လေယာဉ် စီးရမှာ ကြောက်သူများ အတွက် ထွေထွေရာရာ(လေယာဉ်စီးခြင်း နှင့် ပတ်သတ်သည့် ဗဟုသုတများ)

လေယာဉ် စီးရမှာ တွေးကြောက်နေသူက ကမ္ဘာတစ်ဝန်း သန်းပေါင်း များစွာ ရှိသည်။ အချို့သော အကြောက်လွန်သူ များကား လေယာဉ်စီး ရမည့် အရေးကို တစ်သက်လုံး ရှောင်ကြဉ်ရမည့် အရေး အဖြစ်ပါ သတ်မှတ်ထားတတ် ကြသည်။
လေယာဉ် ပျက်ကျမှုတွေ ဘာကြောင့် ဖြစ်ရသည် ကအစ လေယာဉ်တွေမှာ လူတိုင်း အတွက် ဘာကြောင့် လေထီးတွေ တပ်မပေး ထားသည် အဆုံး လေယာဉ် စီးနင်းမှုနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းတွေက မဆုံးနိုင်အောင်ရှိ နေသည်။ လေယာဉ် စီးနင်းမှုနဲ့ ပတ်သက်ပြီး Daily Mail သတင်းစာ က British Airways လေကြောင်းလိုင်း၏ လေယာဉ်မှူး များ လေ့ကျင့် သင်တန်းပေးဌာန အကြီးအကဲ ကပ္ပတိန် ဒေ့ဗ်သောမတ်စ်နှင့် တွေ့ဆုံ မေးမြန်းထားသည် များကို တစ်ဆင့်ပြန်လည် ဖော်ပြပါမည်။

လေယာဉ်ပေါ်မှာ ဘယ်ခုံက အန္တရာယ် အကင်းဆုံးလဲ။
========================================
လေယာဉ်ပေါ်မှာ ရှိတဲ့ ခုံတိုင်းကို အခိုင်မာဆုံး၊ အန္တရာယ် အကင်းဆုံး ဖြစ်အောင် တစ်ပြေးညီ တိုင်းတာ ထည့်သွင်းထား ပါတယ်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ သို့သော် လေယာဉ်ပျက် ကျသည့် အခါမျိုး တွင်ကား အနည်းငယ် ကွာခြားချက် ရှိကြောင်း ၎င်းက ဆက်ပြောသည်။ ၂၀၁၂ ခုနှစ်က ဘိုးရင်း (၇၂၇) လေယာဉ်ပေါ်တွင် လူများ အတိုင်း အရိုးအဆစ် များပါ တစ် ပုံစံတည်း ပါဝင်အောင် ဖန်တီး ထားသည့် အရုပ်များ ထည့်သွင်းပြီး မက္ကဆီကိုနိုင်ငံ ဆိုနိုရန် သဲကန္တာ အတွင်းသို့ တကယ် ထိုးဆင်း ပျက်ကျစေ ခဲ့သည်။ လေယာဉ်ဦး ပိုင်း (၁၁) တန်းသည် ပထမတန်းနှင့် စီးပွားရေးတန်း ဖြစ်ပြီး ဈေးကြီးပေး ရသည့်တိုင် လေယာဉ် ပျက်ကျရာတွင်မူ လေယာဉ်သည် ဦးစိုက်ဆင်းသည့် အတွက် ရှေ့ပိုင်း ခုံတန်း များသည် အထိခိုက်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ဦးစိုက်ဆင်းသော လေယာဉ် သည် မြေပြင်နှင့် ရိုက်မိသည့် ဒဏ်ကို ပထမတန်းမှ ခရီးသည် လူသားများ ခံနိုင်စရာ မရှိကြောင်း လေ့လာမှုများ အရ သိရသည်။ လေယာဉ် နောက်ပိုင်းခုံတန်း များတွင် ထိုင်သူ များသည်ကား မြေပြင်နှင့် တိုက်ရိုက် ဆောင့်သည့် ဒဏ်ကို ရံဖန်ရံခါတွင် လွတ်သွား တတ်ပြီး အသက်ရှင်တတ် ကြကြောင်းလည်း သိရသည်။

