နောက်ပိုင်းလူတွေမသိလောက်တဲ့ ရွှေတိဂုံစေတီ မီးအကြီးအကျယ်လောင်မှု

ဒီဖြစ်ရပ်ကြီးသည် ရာဇဝင်အဆက်ဆက် မည်သည့်မင်းလက်ထက်ကမှ မကြုံဖူးသော ဖြစ်ရပ်ပင်ဖြစ်သည်။ ထိုအကြောင်းကို မှတ်မိသေးသူ တချို့ ရှိနိုင်သော်လည်း နောက်ပိုင်းလူ အများစု သိရှိတော့မှာမဟုတ်ချေ

ရွှေတိဂုံစေတီကြီး မီးခခံခဲ့ရခြင်းကို နောက်ပိုင်းလူများ သိရှိစေရန်ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြလိုက်ပါသည်။ အရင်တုန်းကတော့ ရွှေတိဂုံစောင်းတန်းများတွင် မီးလောင်သည့်ပုံများကို ချိတ်ဆွဲထားခဲ့ဖူးပါသည်။

မီးစလောင်သည့်အချိန်မှာ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက် (မြန်မာသက္ကရာဇ် ၁၂၉၂ခု ၊ တပေါင်းလဆုတ် ၄ ရက်နေ့) သောကြာနေ့ မွန်းလွဲ ၃ နာရီတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်ခြင်း၏ အစမှာကား “အမှိုက်ကစ ပြသာဒ်မီးလောင်” ဟူသော စကားလို အမှိုက်ပုံမီးရှို့ရာမှ စတင်လောင်ကျွမ်းခဲ့သည် ဟု သိရသည်။

အမှိုက်ပုံမှ မီးသည် ပထမအစတွင် ဘုရားစောင့်ပြာတာ၏ တဲကလေးကို ကူးစက်လောင်ကျွမ်းခဲ့သည်။ ဒုတိယ ၎င်းတဲကလေးမှ သီလရှင်တဲများ ၊ လက်ဘက်ရည်ဆိုင်များ ၊ ဦးနာဂိန္ဒမဏ္ဍပ် များလောင်ကျွမ်းကုန်သည်။ ထိုအချိန်တွင် အနောက်လေကလည်း ပင့်ပေးသဖြင့် မီးပွားမီးညွန့်တို့သည် အနီးရှိ အပင်များကို မီးလောင်၍ အနောက်ဘက်ရင်ပြင်ပေါ်မှ ဇရပ်များကို စတင်လောင်ကျွမ်းခဲ့သည်။

ပထမဆုံး လောင်ကျွမ်းခံခဲ့ရသည့် တန်ဆောင်းမှာ သိမ်ကြီးဈေး ၂ပြား တန်ဆောင်းဖြစ်သည်။ ၂ပြား တန်ဆောင်းဟု ခေါ်ရခြင်းမှာ သိမ်ကြီးဈေး ဈေးသူ ဈေးသားများ တစ်နေ့ ၂ပြားစီ စုစောင်းကောက်ခံကာ တည်ဆောက်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ အဖြစ်အပျက်မှာ မိနစ်ပိုင်းမျှပင်ကြာသည်။

ထိုအချိန်တွင် ဘုရားလူကြီးများ နှင့် လူငယ်များရောက်ရှိလာကာ မီးကိုငြိမ်းသတ်ကြလေသည်။ ထိုအချိန်ထိ ရန်ကုန်မြူနီစီပယ် မီးသတ်သမားတို့မှာ ရောက်မလာကြသေး။ လူအားနှင့် မီးအား ငြိမ်းရန် ကြိုးစားသော်လည်း အမြင့်တွင်စွဲသောမီးဖြစ်သောကြောင့်လည်ကောင်း၊ တက်ရောက်ရန်လည်း ခဲယဉ်းသဖြင့် လည်ကောင်း ၊ လေကလည်းပင့်နေသောကြောင့်လည်ကောင်း မီးအားမငြှိမ်းနိုင်ခဲ့ပါပေ။

မီးသည် ၂ပြား တန်ဆောင်းမှ တဆင့် မျက်နှာချင်းဆိုင်မှ ဦးအောင်ကြီး အာရုဏ်ခံတန်ဆောင်းသို့ ကူးစက်ပြီးသည့်နောက် ကိုဇမောင်တန်ဆောင်း၊ဒေါ်ဖွားတန်ဆောင်း ၊ ဦးဘိုးကျော်တန်ဆောင်းများလည်း လောင်ကျွမ်းခံခဲ့ရသည်။ ထိုမှ တဖန် လေအားကလည်း ပိုမိုပြင်းလာပေရာ စေတီတော်ကြီးလုံးပတ်ရှိ ရွှေချရန်ကာရံထားသော ငြမ်းများကို မီးကူးစက်လောင်ကျွမ်းပြန်သည်။

