မြန်မာစာယူတဲ့ ကျောင်းသားဆိုရင် သုံးစားလို့မရတဲ့သူ၊ လူရာမသွင်းချင်ကြဘူးပေါ့။ အမေရိကားမှာတော့ English Literature ဆိုတာပညာတတ်ကြီးတွေရော၊ နိုင်ငံရေးကို လေ့လာသူရော၊ ဒဿနပညာကို လေ့လာနေသူရော သင်ယူကြတဲ့ ပညာရပ်ကြီးပါဗျာ။ ကျွန်တော်တို့နိုင်ငံနဲ့ ပြောင်းပြန်ပေါ့ဗျာ”

သူ့စကားကိုနားထောင်ရင်း ကျွန်တော်တို့တက်ခဲ့ဖူးတဲ့ စစ်အာဏာရှင်စနစ်အောက်က တက္ကသိုလ်ပညာရေးနဲ့တော့ မဆီရယ်တဲ့မှ အိုမဆိုင်လောက်အောင် ခြားနားလှတဲ့ စာသင်ခန်းကြီးကို စိတ်ထဲမှာ ကွင်းကနဲ သူမြင်ယောင်လာမိတော့တယ်။ ကျွန်တော် ဒီလိုအတွေးစအမျှင်တန်းလာစဉ်မှာ ကိုလှရွှေက ခုလိုဆက်ပြောပြန်တယ်။

ဒီလိုပြောလိုက်လို့ မြန်မာပြည်ကပညာရေးကို မကောင်းမြင်ဝါဒနဲ့ ချိုးနှိမ်ပြောနေတယ် မထင်စေချင်ဘူး။ မြန်မာပြည်က ပညာရေး ဘယ်လောက်ပဲနိမ့်ကျပါစေ၊ ကျွန်တော့်အတွက်တော့ အင်မတန် တန်ဖိုးကြီးမားပါတယ်။ မဟာတန်းပြီးတဲ့အချိန်မှာ ကျွန်တော်ဟာ မိတ်ကောင်းဆွေကောင်းတွေကို တည်ဆောက်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းကဆို ထိပ်တန်းနေရာကိုဝင်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်အဲဒါတွေကို မုန်းတီးလာတယ်၊ စိတ်ပျက်သွားတယ်၊ စက်ဆုပ်သွားတယ်။ အဲလိုစိတ်တွေက ကျွန်တော်တော်လှန်ရေးသမားဖြစ်ဖို့ လမ်းခင်းပေးခဲ့တယ်လို့ ယူဆမိတယ်ဗျ။ အစ်ကို့ရဲ့ အမြင့်ပျံငှက်များ ကဗျာကတော့ ကျနော်ရင်ဝယ်သိမ်းထားတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ဘယ်နေရာရောက်ရောက် ရခိုင်ဆိုတဲ့အတွေး၊ အဝပြင်ဆိုတဲ့ရွာမှာ မွေးခဲ့တယ်ဆိုတာရယ်၊ တစ်နေ့နေ့ ပြန်ကိုပြန်မယ်ဆိုတဲ့ အသိစိတ်ကို နှိုးဆွပေးနေသလို ခံစားမိတယ်”

သူဟာ အခုအချိန်မှာ အမေရိကန်နိုင်ငံ ပင်ဆီဗေးနီးယားပြည်နယ်က Kutztown University of Pennsylvania တက္ကသိုလ်မှာ အင်္ဂလိပ်စာပေကို လေ့လာနေတဲ့ ကျောင်းသားကြီးတစ်ယောက် ဖြစ်နေခဲ့ပြီလေ။ အရင်ကသူဟာ ရန်ကုန်တက္ကသိုလ်က သမိုင်းအဓိကနဲ့ မဟာဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ နယ်စပ်တော်လှန်ရေး နယ်မြေကိုထွက်လာပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆက်လက်ပုန်ကန်တော်လှန်ခဲ့တယ်။

နောက်ပိုင်းမှာတော့ မိသားစုအနာဂတ်အတွက်ပဲ ထင်ပါရဲ့။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို ပြောင်းသွားကြတယ်။ ဒီနေရာမှာ ဒုက္ခသည်နဲ့လာကြတဲ့ မြန်မာပြည်သားတွေ အကြောင်းကိုလည်း ဗဟုသုတရဖွယ် ပြောပြပါသေးတယ်။