ခရီးသည်တင် လေယာဉ်တွေ ဘာကြောင့် ပေ (၃၆၀၀၀) မှာ ပျံသန်းတာလဲ။
============================================
ကပ္ပတိန် သောမတ်စ်၏ ပြောပြချက်အရ ထိုအမြင့်ပေ နေရာသည် လေထု ခုခံအား အနည်းဆုံး ဖြစ်သောကြောင့် လေယာဉ်များ အင်ဂျင် စွမ်းအား အနည်းဆုံးနှင့် ပျံသန်းနိုင် သဖြင့် ဆီစား အသက်သာဆုံး ဖြစ်ကြောင်း သိရသည်။ လေယာဉ်ဆီ ချွေတာနိုင်ရင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရာရောက် သလို၊ လေယာဉ် လက်မှတ်ခ တွေလည်း လျှော့ချပေးနိုင်တဲ့ အတွက် စီးနင်းသူတွေ အတွက်ပါ အကျိုး ရှိကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။

လွန်ခဲ့သော (၁၀) နှစ် အနှစ် (၂၀) ကနဲ့ စာလျှင် လေကြောင်း ပျံသန်းမှုဟာ ပိုအန္တရာယ် ကင်းလာပြီလား။
============================================
Germanwings လေယာဉ် ပျက်ကျမှု၊ ပြီးခဲ့သည့်နှစ်က MH370 လေယာဉ် ပျောက်ဆုံးမှု၊ MH17 လေယာဉ် ယူကရိန်း အရှေ့ပိုင်းတွင် ပျက်ကျမှု များကြောင့် လေယာဉ်စီးမည့်သူ များကြား စိုးရိမ် ထိတ်လန့်မှုများ ရှိမည် ဖြစ်သော်လည်း ယနေ့ လေကြောင်း လုပ်ငန်းသည် တစ်နှစ်ပြီး တစ်နှစ် ပို၍ ပို၍ အန္တရာယ်ကင်း လာသည် မှာတော့ ငြင်းစရာ မရှိကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
၂၀၀၉ နောက်ပိုင်းမှာ လေယာဉ် ပျံသန်းမှု တစ်သန်းမှာမှ လေးကြိမ်အောက်သာ လေယာဉ် မတော်တဆမှု တစ်ခုခုနဲ့ ကြုံရသည် အထိ ကမ္ဘာ့ လေကြောင်း လုပ်ငန်းဟာ အန္တရာယ် ပိုကင်း ပိုစိတ်ချလာရတာ စာရင်းဇယားတွေ အရ ကောင်းကောင်း တွေ့ရပါတယ် ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။

လေယာဉ်စီးတာနဲ့ တစ်ခြား ယာဉ်တွေစီးတာ ဘယ်ဟာ ပိုအန္တရာယ်ကင်းလဲ။
================================================
လေယာဉ်စီးတာ အများကြီး အများကြီးကို အန္တရာယ်ပိုကင်း ပါတယ်။ လေယာဉ် ကွင်းကို ကားစီးပြီး လာတဲ့ အချိန်က လေယာဉ်စီးချိန် ထက်တောင် အန္တရာယ်ဖြစ် နိုင်ခြေ ပိုများ ပါတယ် ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ နိုင်ငံတကာ လေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့ အစည်းကြီး၏ စာရင်းများ အရ တစ်နှစ်လျှင် သန်းချီသော လေကြောင်း ပျံသန်းမှုများ တွင်မှ အနည်းငယ် မျှသော ပမာဏသည်သာ ထိခိုက် ပျက်စီးမှု ဖြစ်ပွားခြင်း ဖြစ်သည်။

