ကားပေါ်မှာ စာအုပ်ဖတ်ရင် ဘတ်စ်ကားခ ပေးစရာမလိုတဲ့ အစီအစဉ် ရိုမေးနီးယား မှာ ပြုလုပ်

ရိုမေးနီးယား နိုင်ငံ မှာရှိတဲ့ မြို့တော် တစ်ခုဟာ ပြည်သူတွေအတွက် အကောင်းဆုံး အစီအစဉ်တစ်ခု ဖန်တီးပေးလိုက်ပါတယ်။ အဲဒါကတော့ ပြည်သူ့ သယ်ယူပို့ဆောင်ရေး ယာဉ်တစ်ခုခုကို အသုံးပြုမယ့် မည်သူမဆို စာအုပ်ကောင်းတစ်အုပ်ကို ဖတ်မယ်ဆိုရင် အခမဲ့ စီးနင်းခွင့်ရမယ်ဆိုတာပါပဲ။

ဇွန်လထဲမှာ တစ်ပတ်တိတိ Cluj-Napoca မြို့တော်ဟာ ခရီးသည်တွေကို ခရီးသွားနေစဉ် ယာဉ်ပေါ်မှာ စာအုပ်ဖတ်မယ်ဆိုရင် ဘတ်စ်ကား အခမဲ့ စီးနင်းခွင့်ပြုခဲ့ပါတယ်။

ထို အစီအစဉ်ကိုတော့ စာအုပ်စာပေချစ်မြတ်နိုးသူ Victor Miron ဆိုသူက ရေးဆွဲ တောင်းဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို ခရီးသွားရင်း စာအုပ်ပိုဖတ်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

Victor ဟာ ထို အတွေးတွေကို သူ့ရဲ့ မြို့တော်ဝန်ကို တင်ပြပြီး သွားရောက်တိုင်ပင်ခဲ့တဲ့အခါမှာ မြို့တော်ဝန်ကလည်း သူ့ရဲ့ အစီအစဉ်ကို သဘောကျခဲ့ပါတယ်တဲ့။ အဲဒီနောက်မှာ Victor ဟာ သူ့ရဲ့ Facebook က တစ်ဆင့် ထို အစီအစဉ်အကြောင်းများ ရေးသားခဲ့တဲ့အခါမှာ ကောင်းမွန်တဲ့ တုံ့ပြန်မှု တစ်ခုကို ပြန်ရခဲ့တဲ့ အတွက် ၁ နှစ်ကျော်လောက် အချိန်ပေးပြီး ထို အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

ထို အစီအစဉ်ကို ရိုမေးနီးယား နိုင်ငံမှာလည်း တစ်ပတ်ခန့်သာ စမ်းသပ်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ထို အစီအစဉ်ဟာ ကမ္ဘာအနှံ့ အပြားမှာ အသုံးပြုသင့်တဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့ သယ်ယူပို့ဆောင်ရေးကို အခမဲ့ ဆောင်ရွက်ပေးလိုက်ရုံနဲ့ တိုင်းသူပြည်သား အားလုံး စာဖတ် ဖြစ်တော့မယ့် အစီအစဉ်တစ်ခု ဖြစ်နေလို့ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*