မွေးနေ့ သောကြာ ၊ တနလာၤ ကေသာ ဆံဖြတ်ပြုအပ်သလား ခေါင်းလျှော် သင့်သလား

မွေးနေ့ သောကြာ ၊တနလာၤ ကေသာဆံဖြတ်ပြုအပ်သလားခေါင်းလျှော်သင့်သလား

တစ်နေ့သော ညနေစောင်းတွင် ဇီဝကတစ်ယောက် ကော်ဖီလေးတစ်ခွက်နှင့် ပတ်ဝန်းကျင်ကို ဟိုသည်ငေးနေခိုက် ဝတ်ဆန် ဆိုသည့် သူငယ်မတစ်ယောက် ရောက်လာ၏ ။


ဝတ်ဆန် ။ ။ ဆရာ ရေ ၊ခုတလော ညီမ ရေချိုး ခေါင်းလျှော်ပြီးတိုင်း အအေးမိနေတာ ပုံမှန်ပဲလား ဆရာ? ရောဂါကြီးကြီးမားမား ဖြစ်မှာစိုးလို့ ။

ဇီဝက ။ ။ ဟာ ၊ညည်းကတော့ လုပ်တော့မယ်။ ရေကို တစ်နေ့ဘယ်နှကြိမ်ချိုးနေလဲ ။ခုပဲဆောင်းတွင်းထဲ ဝင်နေပြီ ။

ဝတ်ဆန် ။ ။ ဟီး သိပ်မများပါဘူး ၊ဆရာ ။တစ်နေ့ နှစ်ကြိမ် သုံးကြိမ်လောက်ပါပဲ ။

ဇီဝက ။ ။ အေး အဲဒါကြောင့်ဖြစ်တာပေါ့ ။ ခုလို ဆောင်းတွင်းကျတော့ တစ်ကြိမ်ဆို လုံလောက်ပြီ ။နွေဆိုနှစ်ကြိမ်လောက်ဆို တော်ရောပေါ့ ။ဆောင်းတွင်းချိုးရင် ရေကို အနေတော် မပူမအေးလေးနဲ့ ချိုး ။

ဝတ်ဆန်။ ။ ညီမက ရေချိုးရင် ခေါင်းမလျှော်ပဲ မနေနိုင်လို့ လျှော်မိတယ် ဆရာ ။ အဲဒါနဲ့ရော ဆိုင်သလားဟင် ။

ဇီဝက ။ ။ ဆိုင်သမှ သိပ်ဆိုင်ပေါ့ဟာ ။ လူတွေက အထူးသဖြင့် ညည်းတို့လို မိန်းကလေးမျိုးတွေပေါ့ ။ ဆံပင်ကရှည်ရှည် ရေချိုးတိုင်းခေါင်းလျှော်တော့ တော်ရုံမခြောက်ဘူးလေ ၊အဲ့ဒီမှာ အအေးမိတော့တာပေါ့ ။

ဝတ်ဆန် ။ ။ ဒါဆိုရင် ဘယ်နှကြိမ်လျှော်ရမလဲ ၊ဆရာ ။

ဇီဝက ။ ။ တော်သင့်ရုံပေါ့ဟာ ။တစ်ပတ် နှစ်ကြိမ် ၊သုံးကြိမ်ဆို လုံလောက်ပြီလေ ။အေး လျှော်ပြီရင်လည်း သေချာ ခြောက်အောင်သုံး ၊နည်းနည်း အချိန်ပေးပြီ ခြောက်အောင်လုပ် ။အေးတဲ့ရာသီတွေ ၊ကိုယ်က မကြာခဏ အအေးမိတတ်ရင် ရေချိုးခေါင်းလျှော်ပြီးတာနဲ့ နွေးနွေးထွေးထွေးနေ ။

ဝတ်ဆန် ။ ။ ဒါဆိုရင် လူကြီးတွေပြောသလို “မွေးနေ့တို့ သောကြာနေ့တို့ တနလာင်္နေ့တို့မှာ ဆံပင်ညှပ် ၊ခေါင်းလျှော်”လို့မရဘူးပေါ့နော် ။

