သေဆုံးပြီဆိုကာ ရေခဲတိုက်ထဲရောက်ပြီးမှ အသက်ပြန်ရှင်လာခဲ့သည့် အမျိုးသမီး

အိန္ဒိယနိုင်ငံမှ အမျိုးသမီးတဦးဟာ သေဆုံးပြီဆိုပြီး ရေခဲတိုက်တွင်း ရောက်ခဲ့ပြီးကာမှ ထူးထူးဆန်းဆန်း အသက်ပြန်ရှင်လာခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြပါတယ်။

အသက် ၄၀ အရွယ် ရတ်သ်နမ်အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အသားဝါရောဂါကို နာတာရှည် ခံစားခဲ့ရတာဖြစ်ပြီး ဆေးရုံမှာ ၂ လကြာ တက်ရောက်ကုသခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုမှမသက်သာဘဲ နောက်ဆုံးမှာတော့ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေပါ ချို့ယွင်းခဲ့တာမို့ အိမ်ကိုပြန်ခေါ်ထားပြီး နောက်ဆုံးအချိန်ကို ဖြတ်သန်းနိုင်ဖို့ ဆွေမျိုးတွေက ဆုံးဖြတ်ခဲ့ကြတာပါ။

ဆေးရုံကနေ အိမ်ကိုပြန်ခေါ်လာခဲ့ပြီး အိမ်ရောက်ချိန်မှာတော့ သူဟာ မလှုပ်ရှားတော့တာမို့ ဆွေမျိုးသားချင်းတွေက သေပြီလို့ ဆုံးဖြတ်ခဲ့ကြကာ ရေခဲတိုက်ဆီ လွှဲပြောင်းဖို့ လုပ်ခဲ့ကြတာပါ။

အဲဒီနောက် ရေခဲတိုက်ထဲမှာ သူ့ကိုထားခဲ့ပြီး တနာရီလောက်အကြာမှာတော့ ရိုးရာဓလေ့ထုံးတမ်းနဲ့ ဈာပနအခမ်းအနား ကျင်းပဖို့ ပြင်ဆင်ချိန်မှာပဲ ရတ်သ်နမ်ဟာ အသက်ရှူပြီး ပြန်လည်လှုပ်ရှားလာခဲ့တာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်တော့ သူတို့ဟာ ရဲတွေကို အကူအညီတောင်းခဲ့ကြပြီး ဆေးကုသပေးဖို့ နီးစပ်ရာ ဆေးရုံတရုံဆီ ပို့ဆောင်ပေးခဲ့ကြတာပါ။

ရဲတွေကတော့ ရတ်သ်နမ်ရဲ့ ဆွေမျိုးသားချင်းတွေဟာ သေဆုံးကြောင်းကို ဆရာဝန်တွေရဲ့ အတည်ပြုချက်မပါဘဲ ကိုယ်တိုင်ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ဆေးရုံတာဝန်ရှိသူတဦးကတော့ “သူ့ရဲ့ ဆွေမျိုးသားချင်းတွေဟာ သေသွားပြီလို့ ဆုံးဖြတ်ခဲ့ကြတာ။ သူ့ရဲ့ နာရေးအခမ်းအနား လုပ်တဲ့အချိန်ကျမှ ပြန်လှုပ်ရှားပြီး အသက်ရှူနေတာကို သတိထားမိခဲ့ကြတာ။ အဲဒါကြောင့် ဆေးရုံကို ပြန်လွှဲခဲ့တာပါ” လို့ ပြောပါတယ်။

ဒါပေမယ့် ကံမကောင်းစွာဘဲ သူဟာ ဆေးရုံရောက်ပြီး အချိန်ပိုင်းလေးအတွင်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*