စားသောက်ဆိုင်မှာ သွားစားတိုင်း ဉာဏ်ရှိရှိ ရွေးစားတတ်စေရန်

စားသောက်ဆိုင်က အမြန်စာ ( Fast Food ) တွေက ကျန်းမာရေးနဲ့ ညီညွတ်တာတွေ မဟုတ်ဘူးလို့ ထင်နေပါသလား။ မြန်မြန်ရပြီး အာဟာရရှိတဲ့ အစားအစာဆိုတာ မရှိနိုင်ဘူးလို့ သိထားပါသလား။ အဲဒီလိုလည်း မဟုတ်ပါဘူး။ အမြန်စာရောင်းတဲ့ စားသောက်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ရှိပါတယ်။ သင့်အနေနဲ့ ဉာဏ်ရှိရှိ ရွေးချယ်မှာယူတတ်ဖို့ပဲ လိုပါတယ်။

၁။ သေးငယ်သော အရွယ်အစားကိုရွေးပါ
အမြန်စာရောင်းတဲ့ စားသောက်ဆိုင်မှာ ဆင်းဒဝစ်ရှ်မုန့် အရွယ်အစားအစုံ ရောင်းတယ်ဆိုရင် အသေးငယ်ဆုံးမုန့် ဒါမှမဟုတ် သူငယ်ချင်းနဲ့ တစ်ဝက်စီမျှပြီး တစ်ဝက်သာစားပါ။ အထူးလုပ်ထားတဲ့ ဟမ်ဘာဂါမုန့်တွေဟာ ယေဘုယျအားဖြင့် ကယ်လိုရီ ၁၀၀၀ နဲ့ အဆီ ၇၀ ဂရမ်လောက် ပါဝင်တတ်တဲ့အတွက် ၂၅၀-၃၀၀ ကယ်လိုရီလောက်ပဲပါတဲ့ ပုံမှန် ဟမ်ဘာဂါကိုသာ စားပါ။ အာလူးချောင်းကြော်ကိုတော့ တတ်နိုင်သမျှရှောင်ပါ။

၂။ အာဟာရရှိသော ဟင်းအရံ မှာပါ
အမြန်စာရောင်းတဲ့ စားသောက်ဆိုင်အများစုမှာ အရံဟင်းပွဲတွေက ကျန်းမာရေးနဲ့ ညီညွတ်တတ်ပါတယ်။ ဥပမာ- အာလူးချောင်းကြော်အစား ဟင်းရွက်သုပ်၊ ဒိန်ချဉ်နဲ့ သစ်သီးအရော ဒါမှမဟုတ် အသီးအနှံပွဲတွေကို မှာပါ။

၃။ အစိမ်းရောင်ကို ရွေးပါ
ကြိတ်ခြေထားတဲ့ ကြက်သား၊ ပုစွန်၊ ဂဏန်း စတာတွေနဲ့ အစိမ်းရောင်ဟင်းရွက်တွေကို ရောသုပ်ထားတာမျိုး ရွေးစားပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်ကြော် ဒါမှမဟုတ် သီးစုံဟင်းချိုမျိုးမှာပါ။ ဒိန်ခဲ၊ ထောပတ် စတာတွေ များများပါဝင်တဲ့ ဟင်းပွဲများ ရှောင်ပါ။ ၄။ ပြုတ်ထားသော အစားအသောက်မှာပါ ဆီကြော်အသားတွေနဲ့ ဆီများများနဲ့ ပြုလုပ်ထားတဲ့ အသားဟင်းပွဲတွေ အစား ရေလုံပြုတ်အသား၊ ကင်ထားတဲ့အသားတွေ ကိုသာ ရွေးမှာပါ။

၅။ အချိုရည်ရှောင်ပါ
အချိုရည်အများစုမှာ ကယ်လိုရီ အများအပြား ပါဝင်နေတတ်ပါတယ်။ ပုံမှန် ဆော်ဒါအချိုရည်တစ်ခွက်မှာ ကယ်လိုရီ ၃၀၀ လောက် ပါဝင်တတ်တဲ့အတွက် ကိုယ်အလေးချိန်တက်မှာ ကြောက်သူတွေရှောင်သင့်ပါတယ်။ ရေ၊ အချိုဓာတ်လျှော့ထား တဲ့ လက်ဖက်ရည်ကိုသာ သောက်ပါ။ ရေခဲမုန့်တွေနဲ့ မစ်ရှိတ် (Shake)လို ဖျော်ရည်တွေမှာ ကယ်လိုရီများစွာ ပါဝင်တတ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*