ရုံးပိတ်ရက်မှာ နောက်ကျမှ အိပ်ယာ ထခြင်း ဟာ ကျန်းမာရေး ထိခိုက်စေနိုင်

နေ့ခင်းဘက် အလုပ်လုပ်ရတဲ့ လူအများစုဟာ အလုပ်လုပ်ရတဲ့နေ့မှာ အစောကြီးထပြီး အလုပ်သွားကြတဲ့အတွက် အလုပ်ပိတ်ရက်တွေမှာ နောက်ကျမှ အိပ်ယာ ဝင်ပြီး နောက်ကျမှ အိပ်ယာထ တတ်ကြပါတယ်။ အဲဒီလို ပုံမှန် အိပ်ချိန်တွေကို စပ်ကြားစပ်ကြား ပြောင်းလဲလိုက်ခြင်းဟာ နှလုံးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါတွေကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုအရ သိရပါတယ်။

နေ့ဆိုင်း ၊ ညဆိုင်းအလုပ် လိုမျိုး ပုံမှန်မဟုတ်တဲ့ အလုပ်ချိန်နဲ့ အလုပ်လုပ်နေရသူတွေ ၊ နေ့စဉ် အလုပ်ချိန်ထက်ပိုပြီး အလုပ်လုပ်နေရသူတွေဟာ ကျန်းမာရေးမှာ အန္တရာယ်ရှိတဲ့ သက်ရောက်မှု တွေ ရရှိခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ လေ့လာမှု တွေက ဖော်ပြထားပါတယ်။ အခုတစ်ကြိမ်မှာလည်း Pittsburgh တက္ကသိုလ်က သုတေသန အသစ်တစ်ခုက အိမ်ယာထ နောက်ကျခြင်းဆိုတဲ့ လူမှုရေးအချိန်ကာလ ကွဲပြားခြင်း ဟာ အခြေခံအားဖြင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို လေ့လာဖော်ထုတ် ခဲ့ကြပါတယ်။

လူမှုရေးအချိန်ကာလ ကွဲပြားခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့ လူမှုရေးဆိုင်ရာ အိပ်ချိန်တွေနဲ့ နေ့စဉ် သဘာ၀ အချိန်လည်ပတ်မှုတွေနဲ့ လွဲချော်သွားတာကို ဆိုလိုတာပါ။ သုတေသီတွေကတော့ လူမှုရေးအချိန်ကာလ ကွဲပြားခြင်း ဟာ အဝလွန်ခြင်း နဲ့ အခြား နှလုံးသွေးကြောဆိုင်ရာ အခြေအနေတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။

သုတေသီတွေဟာ အသက် ၃၀ ကနေ ၄၀ ကြားရှိပြီး ၅၃ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ကာ ၊ ၈၄ ရာခိုင်နှုန်းက လူဖြူတွေဖြစ်တဲ့ လုပ်အားပေး ဗော်လန်တီယာ ၄၄၇ ယောက်ကို လေ့လာကြည့်ခဲ့ကြပါတယ်။ ၄၄၇ ယောက်လုံးဟာ ကျန်းမာရေးကောင်းပြီး တစ်ပတ်ကို ၂၅ နာရီ အလုပ်ချိန်ရှိ တဲ့ အလုပ်ကိုယ်စီ လုပ်ကိုင်နေကြပါတယ်။

ထို လုပ်အားပေးတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ၂၄ နာရီအတွင်း အိပ်ချိန်အရေအတွက်တို့ကို ခြေရာခံပေးမယ့် လက်ပတ် တွေ ဝတ်ဆင်ပေးထားပြီး သူတို့နေ့စဉ်စားသုံးတဲ့ အစားအစာ တွေနဲ့ လေ့ကျင့်ခန်း အလေ့အထ တွေကို မေးမြန်းခံခဲ့၇ပါတယ်။ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ၈၅ ရာခိုင်နှုန်းသော လုပ်အားပေး တွေ ဟာ နောက်ကျမှ အိပ်လေ့ရှိကြပြီး ထိုသို့ နောက်ကျမှုဟာလည်း အလုပ်လုပ်တဲ့ ရက်တွေမှာထက် အလုပ်အားတဲ့ ရက်တွေမှာ ပိုများတာကိုတွေ့ရပြန်ပါတယ်။

အဲဒီလို အားလပ်ရက်မှာ အိပ်ချိန်ပြောင်းလဲသွားသူတွေဟာ တစ်ပတ်လုံး အိပ်ချိန်မှန်ကန်သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ကိုလက်စထရော နဲ့ ပတ်သက်လို့ ဆိုးရွားတာကိုတွေ့ရပြီး မြန်ဆန်တဲ့ အင်ဆူလင်ပမာဏတွေများပြားနေကာ BMI လည်း မြင့်မားနေတာကိုတွေ့ရပြန်ပါတယ်။

“အိပ်ချိန် စားချိန် မမှန်ကန်မှု အပေါ်အာရုံစိုက်တဲ့ ဆေးရုံ ဆေးခန်းဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက်တော့ ကောင်းကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အိပ်ချိန်စားချိန် မှန်ကန်စွာတည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး လုပ်ငန်းခွင် ပညာပေးမှု တွေ ဖြစ်လာနိုင်ပါတယ်။” လို့ ဒီသုတေသန ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Wong ကဆိုပါတယ်။

ဒီလေ့လာမှုကို Journal of Clinical Endocrinology and Metabolism ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*