ဆား (သို့မဟုတ်) ဆားငံ ရည် ဖြင့် ဘာလို့ ပလုတ် ကျင်း ခိုင်းရ တာလဲ ..

ဆား (သို့မဟုတ်) ဆားငံ ရည် ဖြင့် ဘာလို့ ပလုတ် ကျင်း ခိုင်းရ တာလဲ ..

ဆားငန်ရည်နဲ့ ခံတွင်း ကျန်းမာ ရေး အကျိုးပြုပုံ

ဆားငန်ရည် ဆိုတာ ခံတွင်းကျန်းမာရေး အတွက် ကောင်းကျိုး များစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါး တစ်လက်ပါပဲ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်း ကိုလည်း သန့်ရှင်းပေးတယ်။ သွားကိုက်၊ သွားနာ၊ အနာပေါက်တာ၊ ခံတွင်းအနံ့ဆိုးဖြစ်တာ၊ လည်ချောင်းနာတာ၊ သွားနှုတ်ပြီးချိန်မှာ သွားဖုံးထဲ ပိုးမဝင်စေဖို့နဲ့ အနာကျက်မြန်စေဖို့ ဆားငန်ရည်နဲ့ ပလုတ်ကျင်းတတ်ကြပါတယ်

ဆားငန်ရည်နဲ့ ပလုတ်ကျင်း ဖို့ သွားနဲ့ခံတွင်း ဆရာဝန်တိုင်း ဘာလို့ အကြံပြုတာလဲ အလွယ်ကူဆုံးနဲ့ ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းသလို အိမ်တိုင်း မှာလည်း ဆားတွေ အလွယ်တကူဆောင် ထားတတ်ကြတာဆိုတော့ သုံးဖို့လည်း အဆင်ပြေစေပါတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်။ လုပ်ဖို့အတွက် အချိန် စက္ကန့်ပိုင်း လောက်ပဲ ပေးရတာကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ် ဆားငန်ရည်ဟာ ခံတွင်းကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုပေးနိုင်လဲ

၁။ ပါးစပ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သန့်စင်ပေးတယ်။ သွားတိုက်တံနဲ့ အလွယ်တကူ မရောက်နိုင်တဲ့ သွားကြားထဲက ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်

၂။ သွားသေချာ မတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို နှေးကွေးစေတယ်

၃။ ခံတွင်းအနံ့ဆိုး ထွက်တတ်တဲ့ သူတွေဆိုရင် တစ်နေ့ကို တစ်ကြိမ်လောက် ဖြစ်ဖြစ် သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ခံတွင်းအနံ့ဆိုးကို သက်သာစေတယ်။

အယ်လ်ကိုဟော ပါဝင်တဲ့ ခံတွင်း သန့်စင်ဆေးရည်နဲ့ မတည့်တဲ့သူတွေဆိုရင် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးလို့ ရပါတယ်

၄။ လည်ချောင်းနာတဲ့ သူတွေဆိုရင် ပါးစပ်ပတ်ပတ်လည်ကို တစ်ကြိမ်၊ အာခေါင်စပ် ရောက်တဲ့အထိ ခေါင်းကိုအနည်းငယ်မော့ပြီး တစ်ကြိမ် ၂ကြိမ်တိတိ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့်

လည်ချောင်းနာဝေဒနာကို အမြန်သက်သာ စေနိုင်သလို ပျောက်တာလည်း မြန်စေပါတယ်

၅။ ပါးစပ်မှာ Ulcer ကဲ့သို့ အဖြူရောင် အနာကွက်လေးတွေ ပေါက်နေတဲ့အခါ ဆားငန်ရည် နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ပိုးသေစေတယ်။

ဆေးဆိုင်ကနေ အနာပျောက်လိမ်းဆေးတွေကို လိမ်းပေးပြီးသွား ရင်လည်း အရောင်ကျစေနိုင်ပြီး အနာကို သေးစေကာ မြန်မြန်ပျောက်စေနိုင်ပါတယ်

၆။ သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်း၊ သွားပိုးပေါက်ဖြစ်ခြင်း၊ သွားပိုးစားခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်

၇။ သွားနှုတ်ပြီး ၂၄နာရီနောက်ပိုင်းမှာ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးမယ် ဆိုရင် အနာကျက်မြန်စေပြီး အနာမရင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်

သတိထားရမှာက သွားနဲ့ခံတွင်းဆရာဝန်ရဲ့ ဆေးပညာအတည်ပြုချက်ရမှသာ လုပ်သင့်ပါတယ်။ အထူးသဖြင့် အံဆုံးသွားနှုတ်တဲ့သူဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆားငန်ရည်နဲ့ ပလုတ်မကျင်းခင် အရင်မေးဖို့လိုအပ်ပါတယ်

၈။ အအေးမိ၊ ဖျားနာ၊ တုပ်ကွေးဖြစ်နေချိန်မှာလည်း ပလုတ်ကျင်း လို့ရပါတယ်။ ခံတွင်းနဲ့ လည်ချောင်းထဲမှာ ရှိနေတဲ့ ချွဲသလိပ်တွေကို ကြေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်

သွားနဲ့ခံတွင်းကျန်းမာရေး အတွက် ဒီနည်းလမ်းတွေကို လိုက်နာပါ

၁။ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာလည်း နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ သွားတိုက်ဖို့ အရေးကြီးပါတယ်

၂။ သွားတိုက်ပြီးရင် လျှာခြစ်ပါ။ လျှာခြစ်ဖို့အတွက် လျှာခြစ်တံ အပျော့စားလေး သို့မဟုတ် သွားပွတ်တံနဲ့ အသုံးပြုလို့ရပါတယ်

၃။ အားလုံးလုပ်ပြီးသွားရင် ပါးစပ်ကို ခံတွင်းသန့်စင် ဆေးရည် သို့မဟုတ် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ

၄။ ဆားငန်ရည်ပြုလုပ်တဲ့နေရာမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရေကျက်နွေးတစ်ခွက်နဲ့ ရောမွှေပေးရပါမယ်။

၁၀ စက္ကန့်မှ ၁၂ စက္ကန့်ထိ အကြာဆုံး ဆားငန်ရည်နဲ့ ပလုတ် ကျင်းပြီးသွားရင် ထွေးထုတ်ပစ်ပါ။ မမျိုချပါနဲ့။ လည်ချောင်းမှာ ဆားတွေကပ်နေရင် ရေနည်းနည်းငုံပြီး ပလုတ်ကျင်းကာ ထွေးထုတ်ပစ်ပါ

၅။ တစ်ပတ်ကို ၃ကြိမ်မှ ၄ကြိမ်ထိ လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်

၆။ အစာစားပြီးတဲ့အခါ ရေနဲ့ ပလုတ်ကျင်းပါ။ သွားပွတ်ကြိုးသုံးပြီး သွားကြားထဲ ညှပ်နေတဲ့ စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပစ်ပါ

၇။ သွားနဲ့ခံတွင်းဆေးခန်းကို ၆လ တစ်ကြိမ် ပုံမှန်သွားပြပေးပါ

ကိုယ့်ရဲ့ ရုပ်နဲ့ခန္ဓာကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှုရှိစေတာကြောင့် ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာပြီး ကိုယ့်ရဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့ ထပ်မံအကြံပြုပါရစေ

Be the first to comment

Leave a Reply

Your email address will not be published.


*