စေတီတော်ကြီးလုံးပတ် မီးဟပ်သောအခါ မကြည့်ရက်ကြသော လူငယ်လူရွယ်များက အသက်ကိုပင် အသက်မမှတ် ၊ တက်ရောက်ငြိမ်းသတ်ကြသဖြင့် ဘုရားကြီးတစ်ခုလုံးဘေးမှ ငြမ်းများ မီးမလောင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတဖန် အရှေ့ဘက်တန်ဆောင်းများ ၊ မြောက်ဘက်တန်ဆောင်းများ အသီးသီးလောင်ကျွမ်းရပြန်သည်။

ကုန်းတော်ပေါ်တွင် ရေသည်မရှိ၊ အနောက်ဘက်မုဒ်ရှိကန်မှ ရေကို ခဲရာခဲဆစ်တင်ရသဖြင့် မီးငြိမ်းရသည်မှာ အတော်ပင် ခက်ခဲခဲ့ကြောင်း သိရသည်။ မီးသတ်သမားများ ၊ လူပဂ္ဂိုလ်များ နှင့် ရဟန်းများသည် ဝိုင်းဝန်းပူးပေါင်းကာ အသက်စွန့်၍ မီးအား ငြိမ်းသတ်ရန်ကြိုးစားခဲ့ကြသည်။ တချို့ကိုယ်တော်များ နှင့် လူငယ်များသည် မီးလောင်နေ့သည့် နေရာများသို့ အတင်းတက်၍ ပက်ခဲ့သည်အထိ ဘုရားကြီးအားကာကွယ်လိုစိတ်ပြင်းထန်ခဲ့သည်။

အရှေ့ဘက်သို့ မီးကူးပြီဟု ကြားသည့်အခါ စိန်ဖူး ၊ ငှက်မြတ်နား နှင့် အဘိုးထိုက်ဘဏ္ဍာများထားရာ ပရိဘောဂတိုက်ကြီးအတွက် စိုးရိမ်နေကြသည်။ ထိုပရိဘောဂတိုက်ကြီးရှေ့တွင် ဂေါ်ရာစစ်သား ၁၅ ယောက်တို့က လှံစွပ်သေနတ်များနှင့် စောင့်ရှောက်ဝိုင်းထားကြကြောင်း သိရသည်။

ရဟန်းရှင်လူ လူအများညီညွတ်မှုကြောင့်သာ မီးသည် ည၁၀ နာရီခန့်တွင် ငြိမ်းသွားခဲ့ရသည်။ သို့မဟုတ်ပါမှု ရွှေတိဂုံစေတီတွင် ဇရပ်တန်ဆောင်း မှန်သမျှ မီးထဲတွင် ပါသွားနိုင်သည်။

မီးငြိမ်းပြီး နောက်တစ်ရက်တွင်ကား သတင်းစာ ၊ ဂျာနယ်အစောင်စောင်တို့တွင် သတင်းဓာတ်ပုံများ ဝေေ၀ဆာဆာဖြင့် ဖော်ပြပြီး ဘုရားကြီးအား ပြန်လည် မွမ်းမံပြင်ဆင်ကြရန် တိုက်တွန်းမှုများပြုလုပ်ကြသည်။ စီးပွားရေးသမားများကလည်း မိမိတို့၏ကုန်ပစ္စည်းများတွင် ဘုရားကြီးမီးလောင်သည့်အကြောင်းကို စပ်လျှဉ်း၍ ထည့်သွင်းကြော်ငြာခဲ့ပြီး တတ်နိုင်သမျှအလှူငွေများ ပါဝင်ခဲ့ကြသည်။

ယနေ့တွင်တော့ ရွှေတိဂုံစေတီတော်ကြီး နှင့် ဝန်းကျင်တဝိုက်သည် ရွှေရောင်တဝင်းဝင်း နှင့် သပ္ပါယ်လှပနေသော်လည်း အရင်တချိန်က ဤသို့ ဤနှယ်ကြီးကြီးမားမား မီးလောင်ကျွမ်းခဲ့ဖူးကြောင်း ဗဟုသုတအနေ နှင့် တင်ပြလိုက်ပါသည်။

ကိုးကား

ကျိန်စာသင့်တဲ့ သမိုင်းပုံရိပ်များ – သန်းထွန်း(လှည်းကူး)

မြန်မာ့စွယ်စုံကျမ်း

Be the first to comment

Leave a Reply

Your email address will not be published.


*