
အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ကနေဒါနိုင်ငံ အွန်တာရီယိုနယ်မြေတွင် GPS လမ်းညွှန်အတိုင်း မြူနှင်းအတွင်း ကားမောင်းနှင်ခဲ့ရာ နောက်ဆုံးတွင် ပေ ၁၀၀ နက်သည့် ရေကန်ထဲသို့ ကျဆင်းသွားကြောင်းသိရသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က အဆိုပါ အမျိုးသမီးသည် ကနေဒါနိုင်ငံ၏ ဆိုးရွားသော ရာသီဥတုနှင့် အမှောင်ထုကြား ကားမောင်းနှင်ခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ဝိုက် မြူနှင်းများလည်း ဖုံးလွှမ်းလာခဲ့ပြီး သူမအနေဖြင့် အွန်တာရီယိုနယ်မြေ တိုဘာမိုရီရှိ ညာဘက်သို့ ကွေ့ရမည့်နေရာတွင် နယ်မြေမကျွမ်းကျင်သောကြောင့် ကားကို မကွေ့ဘဲ ဆက်လက်မောင်းနှင်ခဲ့ကြောင်း Toronto Sun မှ ဖော်ပြခဲ့သည်။
ထို့နောက် သူမသည် လမ်းကို ဖြတ်၍ ဂျော်ဂျီယာပင်လယ်အော်သို့ ရောက်ရှိခဲ့သည်။ ၎င်းပင်လယ်အော်ရှိ နေရာအများစုသည် ရေအနက် ပေ ၁၀၀ ရှိပြီး အနက်ဆုံးအပိုင်းက ပေ ၅၀၀ အထိရှိသည်။
“ကားဟာ လမ်းကို ဖြတ်ပြီး ချက်ချင်း ရေထဲကျသွားတော့တာပေါ့” ဟု နယ်မြေခံရဲ ကတ်ထရီနာရှုဗင် စတိန်းဂီးဘတ်က Toronto Sun သို့ ပြောကြားခဲ့သည်။
ကံကောင်းစွာဖြင့် အမျိုးသမီးသည် ၎င်းအခြေအနေကို လျင်မြန်စွာ သတိပြုမိခဲ့ပြီး ကားပြတင်းပေါက်မှ ထွက်ကာ လုံခြုံသည့်နေရာသို့ ကူးခတ်နိုင်ခဲ့သည်။ သို့သော် သူမ မောင်းနှင်လာသည့် Toyota Yaris မှာ ရေထဲသို့ နစ်မြုပ်သွားခဲ့သည်။
အမျိုးသမီးအနေဖြင့် ဒဏ်ရာမရရှိခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားစဉ် ရေ၏အပူချိန်မှာ ၄ ဒီဂရီ ဆဲလ်စီယပ် (၄၉ ဒီဂရီ ဖာရင်ဟိုက်) သာရှိကြောင်း ရဲအစီရင်ခံစာတွင် ဖော်ပြထားသည်။
Leave a Reply