ဧရာဝတီတိုင်း မိန်းမလှကျွန်း ပေါ်က ကမ္ဘာ့အရက် စက်ဆုံး မိကျောင်းကြီး များ အကြောင်း

မပြောချင်ပေမယ့်လည်း ပြောရဦးမယ်။ မိန်းမ လှကျွန်းဒေသမှာ မိကျောင်းတွေ ရှင်သန်ကျက်စားနေခဲ့တာ ဟိုး ပဝေဏသီ ကတည်းက သူ့ သဘာဝ အတိုင်းနေခဲ့ကြတာ။ နောက်ပိုင်းမှ လူနေထူထပ်ပြီး လူတွေကရောက်လာကြတာ။ မိကျောင်းဆိုတာ မိတ်လိုက်ချိန်ရှိတယ်။

ဥဥချိန်ရှိတယ် ။ သားပေါက်ချိန် ရှိတယ်။ သက်ဆိုင်ရာ ဝန်းကျင်သားငှက်ဌာန ကလည်း ပညာပေး ဟောပြောပွဲတွေ မိတ်လိုက်ရာသီ March / April / May စကတည်းက ရွာတွေထိဆင်းပြီး ဟောပြော ပွဲလုပ်တယ်။

ပုံမှန်ဆို ဧက ၃၃၇၇၉ ရှိ တဲ့ ဒီကျွန်းကြီးထဲမှာ သဘာဝက ပေးထားတဲ့ Ecosystem ကောင်းမွန်မှု့ကြောင့် ကျွန်းထဲမှာ ကျက်စားနေထိုင်ကြတဲ့ မိကျောင်းအထီးတွေရော အမတွေရော က ကျွန်းထဲကနေ အပြင်မထွက်ဘူး။

အဲ သူတို့ မိတ်လိုက် ရာသီဆို အမ တွေကလည်း နန့်ပြီး ကြုံရာ ချောင်းတွေ လျှောက်ထွက် နောက်က အထီးတွေက ပိုးပန်းလိုက်ကြ။ ရိုးရိုးလေး တွေးကြည့်ရင် ကျွန်းထဲနေတဲ့အချိန် ကောင်းမွန် လုံလောက်တဲ့ ဒီရေတောတွေရှိတော့ အစာမရှားဘူးပေါ့။ ခုလို မိတ်လိုက် ချိန် ကျွန်းပြင်ထွက်တော့ သူတို့က

တွေ့တဲ့ရွာ နွား ဝက် ဘဲ ကျွဲစတာတွေ ကို လစ်ရင် လစ်သလို တက်ဆွဲကြတယ်။ အစာ ရှားတာရယ် ကိုယ်လိုက် နေတဲ့ ပိုးပန်းနေတဲ့ မိကျောင်းမ သဘောကျ ဖို့ရယ်အစွမ်းပြကြတယ်ပေါ့။မိချောင်းကိုက်ခံရတဲ့ လူအများစုကို လေ့လာကြည့်တဲ့အခါ ဒီအချက်တွေ ကို သွားတွေ့တယ်။

၁။ အလုပ်တခုကို အချိန်တခု သတ်သတ်မှတ်မှတ်ထားပြီး ရေစပ်မှာ လုပ်တဲ့ သူတွေ

၂။ ဘဲစာ အချိန်မှန်ကျွေးမယ် ဥပမာ ညနေ၅နာရီဆို ဘဲစာကျွေးနေကြလူ မြစ်ကမ်းနား မှာနေတဲ့သူ

၃။ မိကျောင်းတွေနေတဲ့ အရပ်မှာ ရိုးရာ ယုံကြည်မှုကို အားကိုးပြီး ရေထဲဆင်းလမ်းလျှောက်ပြီး ကမ်းနားတလျှောက် ပိုက်ထောင်တဲ့ “ဘဝင်း” ငါးဖမ်းနည်းနဲ့ ငါးဖမ်းတဲ့သူ၄။ မိန်းမလှကျွန်းထဲ ခိုးဝင်ပြီး ချောင်းငယ် မြောင်းငယ် များအကြား ဂဏန်းထောင်သူ သစ်ခိုးခုတ်သူ

၅။ လှေပေါ်ကနေ ရေထဲ ခြေထောက်ချပြီး ရေကို ခြေထောက် နဲ့ ယက်ပြီး ခြေဆေးတဲ့သူ။

အဲ့ ၅မျိုးက လွဲရင် ကျန်တဲ့ သူ လှေပေါ် ထိုင်နေတဲ့သူကို မိချောင်း တက်ဆွဲဖူးလား ခင်ဗျားတို့ဖြေပါ။ Crocodylus Porosus လို့ ခေါ်တဲ့ ငမိုးရိပ်မိကျောင်းမျိုးဟာ ကမ္ဘာမှာ ဒေါသအကြီးဆုံး ၊အန္တရာယ်အပြုဆုံး ၊ အရက်စက်ဆုံးပါ။ မိကျောင်းသားရေ ဈေးကွက်မှာလည်း ဈေးအကြီးဆုံး သားရေ အရည်အသွေးပိုင်ဆိုင်ထားတဲ့ မိကျောင်းမျိုးပါ။

