လူတိုင်း သိထားသင့် တဲ့ ပုံမှန်သွေး လှူဒါန်းခြင်း ရဲ့ အံ့ဖွယ် အကျိုးကျေးဇူးများ

သွေးလှူခြင်းဟာ မွန်မြတ်တဲ့လုပ်ရပ်တစ်ခုဖြစ် ပါတယ်။ ကိုယ့် ရဲ့ သန့်ရှင်းတဲ့သွေးကြောင့် သူတစ်ပါးအသက်ဆက်ခွင့်ရတာဟာ အင်မတန်ကုသိုလ်ကြီးမားလှပါတယ်။ သွေးလှူတဲ့ကိစ္စနဲ့ ပတ်သက်လို့ တစ်ချို့က သွေးလှူတာဟာ သူတစ်ပါးအတွက်၊ သူတစ်ပါးကို အကျိုးပြုဖို့သက်သက် ဆိုပြီးတော့သာ သိကြပါတယ်။ ဒါပေမယ့် အလှူရှင် မှာလည်း သွေးလှူတဲ့အခါ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရနေတာကို လူတွေမေ့နေပါတယ်။ ဒါကြောင့် အခုအခါမှာတော့ ပုံမှန်သွေးလှူတဲ့ သွေးအလှူရှင်တွေ ခံစားရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို worldofbuzz ကနေတဆင့် ဖော်ပြပေးလိုက် ပါတယ်။

အခြေခံကျန်းမာရေးစစ်ဆေးမှုတွေ အခမဲ့ ရနိုင်တယ်

သွေးမလှူဒါန်းခင်မှာ ကျန်းမာရေးဝန်ထမ်းက သင့်ရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးပါလိမ့်မယ်။ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်နဲ့ သံဓာတ်ပြည့် မပြည့်ဆိုတာကိုပါ။ သင်ဟာ တကယ်ပဲ အခြားသူကို သွေးလှူဒါန်းနိုင်လောက်အောင် ကျန်းမာရဲ့လားဆိုတာ ဆုံးဖြတ်ဖို့ အခုလို စစ်ဆေးတာ ဖြစ်ပါတယ်။ များသောအားဖြင့် လူတွေဟာ ပုံမှန်ဆေးစစ်တဲ့သူ နည်းပါတယ်။ ဒါကြောင့် ပုံမှန်သွေးလှူတဲ့အခါမှာတော့ ကိုယ့်ကျန်းမာရေးကိုလည်း ပုံမှန်စစ်ဆေးမိမှာ ဖြစ်ပါတယ်။

နှလုံးနဲ့ အသည်းရောဂါ ဖြစ်ပွားမှုကို လျော့ကျစေတယ်

သံဓာတ်ပမာဏများတဲ့သူတွေဟာ နှလုံး၊ အသည်း နဲ့ ပန်ကရိယရောဂါတွေ ဖြစ်ပွားလွယ်ပါတယ်။ သွေးလှူတဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲက သံဓာတ်ပမာဏဟာ ပုံမှန်ညီမျှနေမှာ ဖြစ်ပါတယ်။ သွေးပုံမှန် လှူဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာလည်း သွေးဆဲလ်အသစ်အသစ်တွေက ထပ်မံဖြစ် ပေါ်လာမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် ကျစေတယ်

သွေးတစ်ခါလှူဒါန်းတိုင်းမှာ ကယ်လိုရီ (၆၅၀) လောင်ကျွမ်း ပါတယ်။ ဒါက မိနစ် (၃၀) ခန့်ပြေးတာနဲ့ ညီမျှပါတယ်။ ဒါပေမယ့် သွေးလှူလို့ ကိုယ်အလေးချိန်ကျတယ်ဆိုပြီး သွေးခဏခဏလှူလို့လည်း မဖြစ်ပြန်ပါဘူး။ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ သွေးပုံမှန်လှူဒါန်းချင်တယ်ဆိုရင်တောင် အနည်းဆုံး(၃) လခြားပြီး မှ လှူဒါန်းသင့်ပါတယ်။

ရုတ်တရက် နှလုံးရှော့ခ်ရခြင်းကို လျော့ကျ စေတယ်

အမေရိကန်ကျန်းမာရေးစာစောင်တစ်ခုက ထုတ်ပြန် တာတော့ သွေးလှူဒါန်းခြင်းဟာ ရုတ်တရက် နှလုံးရှော့ခ်ရခြင်းကို (၈၈) ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပမာဏ သိပ်များနေရင် သွေးကြောတွေဟာ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲတွေ ပိတ်ဆို့မှုများလာတဲ့အခါမှာတော့ နှလုံးရှော့ခ်ရလွယ်ပါတယ်။ သွေးလှူလိုက်ရင်တော့ သွေးထဲ သံဓာတ်ပမာဏနည်းသွားပြီး သွေးကြောတွေကို ပိုမိုကျယ်ပြန့်စေနိုင်တာ ဖြစ်ပါတယ်။ပုံမှန် သွေးလှူဒါန်းသူတွေဟာ ကင်ဆာဖြစ်ပွား နှုန်းလည်း လျော့နည်းလာကြောင်း အမေရိကန်အမျိုးသားကင်ဆာဂျာနယ်မှာ ဖော်ပြထားပါသေးတယ်။ ဒါကြောင့် သွေးလှူဒါန်းခြင်းဟာ သူတစ်ပါးတင်မဟုတ်ပဲ သွေးအလှူရှင်ကိုပါ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ကြောင်းကို ဖော်ပြပေးလိုက်ရ ပါတော့တယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*