“ဒုက္ခသည်ဆိုလိုက်တာနဲ့ အကုန်လုံးတန်းတူ ထားလိုက်တာနဲ့စာရင် ဒုက္ခသည်တွေကို ခွဲလိုက်ရင် ပိုကောင်းမယ်ထင်တယ်။ အချို့ဒုက္ခသည်တွေက နယ်စပ်တိုင်းရင်းသားဒေသတွေမှာ စစ်အစိုးရကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတွေရှိတယ်။ ဒီလူတွေက စာမတတ်ပေမတတ်။ ဒါပေမဲ့သူတို့က အမေရိကားရောက်တော့ ငါးနှစ်အတွင်း အိမ်ဝယ်နိုင်တယ်။ ငွေတွေစုပြီး နယ်စပ်ကမိသားစုဆီကို ငွေပို့နိုင်တယ်။ သူတို့လုပ်အားကြောင့် ကုမ္ပဏီတွေက ကားအသစ်ဆိုလည်း ဝယ်ဖို့ငွေချေးပေးတယ်။ တစ်နည်းအားဖြင့် ကာယလုပ်သားကောင်းတွေ ဖြစ်လာတယ်။ အမေရိကားရဲ့ လူလတ်တန်းအဆင့်ကို ရောက်လာတယ်။ နောက်တစ်မျိုးက လူလည်ဒုက္ခသည်တွေ၊ မြန်မာပြည်မှာနေကတည်းက ငွေတတ်နိုင်တယ်။ ဒုက္ခသည်လည်း ငွေပေးပြီး ဖြစ်လာတယ်။ မြန်မာပြည်က လူလည်စိတ်ကလည်းမပျောက်၊ အမေရိကားရောက်တော့ မြန်မာပြည်မှာ လည်ခဲ့ပတ်ခဲ့တဲ့ လူလည်ပညာကလည်း သုံးလို့မရ။ သူတို့ကကျတော့ ပညာလည်းမသင်ချင်၊ အလုပ်လည်း မလုပ်ချင်ကြဘူး။ ဒီလိုနဲ့အစိုးရပေးတဲ့ တိုက်ခန်းမှာနေတယ်။ အစိုးရပေးတဲ့အစာကိုစားတယ်။ အဲလိုနေရာမှာနေရင်း သားသမီးလည်း လူကောင်းဖြစ်ဖို့ လမ်းကပျောက်ပြီး ယောင်ချာချာဖြစ်နေတဲ့ အမေရိကန်နိုင်ငံသား မြန်မာပြည်ဖွားတွေလည်းရှိတယ်။ အဲလိုလူမျိုးတွေနေတဲ့ နေရာမျိုးမှာ ကျောင်းအဆင့်က တော်တော်နိမ့်တယ်။ နောက်တစ်မျိုးက ဒုက္ခသည်တော့ ဖြစ်လာတယ်။ ဒါပေမဲ့ ဒုက္ခသည်ခံချင်တဲ့လူတွေ မဟုတ်ဘူး။ မြန်မာပြည်မှာနေကတည်းက စစ်အစိုးရကို မကြောက်၊ တော်လှန်တယ်၊ ပုန်ကန်တယ်၊ ထောင်ကျတယ်။ တောခိုတယ်။ ပညာလည်းအထိုက်အလျောက်ပါပြီး ကြိုးစားလိုစိတ်ရှိတဲ့လူတွေအတွက်တော့ အမေရိကားဆိုတာ နတ်ပြည်ပဲ။ ကြိုးစားတယ်။ ပညာသင်တယ်၊ အလုပ်လုပ်တယ်။ ထိုးထွင်းဉာဏ်ရှိတယ်၊ ငါးနှစ်လောက်အတွင်းမှာ အမေရိကားရဲ့ လူလတ်တန်းအဆင့်ကို ဝင်နိုင်တယ်။ ပညာတတ်လာတယ်၊ တစ်နှစ်ဝင်ငွေ သိန်းကဏန်းရှိလာတယ်။ ဒါကလူတန်းစားတမျိုးပေါ့” လို့ သူနဲ့ခေတ်ပြိုင် အမေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွားတွေရဲ့သရုပ်ကို သုံးမျိုးသုံးစားခွဲပြခဲ့တယ်။ သူကတော့ နောက်ဆုံးအုပ်စုဝင်ပေါ့။ တစ်စစီစုတ်ပြတ်ပြီး အမိနိုင်ငံအပေါ် ဖြစ်စေချင်တဲ့ စေတနာနဲ့ သူကိုယ်တိုင်ရဲ့ အနာဂတ်အိပ်မက်ကို ခုလိုပြောပြခဲ့တယ်။