လေယာဉ် ပျံတက်ချိန်နှင့် ဆင်းချိန် မည်သည်က အန္တရာယ်ပို များလဲ။
=================================================
လေယာဉ် ပျံတက်ချိန်ရော ဆင်းသက်ချိန်ပါ နှစ်ခုလုံး အန္တရာယ် အများဆုံး အချိန်ချည်းပါပဲ။ ကျွမ်းကျင်မှု သိပ်ကို လိုပါတယ်။ ဒါကြောင့် လေယာဉ်မှူးတွေကို အဆင့်မြင့် Simulator တွေနဲ့ လေ့ကျင့်ပေး နိုင်ဖို့ လိုပါတယ် ဟု ကပ္ပတိန် သောမတ်စ် က ပြောသည်။ တည်နေရာ အနေအထား အရ ပြေးလမ်းနှင့် လေယာဉ်ကွင်း ဝန်းကျင်ကို စံချိန် ပြည့်မီအောင် လုပ်လို့ မဖြစ်သော လေယာဉ်ကွင်း များတွင် ပျံတက်ခြင်း၊ ဆင်းသက်ခြင်း အတွက် လည်း အထူးတလည် လေ့ကျင့်ကြ ရကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။

လေယာဉ် ပျံသန်းနေစဉ် အရေးပေါ် တံခါး ဖွင့်လို့ ရလား။
==========================================
ပျံသန်းနေစဉ် လူအားဖြင့် အရေးပေါ် တံခါးကို လုံး၀ ဖွင့်လို့ မရနိုင်ပါဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ ယနေ့ လေယာဉ် များ၏ တံခါးပေါက် များသည် အဆင့်မြင့် စနစ်ကို အသုံးပြုထား သဖြင့် ပျံသန်းနေစဉ် ဖွင့်ဖို့ မဖြစ်နိုင်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ ပျံသန်း နေစဉ်တွင် တံခါးဘောင် အကွပ်သည် လေယာဉ် တံခါးခွင်ထက် ပိုကြီး သွားအောင် ဖန်တီးထား သဖြင့် လူအားဖြင့် အပြင်သို့ တွန်းဖွင့်ရန် လုံး၀ မဖွင့်နိုင်ကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
အပြင်နှင့် အတွင်း လေထု ဖိအားချင်း တွင်လည်း လေယာဉ် အတွင်းပိုင်းက ဖိအားသည် အပြင်ဘက်ကို နှစ်တန်မှ သုံးတန် ဝန်းကျင်လောက် ထိ ပိုသက်ရောက်နေသည် ဖြစ်သောကြောင့် အပြင်က လေထု ဖိအားကြောင့် တံခါးသည် အတွင်းသို့ ပွင့်လာစရာလည်း အကြောင်း မရှိကြောင်း သိရ သည်။

လေယာဉ်တွေမှာ ခရီးသည်တွေ အတွက် ဘာကြောင့် လေထီး မပါတာလဲ။
================================================
လေယာဉ် မတော်တဆ တစ်ခုခုဖြစ်လျှင် လေယာဉ်ကို မည်သည့် နေရာမျိုးတွင် မဆို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် တတ်နိုင်သမျှ ဆင်းသက်ရန် လေယာဉ်မှူး များကို လေ့ကျင့်ပေး ထားကြောင်း၊ ထိုစနစ်သည် ခရီးသည်များ လေထီးဖြင့် ခုန်ချကြသည် ထက်ပို အန္တရာယ် ကင်းကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။

လေယာဉ် ဆင်းခါနီးလျှင် ပြတင်းလိုက်ကာ များ လိပ်တင် ရတာ ဘာကြောင့်လဲ။
===================================================
လေယာဉ်ထဲမှာ အချိန်ကြာမြင့်စွာ ထိုင်ရသော ခရီးသည်များ အနေဖြင့် လေယာဉ်ပြင် မထွက်ခင် အပြင်က အလင်းရောင်နှင့် ပြန်လည် အသားကျ သွားအောင် ထိုသို့ လုပ်ရခြင်း ဖြစ်ကြောင်း ကပ္ပတိန် သောမတ်စ် က ပြောသည်။ ထိုသို့ မဟုတ်ဘဲ လေယာဉ်ထဲကနေ ဗြုန်းစားကြီး အပြင်ထွက်လိုက် မည်ဆိုပါက လူ၏ ခန္ဓာစနစ်သည် အလင်း ချိန်ညှိမှု ပြဿနာ ဖြစ်ပွားမည် စိုးရိမ်ရ သောကြောင့် ဖြစ်ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*