အားလုံး ဘေးကင်းစေဖို့ ပုံမှန် ပိုးသတ်ပေးသင့်တဲ့ နေရာများ

ကိုဗစ်-၁၉ ဆိုတဲ့ ရောဂါက လွန်ခဲ့တဲ့နှစ်တွေတုန်းက စိတ်ကူးနဲ့တောင် မတွေးဖူးတဲ့ပုံစံမျိုးနဲ့ လူသားတွေရဲ့ဘဝကို ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်စေခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ကထွက်တဲ့ သေးငယ်တဲ့ အမှုန်အမွှားလေးတွေ၊ လေထုထဲကနေ၊ ပိုးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်ပါတယ်။ သတိထားရမှာက တချို့မျက်နှာပြင်တွေမှာဆိုရင် ဗိုင်းရပ်စ်က နာရီအတော်ကြာ ရှင်သန်နေနိုင်တယ် ဆိုတာပါပဲ။ ဒါ့ကြောင့် ရောဂါကူးစက်မှုနှုန်း များတဲ့နေရာတွေကိုသွားရင် ကူးစက်နိုင်ခြေ မြင့်မားသလိုပဲ လူတွေအများကြီးနဲ့ မကြာခဏ ထိတွေ့မှု ပိုရှိတဲ့ မျက်နှာပြင်တွေနဲ့ ထိတွေ့မိရင်လည်း အန္တရာယ် ရှိနိုင်ပါတယ်။

လက်ကို ခဏခဏ ဆေးတာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာ အစရှိတဲ့ အလေ့အကျင့်ကောင်းတွေက ဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်သလိုပဲ အများပြည်သူ သွားလာနေတဲ့နေရာတွေမှာ ပုံမှန် ပိုးသတ်၊ သန့်ရှင်းပေးဖို့ဆိုတာလည်း လုပ်ဆောင်သင့်တဲ့ တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာတွေထဲမှာ လူပေါင်းစုံလာနိုင်ပြီး နာရီအနည်းငယ်အတွင်း မျက်နှာပြင်တစ်ခုတည်းကို လူတိုင်းထိတွေ့သွားနိုင်တာမျိုး ရှိနိုင်ပါတယ်။ ဥပမာ – ရုံးခန်း၊ ဈေးဆိုင်၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး၊ အများပြည်သူသုံး အဆောက်အအုံနဲ့ စားသောက်ဆိုင်တွေလိုမျိုးပေါ့။

အိမ်အပြင်က ကျန်းမာရေး ကုသမှုအတွက် မဟုတ်တဲ့နေရာတွေမှာ ပိုးသတ်ခြင်း

မျက်နှာပြင်တွေကို ပုံမှန် ပိုးသတ်ပေးတာက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဒီအချက်ကို သဘောတူထားပါတယ်။ ကျန်းမာရေး ကုသမှုအတွက် မဟုတ်တဲ့နေရာတွေမှာတောင် ပုံမှန် ပိုးသတ်ပေးတဲ့ အလေ့အထဟာ ကိုဗစ်-၁၉ ရောဂါပိုး ကပ်ငြိနိုင်ခြေကနေ လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့်တော့ လူပေါင်းစုံနဲ့ နေ့တိုင်း အကြိမ်ရေများစွာ ထိတွေ့နေရတဲ့ နေရာတွေနဲ့ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ဖို့၊ ပိုးသတ်ပေးဖို့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ဒီထဲမှာ တံခါးလက်ကိုင်တွေ၊ လျှောက်လမ်းနဲ့ လှေကားလက်ရမ်းတွေ၊ အလုပ်နေရာ၊ ရေခဲသေတ္တာလက်ကိုင်၊ ဘဏ်ကတ် ဒါမှမဟုတ် အကြွေးဝယ်ကတ် ထည့်တဲ့စက်တွေ၊ ဖုန်းနဲ့ ကီးဘုတ်တွေအပြင် အိမ်သာ၊ ရေပိုက်ခေါင်း၊ ရေချိုးခန်းသုံး ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါတောင် အနည်းငယ်ပဲ ဖော်ပြပေးထားတာပါ။ အများပြည်သူအနေနဲ့ ဒီလိုမျက်နှာပြင်တွေနဲ့ မလွှဲမရှောင်သာ ထိတွေ့နေရဦးမယ်ဆိုရင် ဒီလို အများသုံးနေရာတွေကို ဦးစားပေးအနေနဲ့ ဖြစ်နိုင်ရင် တစ်ယောက် အသုံးပြုပြီးတိုင်း သန့်ရှင်းရေးနဲ့ ပိုးသတ်တာတွေ လုပ်ပေးဖို့ ပိုင်ရှင်တွေမှာ တာဝန်ရှိပါတယ်။

လုပ်ငန်းခွင်နဲ့ စာသင်ကျောင်းတွေက လူတွေ မကြာခဏ ထိတွေ့တတ်တဲ့ မျက်နှာပြင်တွေဆိုရင်လည်း အနည်းဆုံး တစ်နေ့၊ တစ်ကြိမ် ပုံမှန် သန့်ရှင်း၊ ပိုးသတ်ပေးသင့်ပါတယ်။ ဒီထဲမှာ စားပွဲမျက်နှာပြင်၊ တံခါးလက်ကိုင်၊ မီးခလုတ်၊ စာကြည့်ခုံ၊ အိမ်သာ၊ ရေပိုက်ခေါင်း၊ TV ရီမုတ်၊ စားသောက်ခန်းနဲ့ ထမင်းစားပွဲ မျက်နှာပြင်၊ ကြောင်အိမ်လက်ကိုင်တွေ ပါဝင်ပါတယ်။

အပြင်မှာ ရောက်နေတဲ့အချိန်ဆိုရင် အများသုံး သယ်ယူပို့ဆောင်ရေးတို့၊ ဈေးဝယ်စင်တာက တွန်းလှည်းတို့မှာရှိတဲ့ လက်ကိုင်တွေ၊ လက်တန်းတွေလိုမျိုး လူတွေနဲ့ မကြာခဏ ထိတွေ့နေရတဲ့ မျက်နှာပြင်တွေကို ကိုင်တွယ်ခါနီးတိုင်း ပိုးသတ်ဖြန်းဆေးဘူး ဒါမှမဟုတ် ပိုးသတ်ပဝါများကို အသုံးပြုနိုင်ပါတယ်။

 

Ref:drmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*