အမျိုးသားတစ်ယောက်ရဲ့ အောင်မြင်မှုဟာ လက်တွဲဖော်အပေါ်မှာလည်း မူတည်နေ

အမျိုးသားတစ်ယောက် ဒါမှမဟုတ် အမျိုးသမီးတစ်ယောက်အတွက် လက်ထပ်ခြင်းဆိုတာဟာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ လက်ထပ်ခြင်းက ဘဝကို ပိုကောင်းသွားစေသလို ပိုလည်း ဆိုးသွားစေနိုင်ပါ တယ်။ ပိုချမ်းသာသွားနိုင်သလို ပိုဆင်းရဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်လည်း အိမ်ထောင်ပြုတာဟာ ထီထိုးသလိုပဲ ဆိုကြတာပါ။

ကျွမ်းကျင်သူတွေရဲ့ သုတေသနပြု လေ့လာချက်တွေအရဆိုရင်လည်း အောင်မြင်ရနေတဲ့ အမျိုးသားတိုင်းရဲ့ နောက်ကွယ်မှာ အမျိုးသမီး တစ်ယောက် ရှိနေတတ်တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသားကို ပါရမီဖြည့်ပေးနေတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်လို့ ဆိုလိုတာပါ။ ဥပမာ နာမည်ကျော်အမေရိကန်သမ္မတဟောင်း ဘားရတ် အိုဘားမားအတွက်ဆိုရင်လည်း သူ့ရဲ့ဇနီးသည် မစ်ချယ်အိုဘားမားဟာ တကယ့်ကို ပါရမီဖြည့်ဖက်ကောင်း တစ်ယောက် ဖြစ်ပါတယ်။

လူတစ်ယောက်အတွက် အောင်မြင်မှုကို ပုံဖော်ဖန်တီးရာမှာလည်း လက်တွဲဖော်က အရေးကြီးတဲ့အပိုင်းက ပါဝင်ပါတယ်။ Carnegie Mellon University က သိပ္ပံနည်းကျလေ့လာတွေ့ရှိချက် တစ်ခုမှာလည်း ကိုယ့်ကို ပါရမီဖြည့်ပေးမယ့် လက်တွဲဖော်ရှိနေသူက ဘဝမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများတယ်လို့ ဆိုပါတယ်။ လက်တွေ့ကျကျ ကူညီထောက်ပံ့ပေးတာမျိုး မဟုတ်ရင်တောင် စိတ်ဓာတ်ရေးရာမှာ အားပေး ဖေးမမှုဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။

အဲဒီလိုသုတေသနပြုရာမှာလည်း စုံတွဲပေါင်းရာနဲ့ချီကို လေ့လာခဲ့ကြတာဖြစ်ပြီး အချိန်ကာလတစ်ခုအထိ စောင့်ကြည့်လေ့လာခဲ့ကြတာပါ။ လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ သူ့ရဲ့လက်တွဲဖော်အပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိ မူတည်နေကြောင်းကို သက်သေပြနေတဲ့ နာမည်ကျော်စုံတွဲတွေလည်း ရှိနေပါတယ်။

အကောင်းဆုံးဥပမာတစ်ခုကတော့ ဖေ့စ်ဘွတ်ခ်တည်ထောင်သူအဖြစ် လူသိများတဲ့ Mark Zuckerberg နဲ့ သူ့ရဲ့ဇနီးသည် Priscilla Chan တို့ပါပဲ။ Chan ဟာ Zuckerberg ရဲ့ ဘဝအတွက် အရေးပါဆုံးသူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုဘဝကို တည်ဆောက်ရာမှာလည်း အရေးကြီးတဲ့နေရာက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ထပ်နာမည်ကျော်စုံတွဲတစ်တွဲကတော့ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ပါပဲ။

အမျိုးသားတစ်ယောက်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ပါရမီဖြည့်ဖက်အမျိုးသမီးတစ်ယောက် ရှိနေတတ်သလို အောင်မြင်တဲ့ အမျိုးသမီး တစ်ယောက်မှာလည်း ပါရမီဖြည့်ပေးတဲ့ လက်တွဲဖော်တစ်ယောက် ရှိနေတတ်ပါတယ်။ နာမည်ကျော်အဆိုတော် Beyonce နဲ့ သူမရဲ့ခင်ပွန်း နာမည်ကျော်ရက်ပါအဆိုတော် Jay-Z တို့က အဲဒီအတွက် အကောင်းဆုံးဥပမာတစ်ခု ဖြစ်ပါတယ်။

Beyonce က သူမရဲ့အောင်မြင်မှုအဆင့်တိုင်းမှာ သူမခင်ပွန်းရဲ့ ထောက်ပံ့ကူညီမှုတွေ အများကြီးပါဝင်ကြောင့် ဖွင့်ဟခဲ့ဖူးပါတယ်။ Jay-Z ဟာ Beyonce အတွက် အခြေခိုင်တဲ့အုတ်မြစ်တစ်ခုကို ချပေးခဲ့သူဖြစ်ကြောင်း၊ အဲဒီ အမျိုးသားမရှိဘဲ သူမဘဝလည်း ဒီလိုအောင်မြင်တဲ့ အမျိုးသမီး ဖြစ်မလာနိုင်ကြောင်းကိုလည်း သူမက ထုတ်ပြောခဲ့ပါတယ်။

တစ်ယောက်တည်းသမားတွေ မအောင်မြင်နိုင်တာတော့ မဟုတ်ပါဘူး။ တစ်ကိုယ်တည်းရပ်တည်ပြီ အောင်မြင် နေသူတွေလည်း ဒုနဲ့ဒေပါပဲ။ ဒါပေမဲ့ ပါရမီဖြည့်ပေးမယ့် လက်တွဲဖော်ရှိခြင်းကတော့ သင့်ဘဝရဲ့ အောင်မြင်မှု ကို ပုံဖော်ဖန်တီးဖို့အတွက် လက်တွေ့ကျတဲ့ ကူညီထောက်ပံ့မှုမျိုး ဒါမှမဟုတ် စိတ်ဓာတ်ရေးရာအရဖြစ်စေ၊ တွန်အားတစ်ခုခုကို ဖြစ်လာစေတာကြောင့် အောင်မြင်မှုကို ပိုမိုရရှိစေနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*