တိုက်ပွဲကြောင့် အငတ်ဘေးကြုံနေတဲ့ အီသီယိုးပီးယား ပြည်သူ ၄၀၀၀၀၀ ကျော်အတွက် အကူအညီတွေ ပေးပို့

အီသီယိုးပီးယားမှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်သူတွေ အငတ်ဘေးကြုံနေရာ တီဂရေးဒေသအတွက် ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တန်ချိန် ၉၀၀ တင်ဆောင်လာတဲ့ ထရပ်ကား အစင်း ၅၀ ပါ ယာဉ်တန်းဟာ မီကီလီမြို့ဆီ ရောက်ရှိလို့ လာပါတယ်။ ဒါပေမဲ့ တီဂရေးဒေသမှာ ဆိုးဝါးပြင်းထန်တဲ့ စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးပါတယ်။

တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး TPLF နဲ့ အီသီယိုးပီးယား အစိုးရတပ်တွေကြားက တိုက်ပွဲတွေကြောင့် ဆယ်စုနှစ်တွေများစွာအတွင်း အဆုံးဝါးဆုံး အငတ်ဘေးဒဏ်ကို ပြည်သူ လေးသိန်းကျော်ထက်မနည်း ခါးစည်းခံနေရတာပဲ ဖြစ်ပါတယ်

ခုလို ပြည်သူ လေးသိန်းကျော် အငတ်ဘေး ကြုံနေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတစ်ဦးက အခုလ အစကတည်းက ပြောဆိုခဲ့ထားတာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရှစ်လတာကြာ တိုက်ပွဲတွေရဲ့ ဒဏ်ကို ခံစားနေရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေး အားချင်း အကူအညီပေးဖို့ကိုလည်း မေတ္တာရပ်ခံခဲ့တာပါ။

TPLF တပ်ဖွဲ့ဝင်တွေဟာ အကြီးစား တန်ပြန်ထိုးစစ်တွေ ဆင်နွှဲပြီး ဒေသရဲ့ မြို့တော် မီကီလီကို လက်ရသိမ်းပိုက်လိုက်တဲ့ ပြီးခဲ့တဲ့လမှာ TPLF နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့ပါတယ်။

“ပြည်သူ လေးသိန်းကျော်ဟာ အငတ်ဘေး ဒုက္ခတွင်းထဲ ကျရောက်သွားရပြီး နောက်ထပ် ၁ ဒသမ ၈ သန်းဟာလည်း အငတ်ဘေး ချောက်ကမ်းပါးဝမှာ ရှိနေပါတယ်”လို့ လူသားချင်းစာနာထောက်ထားရေးရာနှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ယာယီလက်ထောက်အတွင်းဝန်ချုပ် ရာမတ်ရှ်ရာဂျာဆင်းချ်ဟမ်က အခုလ အစောပိုင်းမှာ ပြောပါတယ်။

“အငတ်ဘေး ကြုံရတဲ့ ပြည်သူဦးရေဟာ ပိုပြီးတောင် များနေမယ်လို့ တစ်ချို့က ယူဆတယ်၊ သည်းထန်တဲ့ အာဟာရချို့တဲ့မှုကို ခံစားနေရတဲ့ ကလေးငယ်ပေါင်းလည်း ၃၃၀၀၀ ကျော်ရှိနေတယ်”လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့တွေဆီက စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ အာဟာရဖြည့်စွက်စာတွေနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးပို့နိုင်မှုအပေါ်မှာ မှီတည်နေရတဲ့ ပြည်သူ့အသက်ပေါင်း များစွာ ရှိနေတယ်”လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

၂၀၁၉ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အီသီယိုးပီးယား ဝန်ကြီးချုပ် အက်ဘေးအာမတ်ဟာ တီဂရေးဒေသ အာဏာရပါတီ TPLF ရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ လက်နက်ဖြုတ်သိမ်းဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာမှာ တီဂရေးဒေသဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခ့တာပါ။

မီကီလီမြို့တော်ကို အစိုးရတပ်တွေက သိမ်းပိုက်ပြီး သီတင်းပတ်တွေအကြာမှာ TPLF အဖွဲ့ဟာ အစိုးရစစ်စခန်းတွေကို တိုက်ခိုက်ကာ အောင်ပွဲကြေညာခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ခုလို တပ်တွေ စေလွှတ်ရတာလို့ အက်ဘေးအာမတ်က ပြောပါတယ်။

ဒါပေမဲ့ တီဂရေးကာကွယ်ရေးတပ်ဖွဲ့ TDF လို့ နာမည်ပြောင်းသတ်မှတ်လိုက်တဲ့ TPLF တပ်တွေဟာ မီကီလီမြို့ကို ပြန်သိမ်းပြီး ဒေသရဲ့ တော်တော်များများကို ထိန်းချုပ်ထားပြီလို့ အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။ အစိုးရကနေပြီး တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာပေမယ့် ဒါဟာ ‘ဟာသပြက်လုံးတစ်ခု’ ပဲ ဖြစ်တယ်ဆိုပြီး TDF တပ်တွေက ပယ်ချခဲ့ပါတယ်။

source :mizzimanews

Be the first to comment

Leave a Reply

Your email address will not be published.


*