“ပျက်သွားတာကိုလည်း ပြင်ရတာခက်ပါတယ်။ ဖျက်ဆီးတာက အင်မတန်လွယ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပြန်ပြင်ဖို့ဆိုတာ ရာစုနှစ်နဲ့ချီကြာမယ်လို့ နားလည်တယ်။ စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာတွေ အဆင့်မြင့်ဖို့လိုပါတယ်။ တာဝန်ယူတတ်ဖို့၊ တာဝန်သိတတ်တဲ့ လူ့အဖွဲ့အစည်းမျိုး ဖြစ်လာစေချင်တယ်။ ကျွန်တော်ငယ်ငယ်တုန်းကတော့ စစ်ဗိုလ်ဖြစ်ချင်ခဲ့တယ်။ တက္ကသိုလ်ရောက်တော့ ပါမောက္ခဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ခုတော့ အဲဒါတွေ ဘာမှမရှိတော့ပါဘူး။ အသက်ခြောက်ဆယ်မပြည့်ခင် အမေရိကားက စာပေဘွဲ့ရယ်၊ ပညာရေးမဟာဘွဲ့ရယ်၊ နိုင်ငံရေးသိပ္ပံဘွဲ့ရယ် လိုချင်တယ်။ လုပ်လည်းလုပ်နေတယ်။ မသေခင်မှာ လူ့ဘဝကို တန်ဖိုးရှိရှိနေချင်လို့ပါ”

သူနဲ့ကျွန်တော်က မြကျွန်းညိုမှာ ကွန်းခိုတုန်းကလည်း ဆုံခဲ့သလို နယ်စပ်ဒေသတော်လှန်ရေး နယ်မြေမှာလည်း ဆုံခဲ့ကြဖူးတယ်။ ခုအချိန်မှာ သူဟာရင့်ကျက်လာတဲ့ လူလတ်ပိုင်းဖြစ်နေပါပြီ။ သူ့သားရဲ့အနာဂတ်အတွက် ပညာရေးကောင်းဖို့ သူ့မှ ရည်မှန်းချက် ကြီးမားလွန်းလှတာကို သူ့ပို့စ်တွေကိုဖတ်ရင်း သိနေရတယ်။

သူကိုယ်တိုင်လည်း သိမ်မွေ့နက်နဲပြီး အနှစ်သာရပြည့်ဝလှတဲ့ ပညာတွေကိုရဖို့ ပင်ပန်းခက်ခဲစွာ ဆည်းပူးလေ့လာနေရတယ်ဆိုတာကိုလည်း သူမကြာခဏပြောပြလို့ သိနေရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါသူပြောပြတဲ့ ပညာရေးအမြင်ကတော့ ကျွန်တော့်အတွက် ဆန်းသစ်သော အတွေးတသီတတန်းကြီးကို ပေးနေလေရဲ့။ သြော်ဒါကြောင့် အနောက်တိုင်းက ပညာရှင်တွေက မကုန်ခန်းနိုင်တဲ့ ပညာပင်လယ် ပညာသမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားရင်း လောကအတွက် အကျိုးပြုမယ့် အသိပညာ အတတ်ပညာ အသစ်သစ်တွေကို ဖော်ထုတ်ပေးနေကြတာပါလားဆိုတာကို သဘောပေါက်လာတယ်။

ကျွန်တော်တို့မှာက ပညာကိုစားဝတ်နေရေး ဖြေရှင်းရာ ယန္တရားတစ်ခုအဖြစ် ဒီနေ့ထက်တိုင် ဦးတည်သင်ကြားနေကြဆဲပဲ မဟုတ်ပါလား။ လူငယ်လူရွယ်တွေအနေနဲ့ ဘဝတက်လမ်းအတွက် အဓိကထားပြီး ပညာကို သင်ယူကြရမယ်ဆိုတာကိုတော့ ပစ်ပယ်လို့ မရစကောင်းပါဘူး။

ဒါပေမဲ့ နိုင်ငံတစ်ခု လူမျိုးတစ်မျိုး ထိပ်တန်းကို ရောက်ရေးမှာ ထမင်းစားဖို့လောက် ဦးတည်ရည်ရွယ်ပြီး သင်တဲ့ပညာရေးက အသုံးမဝင်မှန်း ကောင်းကောင်းကြီး ကျွန်တော်သဘောပေါက်မိပါတော့တယ်။ ဒါ့အပြင် ကျွန်တော်တို့ ကမ္ဘာ့အလယ်မှာ အရာရာနောက်ကျ ကျန်ရစ်ရခြင်းရဲ့ တရားခံအစစ်အမှန်ကို အရှင်လတ်လတ် တွေ့လိုက်ရလို့ ကြက်သီးမွေးညှင်းလည်း တဖျန်းဖျန်းထမိပါရဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*