ဝါသနာ ပါရာ “လုပ်ခွင့်” ရမယ်ဆိုရင်

အိမ် တစ်အိမ်မှာ လူတစ်ယောက် တိုးတက်မှု မရှိတဲ့ အဓိက အချက်ကတော့
(၁) အားလပ်ချိန် မပေးခြင်း၊
(၂) လွတ်လပ်ချိန်တွေမှာ ကိုယ်ဝါသနာပါရာ လုပ်ခွင့်မရှိခြင်း တို့ ထိပ်ဆုံးက ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ စိတ်မပါတာ လုပ်ရတဲ့အခါ အလွယ်တကူ လက်လျှော့ တတ်လို့ပါ။ ဝါသနာပါရာ လုပ်ခွင့်မရတဲ့ သူဟာ ပျော်ရွှင်မှု ရှိဖို့ဆိုတာလည်း မလွယ်လှပါဘူး။


အင်ဂျင်နီယာဖြစ်ချင်တဲ့ ညီမတစ်ယောက်ကို သူရဲ့အိမ်က ဘာသာစကား အထူးပြု ကျောင်းတက်စေခြင်းက အမှားကြီး မှားသွားခြင်းပါ။ ဒီညီမလေးရဲ့ ဘဝကို ရိုက်ချိုးလိုက်သလို ဖြစ်သွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာတစ်ခု အထူူးပြုတဲ့ဘွဲ့ကို ရအောင် ယူခဲ့ပေမယ့် ဒီဘွဲ့နဲ့ ကိုက်ညီတဲ့ အလုပ်တွေမှာ အဆင်မပြေ နိုင်ခြင်းကြောင့်ပါ။ တက္ကသိုလ်ဘွဲ့ ရရှိထားတဲ့ လူငယ် အယောက် (၅၀)ကို မေးခွန်တစ်ခု မေးခဲ့ဖူးပါတယ်။

“ဒီဘွဲ့နဲ့ ဆက်စပ်ပြီး ဘာတွေများ လုပ်လိုပါသလဲ” လို့မေးလိုက်တဲ့ အခါ

အများစုက မသိသေးပါဘူးတဲ့။

သူတို့ရဲ့ ပြတ်သားတဲ့ အဖြေက ရင်နာစရာ အရမ်းကောင်းပါတယ်။ အရွယ်ရောက်နေသူ တစ်ယောက်အနေနဲ့ ကိုယ်ဖြစ်ချင်တာ၊ ဖြစ်လိုတာကို တိတိကျကျ သိရှိနေရတော့မှာပါ။ ဘာကြောင့် ဒီလို ဖြစ်တာလဲ ဆိုတာ မမေးလဲ လူတိုင်းသိ နိုင်ပါတယ်။

ငယ်စဉ်ကတည်းက မိမိသားသမီး ဖြစ်လို့တဲ့ ဘဝက မိမိဖြစ်စေချင်တာမျိုး မဟုတ်ဘဲ ကောင်းမွန်တဲ့ နောက်ထပ်လမ်းကြောင်းမျိုး ဆိုရင် ခွင့်ပြုပေးစေချင်ပါတယ်။ အခြားဟာတွေအတွက် “ငွေ”အကုန်ခံ အရောက်တွန်းနေမယ့် အစား သူတို့ ဖြစ်လိုသည်ဘက်ကို ကြိုးပမ်းခွင့် ပေးလိုက်တာက အကောင်းဆုံး ဆုံးမနည်းပါ။

ကမ္ဘာကျော် တီထွင်ဖန်တီးနိုင်သူတွေက မဖြစ်နိုင်ဘူးလို့ လူတိုင်းက လက်ခံထားတာကို ဘယ်သူဘာထင်ထင် ရအောင်လုပ်နိုင်ပြီး လောကကို အကျိုးပြု နိုင်ခဲ့သူကြီးပါဘဲ။ ဥပမာ ကမ္ဘာကျော်နေတဲ့ အနုပညာသမားတချို့ကို ကြည့်လိုက်ပါ။ သိတတ်စဉ် အရွယ်ငယ်ငယ်ကတည်းက သူနှစ်သက်တဲ့ ဝါသနာကို တစ်စိုက်မတ်မတ်လုပ်ခဲ့ရတာပါ။ အရွယ်ရောက်မှ သူများအောင်မြင်နေတာ ကြည့်ပြီး လိုက်လုပ်တဲ့သူမရှိပါဘူး။ အားကျတာဟာ ဝါသနာပါတာ မဟုတ်ပါဘူး။ ဘာလုပ်ချင်တာမှန်း သေချာမသိဘဲ လိုက်လုပ်ရင်း လမ်းခုလတ်မှာ ရပ်တန့်နေရသူ တစ်ဖြည်းဖြည်း များလာခဲ့တာပါ။

ဒါကိုကြည့်ရင် ပညာရှင်တစ်ယောက်ဖြစ်ဖို့ အဆုံးအရှုံးလည်း များခဲ့မှာပါဘဲ။ သို့သော် ဝါသနာပါတဲ့ အရာကို ထမင်းဟင်းမေ့ လုပ်လာခဲ့တဲ့အတိုင်း လူတွေရဲ့အရှေ့မှာ အောင်နိုင်သူဆိုပြီး ခေါင်းမော့နေနိုင်မှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*