အန္တရာယ်ကင်းပြီး ထိထိရောက်ရောက် ချောင်းဆိုးတတ်အောင် ဘယ်လိုလေ့ကျင့်ကြမလဲ?

နာတာရှည် အသက်ရှူလမ်းကြောင်းပိတ် အဆုတ်ရောဂါအတွက် ချောင်းဆိုးတတ်အောင် ဒီလိုအချက်များနှင့်လေ့ကျင့်ကြမယ်

နာတာရှည်လေပြွန်ရောင်ခြင်းနဲ့ လေအိတ်ကျယ်ခြင်း စတဲ့ နာတာရှည်အဆုတ်ရောဂါရှိသူတွေဟာ အမြဲတမ်း ချောင်းဆိုးနေတတ်ကြပါတယ်။ ချောင်းဆိုးနည်းမမှန်ဘဲ မရပ်မနားချောင်းဆိုးမယ်၊ အားပြင်းပြင်းနဲ့ ချောင်းဆိုးမယ်ဆိုရင် လေပြွန်တွေကျုံ့သွားပြီး သလိပ်ဟပ်ထုတ်တာကို တားဆီးသလိုဖြစ်လို့ အဆုတ်ထဲမှာ သလိပ်တွေ စုလာပါလိမ့်မယ်။

သလိပ်ဆိုတာ ရောဂါပိုးမွှားတွေ ပေါက်ပွားဖို့ နေရာကောင်းဖြစ်လို့ အဆုတ်ထဲ ရောဂါပိုး ဝင်ရောက်ပြီး အဆုတ်ရောဂါပြန်ကြွတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ထဲကသလိပ်တွေ အပြင်ရောက်ဖို့ဆိုရင် ထိထိရောက်ရောက် ချောင်းဆိုးတတ်ဖို့ လိုအပ်ပါတယ်။


အန္တရာယ်ကင်းပြီး ထိထိရောက်ရောက် ချောင်းဆိုးတတ်အောင် ဘယ်လိုလေ့ကျင့်ကြမလဲ?
၁။ အရင်ဆုံး ကုလားထိုင် (သို့) ခုတင်အစွန်းမှာ မတ်မတ်ထိုင်ပေးပါ။
၂။ ခြေဖဝါးနှစ်ဖက်ကို ကြမ်းပြင်မှာ မြဲမြဲကပ်ထားပြီး ရှေ့ကို အနည်းငယ် ကိုင်းလိုက်ပါ။
၃။ သက်သောင့်သက်သာရှိစေဖို့အတွက် တစ်ခေါက် နှစ်ခေါက်လောက် အသက်ပြင်းပြင်းရှူလိုက်ပါ။


၄။ ပြီးရင်တော့ ဝမ်းဗိုက်ကို လက်မောင်းနှစ်ဖက်နဲ့ ယှက်ထားပြီး နှာခေါင်းကနေတစ်ဆင့် အသက်ဝဝ ရှူသွင်းလိုက်ပါ။
၅။ ပြန်ရှူထုတ်တဲ့အခါ ရှေ့ကို အနည်းငယ် ထပ်ကိုင်းပြီး ဝမ်းဗိုက်ကို လက်မောင်းနှစ်ဖက်နဲ့ ဖိထားပါ။ တစ်ချိန်တည်းမှာပဲ ပါးစပ်ကို နည်းနည်းဟပြီး နှစ်ကြိမ်၊ သုံးကြိမ်လောက် ချောင်းဆိုးလိုက်ပါ။ သတိပြုသင့်တာတစ်ခုက ချောင်းဆိုးတဲ့အခါမှာ ခပ်တိုတိုပဲဆိုးပါ။ အားအရမ်းမသုံးပါနဲ့။ ပထမအကြိမ် ချောင်းဆိုးလိုက်တာဟာ သလိပ်ပျော်စေပြီးတော့ ဒုတိယနဲ့ တတိယအကြိမ် ချောင်းဆိုးလိုက်တာဟာ သလိပ်ဟပ်ထုတ်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။
၆။ ချောင်းဆိုးပြီးရင်တော့ ဖြည်းဖြည်းချင်း အသက်ပြန်ရှူသွင်းပေးပါ။ ဒီလိုလုပ်ခြင်းဟာ ဟပ်ထုတ်လိုက်တဲ့သလိပ်တွေ အသက်ရှူလမ်းကြောင်းထဲ ပြန်မရောက်အောင် လုပ်ဆောင်ပေးပါတယ်။
၇။ နောက်ထပ် သလိပ်ဟပ်ထုတ်ဖို့ လိုသေးတယ်ဆိုရင် ခဏအနားယူပြီးမှ နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။


ဒီလိုမျိုး ထိန်းပြီး ချောင်းဆိုးပေးခြင်းဟာ သလိပ် ကောင်းကောင်းဟပ်ထုတ်နိုင်စေဖို့ ကူညီပေးပါတယ်။ ပိုမိုကောင်းမွန်တဲ့ရလဒ်ရဖို့ ဆိုရင်တော့
● သလိပ်တွေ ချွဲပျစ်မနေအောင် တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်လောက် သောက်ပေးပါ။
● ထိန်းပြီး ချောင်းဆိုးခြင်းကို မလုပ်ခင်မှာ လေပြွန်ကျယ်စေတဲ့ရှူဆေးကို အသုံးပြုပေးပါ။
● ချောင်းဆိုးပြီးတိုင်းမှာ အသက်ကို ဖြည်းဖြည်းမှန်မှန်လေး ရှူပေးပါ။

 

 

Source :Dr. Aye Hsu Mon

Be the first to comment

Leave a Reply

Your email address will not be published.


*