ကျွန်တော် ဒီကျွန်းထဲကို နိုင်ငံခြားသား ဧည့်သည် ထောင်ချီနဲ့ အခေါက်ပေါင်း မရေတွက်နိုင်အောင် ရောက်ခဲ့ လည်ခဲ့ ကျင်လည်ခဲ့ပါတယ်။ အန္တရာယ်များသလို စိတ်လှုပ်ရှားစရာ အလွန်ကောင်း သလို နေတတ်ရင် ဘေးကင်းပါတယ်။ အဓိက က ကိုယ်နေထိုင်ရာ

ပတ်ဝန်းကျင် ရဲ့ သားရဲတိရိစ္ဆာန်တွေ ရဲ့ စရိုက် အမူအကျင့်ကို နားလည်လေ့လာထားဖို့ပါ။ ကျွန်တော့် မျက်စိရှေ့တင် ကိုက်ခံခဲ့ ရတာ ကိုလည်း တွေ့ဖူးတာ ခနခနပါ။ တခါတလေ အကိုက်ခံရပြီး အပြင်ကို သတင်းမရောက်လို့ မသိလိုက်ရတာတွေ ဒုနဲ့ဒေးပါ။

တိရိစ္ဆာန်သည် တိရိစ္ဆာန်လောက် ပဲ အသိတရားရှိမှာပါ။ လူဆိုတာ သတ္တဝါတွေ ထဲမှာ အသိဉာဏ်အမြင့်မားဆုံးပါ။ မိချောင်း တိုက်ခိုက်ခံရတဲ့ လူတော်တော်များများ ကြည့်ရင် အပေါ် ၅ ချက်ကြောင့်ပါ။ တခါတလေ မိကျောင်းက ချောင်းထဲမှာ

အကောင်လိုက်ကြီး ဖော်ကူးနေတာကို ကမ်းစပ်ရေထဲ မှာ ပိုက်ချနေကြတာ မမြင်ချင်မှ အဆုံးပါ။ အန္တရာယ် မရှိဘူးလို့ ရူးရူး မိုက်မိုက်ယုံကြည်တတ်တဲ့ လူက သက်သက်တစု ရှိနေတာ အသေချာပါပဲ။ သတိတချက် လစ်ရင် မှားတဲ့ကောင် ခံကြေးပါ။ကျွန်တော့် Tour သွားတဲ့ အချိန် တခါတလေ သူတို့ကို အနား ထိကပ်ပြီး ၆ ပေလောက်ပဲ ဝေးတဲ့နေရာကနေ စိမ်ပြေနပြေ ကြည့် ပါတယ်။ မှန်ပါတယ် ။

အန္တရာယ်များ ပါတယ်။ အသားလွတ်တော့ ဒုက္ခမပေးပါ။ ကိုယ်ကြည့်တဲ့ နေရာရယ် သူတို့ ရှိနေတဲ့ နေရာရယ် သူတို့ပြန်ဆင်း ရမယ့် လမ်းကြောင်းရယ် သိရင် အဆင်ပြေပါတယ်။ သူ့ပြေးပေါက်ပိတ် ရပ်ရင်တော့ ကံပေါ့။ မိချောင်းဟာ သူ့အစာ တခုကို ချောင်းမြောင်းဖို့ ၃ရက် ၄ရက် သေချာစောင့်ကြည့်လေ့လာပြီး ပိုင်ပြီဆိုမှ တိုက်ခိုက် ပါတယ်။

တချို့ Tour Company တွေ ကြုံရာ Guide နဲ့ ဒီခရီးစဉ်ကို လွှတ်ကြပါတယ်။ တော်တော်အံ့သြရပါတယ်။ တောအုပ် တောခေါင်း တယောက်အမြဲပါတယ် ဆိုပေမယ့် အရေးကြုံရင် လူတိုင်း ကိုယ့်အသက်အတွက်ပဲ ကြည့်ကြမှာပါ။ ငြင်းလို့ မရပါဘူး။

လိုက်လာတဲ့ Guide ဟာ နယ်မြေကျွမ်းရပါတယ်။ ရေချိန်ကြည့်တတ် တွက်တက်ရပါတယ်။ နယ်မြေမကျွမ်းလို့ လမ်းမှားရင် ၆ နာရီပြန်စောင့်ပေတော့ပဲ။ တချို့ချောင်းတွေက ရေကျချိန်ဆို ရေလုံးဝမရှိတော့ပဲ လှေကြီးဒီတိုင်းတင်နေရင် အန္တရာယ်ဆိုတာ ဂျိုမပါပါဘူး။

