ကိုယ့်ဆီမှာတင်နေတဲ့ ဝဋ်ကြွေးတွေကို အမြန်ကျေစေသော နည်းလမ်း

ရွာတစ်ရွာမှာ လင်မယား နှစ်ယောက် ရှိတယ် ။ ယောက်ျားဟာ သိပ်ကို ကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ အတွက် တနေ့ တနေ့ သူ့မိန်းမကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်တတ် ပါတယ် ။

ယောင်္ကျားဟာ အလုပ်က ပြန်လာပြီ ဆိုတာနဲ့ မျက်နှာက တည်တင်းလို့ မိန်းမကို ဘယ်လို အပြစ်ရှာရ မလဲဆိုတာပဲ တွေးနေတတ် ပါတယ် ။ အပြစ်ကလေး တခု တွေ့တာနဲ့ နီးရာ တုတ်စွဲပြီး ရိုက်နှက်တော့တာ ပါပဲ ။

မိန်းမကလည်း သူ့ယောက်ျားကို သိပ်ကြောက်ရ ပါတယ် ။ သူအိမ်ပြန်လာ တာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားပြီး အဆင်သင့် ဖြစ်အောင် တစ်အိမ်လုံး ရေအိုးတွေကို ပြည့်အောင် ခပ် ၊ တခြံလုံး အမှိုက်တွေ ရှင်း ၊ ထမင်း ဟင်းတွေကိုလည်း အဆင်သင့် ခူးခပ်ပေးထား ပါတယ် ။

ဒါ့ပေမယ့် အပြစ် ကတော့ မလွတ်ပါဘူး ။ ထမင်းက သူပြန်မလာခင် စောစောလေး ကြိုခူးထားမိရင်လည်း “ ဒီလောက် အကြာကြီး က ထမင်းခူးထားတော့ ထမင်းတွေက အေးကုန်တာပေါ့ ၊ တနေကုန် ပင်ပန်းနေတာ ဒီထမင်း အအေးကြီး ငါက စားရမလား ၊ ဒီလောက်တောင် နားမလည်တဲ့ မိန်းမ ” ဆိုပြီး ထမင်း ပန်းကန်ကို မှောက်ပြစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကို ရိုက်နှက်တော့တာပါပဲ ။

ယောက်ျား ပြန်လာခါနီးမှ အပြေးအလွှား ထမင်းခူးထား ပြန်တော့လည်း “ ယောက်ကျားက မောမော ပန်းပန်းနဲ့ ပြန်လာတာ ဒီထမင်း အပူကြီး စားပြီး ငါ့ကို သေစေချင်လို့လား ” ဆိုပြီး ရိုက်ပြန်တာ ပါပဲ ။

မိန်းမခမျာလည်း သူ့ယောက်ျားက ဘယ်လောက်ပဲ ရိုက်ရိုက် သံယောဇဉ်ကလည်း မကုန်နိုင်၊ စိတ်ကလည်း မပြတ်နိုင်၊ နေ့စဉ် ရိုက်နှက်နှိပ်စက်နေတဲ့ ဒါဏ်ကိုလည်း ခံရတာ သိပ်ကြောက်လှတာမို့ ဆုတ်လည်း ဆူး၊ စားလည်း ရူးဘဝနဲ့ နေ့စဉ် ယောက်ျား ပြန်လာခါနီးပြီ ဆိုရင် တုန်နေအောင် ကြောက်နေရ ရှာတော့တာပါပဲ ။

ပတ်ဝန်းကျင် ကတောင် မခံမရပ်နိုင်အောင် ဖြစ်ကြရပါတယ် ။ ဒီလောက် နှိပ်စက်နေတဲ့ ယောက်ျား နင်ထား ခဲ့ပါတော့လား ဆိုလည်း မထားခဲ့နိုင်ပါဘူး ။ သူမ မပြတ်နိုင်ပါဘူး ။

ဒါနဲ့ နောက်ဆုံး ကြံရာ မရတော့တဲ့အခါ ရွာဦးဘုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးကို အကျိုး အကြောင်းသွားပြီး လျှောက်ရရှာပါတယ် ။ နောက်ဆုံး တော့လည်း အားကိုးရာက သံဃာရတနာပါပဲ ။

အကြောင်းစုံကို သိရတဲ့ အခါ ဆရာတော်ကြီးက မေးပါတယ် ။

“ ဒကာမရဲ့ ယောက်ျားက ဘယ်အချိန်တွေမှာ အရိုက် များတတ်သလဲ ”

“ ရိုက်တာတော့ အချိန်တိုင်း လိုလိုပါပဲ ဘုရား ၊ ဒါပေမယ့် သူထမင်း စားခါနီးရင် ပိုပြီး ရိုက်တတ်ပါတယ် ဘုရား ”

ဒါနဲ့ပဲ ဆရာတော်ကြီးက အနီးအနားမှာ ရှိနေတဲ့ အုန်းလက်အရိုးတွေကို စုစည်းပြီး လုပ်ထားတဲ့ အုန်းတံမြက်စည်းကို ပေးပြီး

“ ရော့ နင့်ယောက်ကျား ထမင်းစားဖို့ စားပွဲနားမှာ ထိုင်တာနဲ့ အဲဒီတံမြက်စည်းကို အနားမှာသာ ချထားပေးလိုက် ” ဒီလိုပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲကို ကြွဝင်သွားပါတော့တယ်။

အမျိုးသမီးခမျာလည်း ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို မသိနားမလည်သော်လည်း အကြောင်းတော့ ရှိမှာပဲ ဆိုပြီး တံမြက်စည်းလေး ပိုက်လို့ အိမ်ကို ပြန်လာခဲ့ပါတယ် ။

