ကျိန်ဆဲပြောဆိုလေ့ ရှိသူ တွေဟာ ဝေါဟာရ ပိုမို ကြွယ်ဝတာကို တွေ့ရှိ

တစ်ခုခုဆို ကျိန်ဆဲပြောဆိုလေ့ရှိတဲ့ သူတွေဟာ ယဉ်ကျေးစွာ စကားပြောဆိုတတ်သူတွေထက် ဝေါဟာရ ကြွယ်ဝကြကြောင်း ကို သုတေသန တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီလို အပြောအဆိုရိုင်းကြသူတွေဟာ အပျင်းကြီးပြီး ပညာမတတ်ဘူးလု့ိ မဆိုနိုင်ကြောင်း ကိုလည်း ဘာသာဗေဒသိပ္ပံဂျာနယ် မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုအရ သိရပါတယ်။ တစ်နည်းအားဖြင့်တော့ မပြောသင့် ၊ မပြောအပ်တဲ့ စကားလုံးတွေကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစွာ သုံးစွဲလေ့ရှိသူတွေဟာ အခြား နေရာ တွေမှာတော့ ဝေါဟာရ ပိုမို ကြွယ်ဝကြပါတယ်။

ထိုလေ့လာမှု ထဲမှာတော့ သုတေသီတွေဟာ အစမ်းသပ်ခံသူတွေကို စက္ကန့် ၆၀ အတွင်း ကျိန်ဆဲ ပြောဆိုတဲ့ စကားလုံးတွေကို ပြောနိုင်သလောက် ပြောစေခဲ့ပါတယ်။ အဲဒီနောက်မှာ သူတို့ကို စက္ကန့် ၆၀ အတွင်း မှတ်မိသလောက် ၊ ပြောနိုင်သလောက် တိရိစ္ဆာန် နာမည်တွေကို ရေရွတ်ခိုင်းခဲ့ပါတယ်။


အဲဒီအခါမှာတော့ ကျိန်ဆဲ ပြောဆိုမှု အများဆုံးသူတွေဟာ တိရိစ္ဆာန်နာမည် ပေါင်းအများဆုံး ပြောနိုင်သူတွေဖြစ်နေကြတာကိုတွေ့ရပါတယ်။

ဒီလေ့လာမှုကို ပူးတွဲဆောင်ရွက်ခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စုက စိတ်ပညာ ကျွမ်းကျင်သူ ၂ ယောက်ဖြစ်ကြတဲ့ Kristin နဲ့ Timothy Jay တို့က ကျိန်ဆဲ ပြောဆိုခြင်းဟာ နှုတ်ပိုင်းဆိုင်ရာ ဝေါဟာရ ကြွယ်ဝမှု နဲ့ တိုက်ရိုက် အချိုးကျနေတာကို တွေ့ခဲ့ရတယ်လို့ အခိုင်အမာဆိုကြပါတယ်။

ထိုလေ့လာမှုမှာတော့ အသက် ၁၈ နှစ်ကနေ အသက် ၂၂ နှစ်ကြားရှိတဲ့ အစမ်းသပ်ခံသူ ၄၉ ယောက်ကို အသုံးပြုခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*