ကိုယ်ခေါ်တဲ့ စက်လှေသမားက အထာမနပ်ရင် သွားမောကြီးဖြစ်မယ့် ခရီးဖြစ်မယ့်အပြင် အန္တရာယ်ထဲ ဆင်းလိုက်သလိုပါပဲ။ တချို့ Tour တွေဆို ၄ရက်လောက်နေပြီး ဘာမိကျောင်း မှ မတွေ့ကြပါဘူး။ ရှင်းပါ တယ်။ နယ်မြေ မကျွမ်းရင် ဆုံးဖြတ်ချက်မှားရင် အောင်မြင်တဲ့ ခရီးစဉ် တခု မဖြစ်နိုင်ပါဘူး။

ဒီတော့ သိထားရမှာက မိကျောင်းဟာ ငါး ပုဇွန် တွေ ထက် နို့တိုက်သတ္တဝါတွေ ကို စားရတာ ပိုနှစ်သက်ပါတယ်။ Mammal တခါ စားပြီးရင် တနှစ်လောက် အစာမစားပဲ အေးဆေး နေနိုင်လို့ပါ။ နို့တိုက်သတ္တဝါ သည် အန္တရာယ်ဖြစ်ဖို့ ပိုနီးစပ်ပါတယ်။

ခု မိန်းမ လှကျွန်းပတ်ဝန်းကျင်မှာ ရွာပေါင်း ၅၀ကျော် ရှိနေပြီး တနှစ်ကို ၃ ယောက် ၄ယောက် မိကျောင်း အကိုက်ခံရလို့ သေပါတယ်။

မိကျောင်းဟာ သူ့လက် ၂ ဖက် ထောက်လို့ရတဲ့ အနေထားမျိုးမှာ အန္တရာယ်တော်တော်ကြီးပါတယ်။ ရေထဲမှာ သွားနေချိန်ထက် ကမ်းစပ်တဝက် ရေတဝက်ရှိနေချိန်ဟာ Ready to fight ပါ။ ပြေးရင် လေးဘက်ထောက်ပြီး ပြေးနိုင်ပြီး ခွေးတောင်မလွတ်ပါဘူး။

သူ့ရဲ့ ကိုက်ခဲခံရ အပြီး ဆွဲရမ်းလှုပ်ခါနိုင်တဲ့ ပြင်းအားဟာ နွားတကောင်ကိုတောင်တစစီ ဖြစ်သွား စေနိုင်ပါတယ်။ လူကတော့ ထည့်မပြောတော့ပါ။

အဲ့တော့ သွားသတိ လာသတိ စားသတိနေရမှာပါ။ ရေဘယ်လောက် တိမ်တိမ် မပေါ့ဆသင့်ပါ ။ မမြင်ရလို့လည်း မရှိဘူးလို့ မပြောနိုင်ပါ။ ငမိုးရိပ်မိကျောင်းမျိုးဟာ ပေ၂၀ကျော်ခန့် ထိ ကြီးမားကြလို့ အန္တရာယ်အလွန်ကြီးပါတယ်။ မျက်စိရှေ့မှာတင် ဘာမှ မလုပ်နိုင်ပဲ ကြည့်နေခဲ့ ရတဲ့ အခိုက်တန့်တွေ အများကြီးပါ။

အဲ့တော့ မိန်းမလှကျွန်းနဲ့ နီးတဲ့ဒေသမှာ နေထိုင်ကြသောမိတ်ဆွေများ ရေနဲ့နီးစပ်တဲ့အလုပ် လုပ်ကိုင်နေကြသူများ “အသိ” နဲ့ “သတိ” ကို ယှဉ်တွဲထားပါ။

အသက်ကို ဉာဏ်စောင့်ပါတယ်။ ဖြစ်လာမှ ဘာမှမလုပ်တတ်ပါ။ ဘယ်သူမှ မကယ်နိုင်ပါ။ ဒီတိုင်းသွားနေရင် လှေကိုအမြီးနဲ့ရိုက်ချပြီး အန္တရာယ်ပြုတာတို့ အောက်ကနေပင့်ပြီး လှေမှောက်အောင်လုပ်တာတို့ တခါမှ မကြားခဲ့ မကြုံခဲ့ဖူးပါ။ လူကို တက်နိုင် သမျှ ရှောင်ပါတယ်။

မိန်းမလှ ကျွန်းအနီးနေထိုင်ကြသော ကျွန်တော့်မိတ်ဆွေအပေါင်းအသင်းများ အန္တရာယ် ကင်းရှင်းပြီး အသက်ကို စောင့်ရှောက်အပ်သည့် ဉာဏ်အသိတရားများရှိကြပါစေ။

လေးစားစွာဖြင့် စိုးမိုးအောင် (ဧည့်လမ်းညွှန်)

Be the first to comment

Leave a Reply

Your email address will not be published.


*