ဇီဝက ။ ။ အဲ့လိုလည်း မဟုတ်ပါဘူး ။ ရပါတယ် ။အဓိက ရှေးဆိုရိုးက တစ်ပတ်နှစ်ကြိမ် သုံးကြိမ်ထက်ပိုမလျှော် စေချင်လို့ပေါ့ဟာ ။ဆံပင်လည်းညှပ်ပေါ့ ၊ကြိုက်တဲ့ရက် ညှပ်လို့ရပါတယ် ။ညည်း အယူမသည်းရင်ပေါ့ဟာ ။

ဝတ်ဆန် ။ ။ ကျေးဇူးတင်လိုက်တာ ၊ဆရာ ။ခုမှ သေချာ နားလည်တော့တယ် ။ ပြီးတော့ ဆရာရယ် ၊ရေချိုး တာပဲဖြစ်ဖြစ် ၊ခေါင်းလျှော်တာပဲဖြစ်ဖြစ် တချို့က ခေါင်းက စလောင်းတယ် ၊တချို့ကျပြန်တော့ ကိုယ်ကို အရင်လောင်းတယ် ၊ကျန်တဲ့သူတွေကျတော့ ခြေထောက်က စလောင်းပြန်ရော ။အဲ့တာကရော ဘယ်ဟာက မှန်လဲ ။

ဇီဝက ။ ။ အမှန်ပြော ရရင် ခြေထောက်က စလောင်းပြီး တဖြည်းဖြည်းချင်း ကိုယ်အပေါ်ဘက်ကို လောင်းချိုးတဲ့သူတွေက အမှန်ပဲ ကွယ့် ။ဘာလို့လဲဆိုရင် ခေါင်းကစချိုးတာပဲဖြစ်ဖြစ် ၊ကိုယ်က စလောင်းတာပဲဖြစ်ဖြစ် မိမိခန္ဓာကိုယ်ဟာ ရေလောင်းလိုက်တဲ့အခါ ရုတ်တရက် အပူချိန်တွေ အပြောင်းအလဲ ဖြစ်သွားပြီး သွေးလန့်တာ ရှော့်ခ် ဖြစ်သွားတတ်တယ် ။အထူးသဖြင့် ရေအေးနဲ့ချိုးတဲ့သူတို့ ၊အေးတဲ့ အချိန် ၊အေးတဲ့ရာသီဥတုတွေမှာပေါ့ ။နောက်ပြီး နေပူထဲက ပြန်လာတဲ့သူတွေ ချက်ချင်းရေချိုးတာ ၊ခြေထောက်ရေလောင်းတာတွေရှောင်ရမယ် ။

ဝတ်ဆန် ။ ။ မရှောင်ရင် ဘာတွေဖြစ်တတ်လဲ ၊ဆရာ ။

ဇီဝက ။ ။ ရှော့်ခ်ရတာ ၊သွေးလန့်တာ ။ရုတ်တရက် မျက်စိကွယ် ၊လေဖြတ်တာတွေဖြစ်တတ်တယ် ။
အခန့်မသင့်ရင် အသက်ဆုံးရှူံးနိုင်တယ်။ ဆင်ခြင်ပေါ့ကွယ် ။

ဝတ်ဆန်။ ။ အမလေး ။ကြောက်စရာကြီးပါလား ။ ဆရာပြောသလိုပဲ ရေချိုး ၊ခေါင်းလျှော်တော့မယ် ဆရာရေ ။ အိမ်က လူကြီးတွေကိုလည်း ဆရာပြောတာတွေ ပြန်ပြောပြရမယ် ။ကျေးဇူးပဲနော် ဆရာ ။

ဝတ်ဆန် တစ်ယောက် ပေါ့ပါးသွက်လက်စွာ ဆေးခန်းထဲမှ ထွက်သွားတာကို ငေးကြည့်ရင်း ဇီဝက တစ်ယောက် နှုတ်ဖျားမှ “မွေးနေ့ သောကြာ တနလာၤကေသာ ဆံဖြတ် မပြုအပ်” ဆိုတဲ့ စာချိုးလေးကို ရွတ်ရင်း ပြုံးနေမိ၏။

Be the first to comment

Leave a Reply

Your email address will not be published.


*