ကိုယ့်ပုံ ကိုယ်ရိုက်ပြီး ဖေ့စ်ဘွတ်ခ် အတင်များသူလား၊ ဒါဆို ကိုယ့် ကိုယ်ကိုယ် အစွဲလွန်စိတ် ဝေဒနာသည် ဖြစ်နိုင်

ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသည့် ဆိုရှယ် မီဒီယာများတွင် ကိုယ့်ပုံ ကိုယ်ရိုက်ကာ အတင်များသူသည် မိမိကိုယ်ကိုယ် စွဲလန်းလွန် စိတ်ရောဂါ ဝေဒနာသည်ဖြစ်ဖို့ ပိုနီးစပ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြလိုက်သည်။

ဆိုရှယ် မီဒီယာများတွင် ကိုယ့်ပုံကိုယ် မကြာမကြာ ရိုက်တင် သူများသည် ပုံမှန်လူများနှင့် ယှဉ်လျှင် အတ္တပိုကြီး၊ ကိုယ့်ကိုယ်ကို ပိုအာရုံစိုက်၊ ကိုယ့်အတွက်ကိုယ် ပိုစဉ်းစား တတ်ကြသည် မိမိ ကိုယ်ကိုယ် ဗဟိုပြု သမားများ ဖြစ်လာကြကြောင်း စစ်တမ်းက ဖော်ပြသည်။


မိမိကိုယ်ကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ် မီဒီယာ အတင်များ သူတို့သည် ကိုယ်ပုံကိုယ် လှမလှ ပိုစဉ်းစား ဖြစ်ကြသလို၊ ပုံမတင်မီ မိမိပုံ လှပစေရန် အမျိုးမျိုး ပြုပြင် အလှဆင်လေ့လည်း ရှိကြသည်။ ပုံတင်တာများလေ မိမိပုံ လှအောင် ပြင်ဆင်သည့် အချိန်လည်း ပိုများလေ ဖြစ်ကာ မိမိကိုယ်ကို အာရုံစိုက်လွန်း စွဲလန်းလွန်းသည့် စိတ်ဝေဒနာလည်း ပိုရင့်သန် လာရကြောင်း သိရသည်။ နောက်ဆက်တွဲ ဆိုးကျိုး အဖြစ်ကား မိမိအတွက်သာ အာရုံစိုက်ခြင်း၊ အခြားသူများကို မစာနာခြင်းများထိ ဖြစ်ပွား လာတတ်ကြောင်း သိရသည်။

အိုဟိုင်းယိုး တက္ကသိုလ်မှ စိတ်ပညာရှင်များက လေ့လာ သုတေသန ပြုထားခြင်း ဖြစ်သည်။ ကိုယ့်ပုံ ကိုယ်ရိုက်ကာ ဆိုရှယ် မီဒီယာ အတင်များသူသည် လူအများနှင့် ပေါင်းသင်း ဆက်ဆံနိုင်စွမ်း ကျဆင်း တတ်သလို၊ မိမိနှင့် မတည့်သူလည်း များပြီး တစ်ကိုယ်တည်းသာ ပိုနေ ဖြစ်ကြကြောင်း သိရသည်။

လေ့လာမှု စစ်တမ်းကို Personality and Individual Differences ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

ကိုယ်ပုံကိုယ် ရိုက်ပြီးတိုင်း ဖေ့စ်ဘွတ်ခ်၊ တွစ်တာ တင်ဖို့လောက်သာ စိတ်စောနေသူ ဖြစ်လေ ကိုယ့် ကိုယ့်ကိုယ် အစွဲလွန် စိတ်ဝေဒနာ လက္ခဏာလည်း များများ ပြသလေ ဖြစ်ကြောင်း စစ်တမ်းက ထောက်ပြသည်။

အသက် (၁၈) မှ (၄၀) ကြား အမျိုးသား (၈၀၀) ကို လေ့လာထားခြင်း ဖြစ်သည်။ ဆိုရှယ် မီဒီယာများသို့ ပုံတင်သည့် နှုန်းများကို မေးမြန်း ထားသလို၊ စိတ်နေ စိတ်ထားများ ပေါ်လွင်စေမည့် မေးခွန်းများလည်း မေးမြန်း သုတေသန ပြုထားသည်။ ပုံမတင်မီပုံကို လှအောင် မည်မျှ ပြုပြင်သည်ကိုလည်း မေးမြန်း စစ်တမ်း ကောက်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*