ကြက် ခြင်းကြီးနားက ကြက် သတ်သမားနဲ့ ကြက် တွေရဲ့ ဖြစ်ရပ်…!

ကြက် သတ်သမား တစ်ယောက်မှာ ကြက် ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိတယ်။

အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်သိတ်ကြပ်နေအောင် ထည့်ထားတယ်။

ကြက်တစ်ကောင်ချင်း ကျပ်ညပ်နေကြလို့ ကြက်တွေခမျာအသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။

သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခြင်းပေါက်ကနေခေါင်း ထွက် အ သက်ရှူကြရတယ်။

ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတယ်။

အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။

အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။

ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။

အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။

လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။

ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။

ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။

ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။

ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ “ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။
ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။

ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။

ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။

အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။

ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။

အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။

အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။

ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။

ဘာသံမှ မကြားရတော့ဘူး။

ငြိမ်ဝပ်လို့။

ဒီရုရှားပုံပြင်ရဲ့ အမည်က “လောက” ဖြစ်ပါတယ်။

လောက ဟာ ဘာလဲ။

ဘယ်လိုဟာမျိုးလဲ။

လောကမှာ ဘယ်အရာတွေ ရှိသလဲ။

ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။

ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ – လည်စင်းမခံရသေးတဲ့
ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့
အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။

တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊
နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။

ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား – မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊
ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် – လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။
နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ။

#ဆရာပါရဂူ

Be the first to comment

Leave a Reply

Your email address will not be published.


*