အတွင်းရေးမှူးနဲ့ ပွေ့ဖက်နမ်းရှုံ့နေတဲ့ CCTV ပေါက်ကြားလို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး ရာထူးမှနုတ်ထွက်

ဗြိတိန်နိုင်ငံမှာ ကျန်းမာရေးဝန်ကြီး Matt Hancock ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ကိုဗစ်ကာလ ကန့်သတ်ချက်ဖြစ်တဲ့ ရုံးမှာ လူချင်း ခွာနေရမယ် ဆိုတဲ့ social distancing စည်းမျဥ်းကို ချိုးဖောက်ခဲ့ကြောင်း ပေါ်ပေါက် လာခဲ့တဲ့နောက် အခုလို ရာထူးက ထွက်ရတဲ့ အထိ ဖြစ်လာတာပါ။ကျန်းမာရေးဌာနမှာ ညွှန်ကြားရေးမှူး ရာထူး တစ်နေရာ ပေးပြီး သူအလုပ်ခန့်ထားတဲ့ ဂျီးနာ ကိုလာဒန်ဂျယ်လိုနဲ့ ရုံးချုပ် အဆောက်အဦးထဲ ပွေ့ဖက် နမ်းရှုံ့နေတဲ့ စီစီတီဗီ မှတ်တမ်းပုံတွေ ပေါက်ကြား လာခဲ့ပြီးတဲ့နောက် မစ္စတာ ဟန်းကော့ဟာ ဖိအားတွေနဲ့ ရင်ဆိုင် နေခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်စလုံး အိမ်ထောင်ကိုယ်စီ၊ ကလေးတွေကိုယ်စီ ရှိကြသူတွေ ဖြစ်ပါတယ်။ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ထံ ပေးပို့တဲ့ နုတ်ထွက်စာထဲ ပဲန်ဒဲမစ် ကမ္ဘာ့ကပ်ရောဂါ ကာလ အင်မတန် စွန့်လွှတ် အနစ်နာခံခဲ့ရတဲ့ ပြည်သူတွေကို တောင်းပန်ကြောင်း ရေးသားထားပါတယ်။

စီစီတီဗီ မှတ်တမ်းတွေကို ဆန်းသတင်းစာက ဖော်ပြခဲ့ပြီးတဲ့နောက် မစ္စတာဟန်းကော့ အဝေဖန်ခံနေခဲ့ရပေမယ့် ဝန်ကြီးချုပ် ဂျွန်ဆင်က သူ့ကို ရာထူးက ထုတ်ပယ်တာမျိုး မလုပ်ခဲ့ပါဘူး။

(အဲဒီ စီစီတီဗီမှတ်တမ်းဟာ မေလ ၆ ရက်နေ့က ရုပ်ပုံတွေ ဖြစ်တယ်လို့ ဆိုပါတယ်)

ဒါပေမယ့် အတိုက်ခံတွေကသာမက၊ ကွန်ဆာဗေးတစ် ပါတီတွင်းမှာပါ ရာထူးက ထွက်ပေးဖို့ ဝေဖန်မှုတွေ ကြီးမားလာတဲ့နောက် မစ္စတာဟန်းကော့ နုတ်ထွက်စာတင် ခဲ့တာ ဖြစ်ပါတယ်။ ဂျီးနာ ကိုလာဒန်ဂျယ်လိုလည်း ရာထူးက ထွက်ပါတယ်။

အခုနုတ်ထွက်မှုဟာ သူရဲ့ ဖိအားမပါဘူး၊ မစ္စတာဟန်းကော့ရဲ့ ဆုံးဖြတ်ချက် သက်သက်ပဲလို့ အခုထက်ထိ ဝန်ကြီး ဂျွန်ဆင် ဆက်လက် ရပ်တည်ပါတယ်။

မစ္စတာဟန်းကော့ရဲ့ နုတ်ထွက်စာ ရရှိတဲ့ အခါမှာလည်း ဝန်ကြီးချုပ် ဂျွန်ဆင်က ဝမ်းနည်းကြောင်း ပြောပြီး “မစ္စတာဟန်းကော့ အနေနဲ့ အောင်မြင်စွမ်းဆောင် ခဲ့တာတွေ အပေါ် အင်မတန် ဂုဏ်ယူသင့်တယ်။ အခု ပဲန်ဒဲမစ်ကာလ ကိုင်တွယ် ခဲ့တာတွေ အတွက်သာမက၊ ဒီ့မတိုင်ခင် အချိန်က စွမ်းဆောင်ခဲ့တာတွေ အတွက် ဂုဏ်ယူပါ” ဆိုပြီး အားပေးစကား ပြောပါတယ်။

အခု လစ်လပ်သွားတဲ့ ဗြိတိန် ကျန်းမာရေး ဝန်ကြီး နေရာကို အရင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆာဂျစ် ဂျာဗစ်ကို ခန့်အပ်မှာ ဖြစ်ပါတယ်။

 

ref: channel news asia

Be the first to comment

Leave a Reply

Your email address will not be published.


*