
ဟိုတယ်အခန်းအပ်ပြီးပြန်တဲ့အခါ ရေချိုးခန်းထဲ သင်ချန်ထားရစ်ခဲ့တဲ့ ဆပ်ပြာခဲ ဘယ်ရောက်သွားမယ် ထင်ပါသလဲ။ ကမ္ဘာတစ်ဝန်းက ဟိုတယ်တွေမှာ ဧည့်သည်တွေကချန်ခဲ့လို့ လွှင့်ပစ်ရတဲ့ ဆပ်ပြာခဲ အရေ အတွက်က တစ်ရက်ကို ၅သန်းထက်မနည်း ရှိပါတယ်။ အဲဒီဆပ်ပြာခဲ ၅သန်းဟာ မြေမြုပ်ပစ်ရမယ့် အမှိုက်အမျိုးအစားဖြစ်သွားပါတယ်။
တစ်ရက်ဆပ်ပြာခဲ ၅သန်းလေလွှင့်နေတဲ့ကိစ္စကို ကိုင်တွယ်မယ့်ကုမ္ပဏီတစ်ခု ၂၀၁၄ မှာ ထွက်ပေါ် ခဲ့ပါတယ်။ Clean the World ဖြစ်ပါတယ်။ အမေရိကန်နဲ့ဟောင်ကောင်မှာ ပြန်လည်အသုံးပြုရန်စင်တာ တွေ ဖွင့်လှစ်ထားပါ တယ်။ အမြတ်အစွန်းမယူတဲ့ကော်ပိုရေးရှင်းဖြစ်ပြီး နိုင်ငံတကာက ဟိုတယ်ပေါင်း ၅၀၀၀ ထက်မနည်းနဲ့ ချိတ်ဆက်ထားပြီးတော့ နေ့စဉ် ဟိုတယ်ဆပ်ပြာခဲ ၁ သန်းထက်မနည်းကို ပြန်လည်အသုံးပြုနိုင်အောင် ပြုပြင်ထုတ်လုပ်ပေးပြီး ဆပ်ပြာလိုအပ်ချက်ရှိတဲ့ မိသားစုတွေ၊ ကျောင်းတွေနဲ့ အဖွဲ့အစည်းတွေစီကို အခမဲ့ ပို့ဆောင်ပေးလျက် ရှိပါတယ်။
ဘာကြောင့်လဲ။ နျူမိုးနီးယားနဲ့ ကာလဝမ်းရောဂါကြောင့် နှစ်စဉ် ကလေးပေါင်း ၁.၄ သန်းထက်မနည်း သေဆုံးလျက်ရှိတယ်လို့ UNICEF က ခန့်မှန်းထားပါတယ်။ တစ်ကယ်တော့ အဲဒီရောဂါနှစ်မျိုးကို သန့် ရှင်းရေး ပိုဂရုစိုက်လိုက်ရုံနဲ့ အလွယ်တကူ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဆပ်ပြာ၊ကျန်းမာရေးနဲ့ သန့် ရှင်းမှု ဟာ ကမ္ဘာပေါ်အကျိုးသက်ရောက်မှုကြီးမားတဲ့ သုံးပွင့်ဆိုင် လိုအပ်ချက်ပါ။
ဆပ်ပြာက ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပါတယ်။ ပတ်ဝန်းကျင်ပေါ် အကျိုးသက်ရောက်ပါ တယ်။ စီးပွားရေးကဏ္ဍတွေပေါ်လည်း အကျိုးသက်ရောက်ပါတယ်။ ကူးစက်ရောဂါပျံ့နှံ့မှု ဘယ်လောက် မြန်မယ်၊ ဘယ်လောက်ကျယ်ဝန်းမယ်ဆိုတာလည်း ဆပ်ပြာဘယ်လောက်သုံးနိုင်တယ်ဆိုတဲ့အပေါ် မူတည် နေပါတယ်။ ဒါပေမယ့် နေ့စဉ် ဆပ်ပြာခဲ ၅ သန်းထက် မနည်း လေလွှင့်နေလေတော့ Clean the World က အဲဒီဆပ်ပြာ ၅ သန်းကို ပြန်လည်ပြုပြင်ပြီး လူတွေပြန်သုံးလို့ရတဲ့ ဆပ်ပြာ ၁ သန်းဖြစ်အောင် နေ့စဉ် ပြုလုပ်ပေးနေတာ ကမ္ဘာကြီးကို ကယ်တင်တဲ့နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ထက် ပိုတာတော့ အမှန်ပါပဲ။
