အခု ခေတ် လူငယ်တွေ မသိတော့တဲ့ ဘုရားထဲ မှာ ဌာပနာ ထည့်သွင်းခြင်း ရည်ရွယ်ချက်

ဘုရားထဲမှာ ဌာပနာထည့်သွင်းခြင်း ရည်ရွယ်ချက်

ဘုရားထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ ဘာလို့ထည့်သွင်းထားတာတုန်း၊ တချို့လည်းပဲစဉ်းစားချင်မှစဉ်းစားမှာ၊ ဘုရားထဲမှာ ဌာပနာတယ်၊ ဌာပနာဆိုတာ ထည့်သွင်းတာ၊ထည့်သွင်းခြင်း တည်ထားခြင်းလို့အဓိပ္ပါယ်ရတယ်၊

အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာထည့်ကြတာတုန်း၊နိုင်ငံခြားသား တွေအမြင်နဲ့ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူးပြောမှာပေါ့နော်၊ ဒါတွေထည့်လိုက်လို့ဘာအကျိုးရှိမှာတုန်း၊ ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ထားပါတော့၊

ရတနာတွေထည့်တယ်၊ အခုခေတ်လည်းထည့်တာပဲ၊ ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဒါတရား နဲ့ကိုယ် ထည့်ကြတယ်၊ ဘာအတွက် ထည့်တာလဲဆိုတော့ကြည်ညိုလို့လှူတာပဲသိတယ်။

သို့သော် တကယ့်အစစ်အမှန်ကရည်ရွယ်ချက်ရှိတယ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါ ဘုရားရဲ့ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကိုခွဲဝေပြီးပေးလိုက်တယ်၊

ဓာတ်တော်တွေက ရှစ်ပြည်တောင်ရောက်သွားတယ်၊ ဒီဓာတ်တော်တွေကို အန္တရာယ် ဖြစ်မှာစိုးလို့ရှင်မဟာကဿပတို့ကအဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီးဓာတ်တော်တွေစုထည့်ထားတယ်၊

အဲဒီလို စုထည့်ထားပြီးအင်မတန်တန်ဖို းရှိတဲ့ပတ္တမြား တစ်လုံးကို အဲဒီထဲမှာထည့်ထားပြီးစာရေးထားတယ်။ “နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီးပျက်စီးလို့ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီးကိုရောင်းချပြီးပြင်ပါတဲ့”။

အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သင်္ခါရ သဘောတရားအရ တစ်နေ့ကျ ပျက်မှာပဲ၊ maintenance လိုတယ်လေ၊ maintenance အတွက်ထည့်ခဲ့တာ၊

ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက် ကောင်းတယ်ပေါ့၊ maintenance အတွက် d e p o s i t လုပ်ထားခဲ့တာ၊ ဒါတွေကိုယူပြီးဘုရားပြင်ရမယ်ပေါ့၊ အဲဒီရည်ရွယ်ချက်ပဲ၊ နောက်ကျတော့ ဒီရည်ရွယ်ချက်ကတဖြည်းဖြည်းပျောက်လာတဲ့သဘောပဲ။

မြန်မာပြည်မှာ ကုသိုလ်ရှင်တွေ ဆိုင်းဘုတ်ထိုးလေ့ရှိကြတယ်လေ၊ ဘုရားတံတိုင်း တို့ဘာတို့ညာတို့အကုန်လုံးပေါ့၊ ကုသိုလ်ရှင်တွေဘာလို့ထိုးတာတုန်း၊ နာမည်ကြေငြာတာလား၊ ရည်ရွယ်ချက်ကဘာလဲ၊ ကိုယ့်ကိုလူသိစေချင်လို့ထိုးတာလား၊ မသိလည်းဘာဖြစ်လဲ၊ လှူတာကလှူတာပဲပေါ့။

အဲဒီတော့ဆိုင်းဘုတ်ထိုးခြင်းရဲ့ရည်ရွယ်ချက်က ဘာလဲဆိုရင် အမျှဝေတဲ့သဘော၊ မြင်တဲ့ပုဂ္ဂိုလ်က သာဓုခေါ်ရ အောင်လို့၊

ဒါ့ကြောင့်မို့ရှေးတုန်းက မိသားစုကောင်းမှုဆိုတာ ရဲ့နောက်မှာ “နတ်လူသာဓုခေါ်စေသော်” ဆိုတာလေး ပါတယ်၊ အခုခေတ်တော့ အဲဒီ “နတ်လူသာဓုခေါ်စေသော်” ဆိုတာလေး ပျောက်သွားပြီး နာမည်ကြေငြာတာဖြစ်သွားတယ်၊

ဒါကပြောင်းလဲလာတဲ့သဘောပေါ့နော်၊ မူရင်းအဓိပ္ပါယ် ပျောက်သွားပြီးတော့ ပြောင်းလဲလာတဲ့သဘောဟာ ဒီလိုပဲ ရှိတယ်ပေ့ါ။ စပြီးလုပ်တဲ့အချိန်ကတော့ အဓိပ္ပါယ်ရှိတယ်၊ အဲဒီအဓိပ္ပါယ်ရှိတာတွေဟာ နောက်ပိုင်းအဓိပ္ပါယ်မသိတော့ဘူး။တစ်မျိုးတစ်မည်ပြောင်းလဲသွားတတ်တယ်။

ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသဆရာတော် ဘုရား ဟောကြားတော်မူသော ပါရာယနဒေသနာမှ

Be the first to comment

Leave a Reply

Your email address will not be published.


*