ဆရာတော်ကြီး မိန့်ခဲ့တဲ့ အတိုင်း သူ့ယောက်ကျား ထမင်း စားခါနီးလို့ အပြစ်တစ်ခုခုရှာတော့မယ် ဆိုတာနဲ့ အမျိုးသမီးက တံမြက်စည်းလေးကို မသိမသာ အနားကို တိုးပးထားလိုက်တယ် ။ အမျိုးသားကလည်း အနားမှာ အစဉ်သင့်ရှိနေတဲ့ တံမြက်စည်းနဲ့ ကောက်ရိုက်တော့တာ ပါပဲ ။

ဒီလိုနဲ့ တလလောက် ကြာလာတဲ့ အခါမှာ ….. အမျိုးသားရဲ့ ရိုက်ပုတ် နှိပ်စက်မှုတွေက တဖြည်းဖြည်း နည်းနည်းသွားပြီး နောက်ဆုံး လုံးဝ မရိုက်တော့ ပါဘူး ။

အမျိုးသမီးက စမ်းသပ်ကြည့်ပါတယ် ။ ထမင်းကို စားလို့ လုံးဝ မကောင်းအောင် ပျော့အောင် ချက်ကြည့်တယ် ၊ မနက်ကတည်းက ချက်ထားတဲ့ ထမင်းအေးကြီး ချကျွေးကြည့်တယ် ၊ ဘယ်လိုပဲ စမ်းစမ်း မရိုက်တော့ပါဘူး ။

ဒါနဲ့ပဲ နောက်ဆုံး အမျိုးသမီးက သူ့အမျိုးသားကိုပါ ခေါ်ပြီး ကျေးဇူးရှင် ရွာဦးကျောင်း ဆရာတော်ကြီးထံ အကြောင်းစုံ သွားပြီးလျှောက်ထားတဲ့ အခါမှာတော့ …. ဆရာတော်ကြီးက မိန့်ပါတယ် … “ အဲဒါ ဝဋ်ကြွေးကျေအောင် လုပ်ပေးလိုက်တာ” တဲ့ ။

ဆရာတော်ကြီး ဆက်ပြီး မိန့်တာက
” ဘုရားရှင် လက်ထက်တော် တုန်းကလည်း ဒီလိုပဲ ဒကာတို့ ၊ ဒကာမတို့ ။ အတိတ်ဘဝက နွားဖြစ်ခဲ့ဖူးတဲ့ လင်ယောက်ကျားနဲ့ နွားရှင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတို့ အကြင်လင်မယားဖြစ် ပြန်လည် ဆုံကြတဲ့ အခါမှာ အတိတ်က နွားရှင် ဖြစ်ခဲ့စဉ်က နေ့စဉ် ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးကို နွားဖြစ်ခဲ့ဖူးတဲ့ အမျိုးသားက နေ့တိုင်း ရိုက်နှက်နေတာမို့ ဘုရားရှင်က အခု ဘုန်းကြီးပေးတဲ့ နည်းလေး ညွှန်ကြားပေးတော် မူခဲ့တယ် ။

တုတ်တစ်ချောင်းနဲ့ တစ်ချက်ခြင်း ရိုက်နေတော့ ဝဋ်ကြွေးက တော်တော်နဲ့ မကျေဘူးပေါ့ ။ အုန်းလက်ရိုး တံမြက်စည်းက တစ်ချောင်းကို အုန်းလက်ပေါင်း ရာချီပြီး စုစည်းထားတာမို့ တစ်ချက် ရိုက်တာနဲ့ အနည်းဆုံး အချက် ငါးဆယ်လောက် ကြေပါတယ် ။

ဒါကြောင့် ဘုန်းကြီးလည်း ဒကာမက လာပြီး လျှောက်ထားတော့ ဘုရားပေးတဲ့ နည်းလေး အတိုင်းပဲ ပေးလိုက်တာပါ ။ ကဲ ခုတော့ ဝဋ်ကြွေးတွေလည်း ကျေသွားကြပြီမို့ ပျော်ပျော်ရွှင်ရွှင် နေကြပေရော့ ” ။

အဲဒီလောက်ပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲ ကြွဝင်သွား ပါတော့တယ် ။

ကဲ စာဖတ်ပရိသတ်လည်းပဲ ဒီနည်းလေးကို နည်းယူပီး သုံးကြမယ် ဆိုရင်တော့ …..

တခါတလေ ကိုယ့်မှာ အပြစ်မရှိပဲ အပြစ်တင်ခံရတဲ့ အခါ အပြစ်ပြန်ပီး မတင်ပါနဲ့ ။ ဝဋ်ကြွေး မကျေဖြစ်ပါလိမ့်မယ် ။ များများလေးသာ တင်ပါစေ ။ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေလိမ့်မယ် ။

ကိုယ် တန်ဖိုးအထားဆုံး ကိုယ့်သိက္ခာတရားကို ရစရာ မရှိအောင် နှိမ်ချတဲ့ စကားတွေ အပြောခံရတဲ့ အခါလည်း ကြုံရပါလိမ့်မယ် ။ ပြန်မပြောပါနဲ့ ။ ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ် ။ များများလေးသာ ပြောပါစေ ။ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ် ။

ကိုယ်က ကျေးဇူးပြုဖူးသူက ကိုယ့်ကျေးဇူးကို အခါခါ စော်ကားတာမျိုးလည်း ကြုံရပါလိမ့်မယ် ။ ကျေးဇူးရှိလို့ ကျေးစွတ်တယ်လို့ မပြောလိုက်ပါနဲ့ ။ ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ် ။ များများလေးသာ စော်ကားပါစေ ။ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*