သန့်ရှင်းမှုစံချိန်စံညွှန်းညံ့ဖျင်းလို့ နှစ်စဉ်သန်းပေါင်းများစွာသေဆုံးနေကြတဲ့ကလေးတွေရဲ့လက်ထဲကို အဲဒီဆပ်ပြာခဲတွေသာ အချိန်မီထည့်ပေးလိုက်နိုင်ခဲ့မယ်ဆိုရင် နှစ်စဉ်ကလေးသေဆုံးမှုကို ထက်ဝက်မက လျှော့ချနိုင်မှာ ဧကန်မလွဲပါပဲ။ ဒီတော့ Clean the World က နိုင်ငံတကာဟိုတယ်တွေက စွန့်ပစ်လိုက် တဲ့ အသုံးပြုပြီး ဆပ်ပြာခဲတွေကို စုပါတယ်။ စက်နဲ့ပြန်ကျိတ်ပါတယ်။ ခေါက်ဆွဲမျှင်တွေလိုထွက်လာပါ တယ်။ အဲဒါတွေကို ပိုးသတ်ပါတယ်။ သန့်ရှင်းရေးလုပ်ပါတယ်။ ပြီးရင် Clean the World အမှတ်တံဆိပ် ပါတဲ့ ဆပ်ပြာခဲအသစ်တွေ ပြန်ထုတ်ပါတယ်။
Clean the World စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၄ ကနေ ဒီနေ့အချိန်အထိမှာ ဟိုတယ်ဆပ်ပြာ တန်ချိန် ၂၄၀ ထက်မနည်းကို ပြန်လည်အသုံးပြုနိုင်ခဲ့ပြီး ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မကာအိုနဲ့ နီပေါ နိုင်ငံတို့ကို ဆပ်ပြာခဲပေါင်း ၁၂၅၃၆၄၀ ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ဆပ်ပြာခဲတွေကို ပြန်လည် ထုတ်လုပ်ပေးနေတဲ့စက်ရုံတစ်ခု ဟောင်ကောင်မှာရှိပါတယ်။ တစ်လကို ဆပ်ပြာခဲ တန်ချိန် ၅၀ ကနေ ၆၀ အထိ ထုတ်နိုင်ပါတယ်။ အဲဒီဆပ်ပြာတွေကို ထုတ်လုပ်နိုင်ဖို့ ကမ္ဘာကျော် brand ကုမ္ပဏီတွေနဲ့ လက်တွဲ ထားပါတယ်။ The Mandarin Oriental, The Peninsula Hong Kong, InterContinental Grand Standfor Hong Kong နဲ့ Sands China တို့ ပါဝင်ပါတယ်။
ဒီတော့ နောက်တစ်ခါ ဟိုတယ် တည်းမိတဲ့အခါ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ သုံးပြီး သင်ချန်ထားခဲ့တဲ့ ဆပ်ပြာခဲဟာ ကမ္ဘာကြီးရဲ့တစ်နေရာမှာ လူ့အသက်တွေကိုကယ်ဖို့ အသုံးဝင်တယ်ဆိုတာကို မမေ့ပါနဲ့။
ဒါတွေအတွက် ပိုက်ဆံပေးထားတာပဲ၊ ပြန်ရင် အကုန်ယူသွားမှ ဆိုပြီး အိတ်ထဲထည့်ပြန်ရင်လည်း လိုတဲ့ နေရာမှာ စနစ်တကျသုံးမိရင် ကောင်းပါတယ်။ အကျိုးရှိတာပါပဲလေ။ ဒါပေမယ့် ဒီအတိုင်း အမြင်ကတ်လို့ ထည့်သွားတာ၊ ပြီးရင် မသုံးဘူး၊ လွှင့်ပစ်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး အဲဒီဆပ်ပြာကို ဟိုတယ်မှာပဲ ထားခဲ့ပေးပါ။
တစ်ချိန်ချိန်မှာ Clean the World က အဲဒီဟိုတယ်နဲ့လည်း ချိတ်ဆက်မိပြီး အသုံးပြုပြီးသားဆပ်ပြာတွေ ကို စုယူပြီးတော့ ဆပ်ပြာခဲအသစ်တွေပြန်ထုတ်ပါလိမ့်မယ်။ ပြီးရင် လိုတဲ့နေရာတွေစီကို ပို့ပေးပါလိမ့်မယ်။ ကလေးတွေ လက်ဆေးကြပါလိမ့်မယ်။ ရေချိုးကြပါလိမ့်မယ်။ သန့်ရှင်းမှုစံချိန်စံညွှန်း မြင့်လာပြီး နျူမိုးနီး ယားလို၊ ကာလဝမ်းရောဂါလို ကူးစက်မြန်ရောဂါတွေကို ကာကွယ်နိုင်ကြပါလိမ့်မယ်လို့ လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
Leave a Reply