
ဖုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါမှာ အချို့ ဓာတ်ပုံရိုက် ဝါသနာရှင်တွေ အနေနဲ့ ညဘက် ဓာတ်ပုံတွေကို ရိုက်ကူးချင်ကြပါတယ်။ ဒါပေမဲ့ ဖုန်းတွေမှာ ညဘက် ရိုက်ဖို့အတွက် အချို့ဖုန်းတွေမှာ နည်းပညာကြောင့် အခက်အခဲ တချို့ရင်ဆိုင်ကြရပါတယ်။ နည်းပညာအခက်အခဲမှာ ဖုန်းမှာပါဝင်တဲ့ နည်းပညာကြောင့် အခက် အခဲ ဖြစ်နိုင်သလို ဓာတ်ပုံပညာရပ်ဆိုင်ရာ နည်းပညာရပ်တွေကို လေ့လာမှုနည်းလို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ရှိကြတာကို တွေ့ကြရပါတယ်။ ဒါကြောင့် အခုဆောင်းပါးမှာ မိုဘိုင်းဖုန်း အသုံးပြုပြီး Professional ဓာတ်ပုံကောင်းတွေ ရဖို့အတွက် ဘယ်လိုရိုက်ကူးမလဲ ဆိုတာတွေကို အချက်အချို့နဲ့ ဖော်ပြပေးသွားပါမယ်။
ညဘက်မှာ ဓာတ်ပုံတွေကို ဘယ်လိုရိုက်မလဲ
စမတ်ဖုန်း ကိုင်ထားတဲ့ လူတော်တော်များများက ညဘက် ဓာတ်ပုံရိုက်ရင် အလင်းအမှောင်ကို ထိန်းချုပ် ရိုက်ကူးတဲ့အခါ အချို့စမတ်ဖုန်းတွေက အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် တစ်ခါတလေမှာ ညဓာတ်ပုံတွေမှာ ဖွယ်နေပြီး လူရုပ်တွေက သေချာမသဲကွဲတဲ့ အဖြစ်မျိုး ကြုံဖူးကြသလို ပတ်ဝန်းကျင် အနေအထား လှပမှုတွေကို ရိုက်ကူးတဲ့ အခါမှာလည်း ဓာတ်ပုံက အရည်အသွေး မကောင်းဘဲ တန်းမဝင်တဲ့ ဓာတ်ပုံတွေကိုသာ ရရှိကြပါတယ်။ နောက်ပိုင်း စမတ်ဖုန်းတွေမှာ ကင်မရာရဲ့အရည်အသွေးတွေကို မြှင့်တင်လာပြီး ညဘက်ကောင်းကောင်း ရိုက်နိုင်အောင် နည်းပညာအရ ဖန်တီးလာကြပါတယ်။ အလိုအလျောက် ချိန်ညှိပေးတဲ့အတွက် ထင်သလောက် ကွာလတီကို မရနိုင်ဘဲ ရှိနေပါတယ်။ ဒါကြောင့် ညဘက်မှာ လူပုံကိုပဲ ရိုက်ကူးတာပဲဖြစ်ဖြစ် ၊ ရှုခင်းတွေ လှပတဲ့မြို့တွင်းပုံတွေ ရိုက်ကူးတာပဲဖြစ်ဖြစ်မှာ အကောင်းဆုံးကတော့ Manual စနစ်နဲ့ ရိုက်ကူးခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အဲ့လိုရိုက်ကူးတဲ့ အခါမှာTripod သုံးရင် ပိုမိုအဆင်ပြေစေပါ တယ်။ ဓာတ်ပုံအယူအဆ အတွက်ဆိုရင်တော့ နေ့ဘက်မှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေထက် ပိုပြီးတော့ နည်းစနစ်တွေပိုမို အသုံးပြုရိုက်ကူး ရပါတယ်။ ညဘက်မှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေဟာ ထူးထူးဆန်းဆန်းတွေ ၊ မှော်ဆန်ဆန်တွေ Romatic ဆန်ဆန်တွေကို ရှာဖွေရိုက်ကူးရမှာ ဖြစ်ပါတယ်။ အချို့သော ပုံရိပ်တွေဟာ နေ့တစ်နေ့ရဲ့ ညဘက်မှာ ဖြစ်ပေါ်သွားတဲ့ ပြောင်းလဲမှုတွေကို ဖမ်းယူထားနိုင်မှာ ဖြစ်ပါတယ်။
၁။ ကင်မရာ လုပ်ဆောင်ချက်တွေ လေ့လာပါ။
မိုဘိုင်းဖုန်း ကင်မရာနဲ့ ညဘက် ဓာတ်ပုံရိုက်တော့မယ်ဆိုရင် အရင်ဆုံး အမှောင်ထဲမှာ ဘယ်လိုရိုက်ကူးရမလဲ ဆိုတာနဲ့ ဘယ်လိုရိုက်ကူးလိုက်ရင် ဘယ်လိုပုံ ထွက်တယ်ဆိုတာကို လေ့လာထားဖို့ လိုအပ်ပါတယ်။ အကြောင်းအရင်းက ကိုယ့်ရိုက်မယ့် ရှုခင်းနေရာမှာပဲဖြစ်ဖြစ် လူပုံကိုရိုက်ကူးတဲ့ အခါမှာပဲဖြစ်ဖြစ် အမှောင်က ဘယ်လောက် ပမာဏရှိနေပြီး လင်းအောင် Shutter Speed ဘယ်လောက်ထားပြီး ရိုက်ကူးရမယ်ဆိုတာကို လေ့လာထားရပါမယ်။ ဖုန်းကင်မရာတွေမှာ ပါဝင်တဲ့ Camera Manual စနစ်က shutter speed က ဘယ်အတိုင်းတာအထိ လုပ်နိုင်လည်းဆိုတာကို ဓာတ်ပုံတွေ အစမ်းရိုက်ကူးရင်းနဲ့ လေ့လာနိုင်ပါတယ်။ အဲလိုမှ ကိုယ်တကယ်လိုချင်တဲ့ အလင်းအမှောင်နဲ့ ရုပ်ထွက်တွေကို ချိန်ညှိကစား သွားနိုင်ပါတယ်။ အဓိကကတော့ Shutter Speed နဲ့ ISO ကို လိုသလို ချိန်ထိုး ကစားနိုင်ပြီး ဓာတ်ပုံအရည်အသွေးကို လေ့လာနိုင်ပါတယ်။ အချို့ကတော့ မိုဘိုင်းဖုန်းမှာပါတဲ့ auto စနစ်ကိုပဲထားပြီး ရိုက်ကူးလိုက်တဲ့အတွက် ဦးနှောက်ခြောက် စရာမလိုပါဘူး။ ဒါပေမဲ့ ဖုန်းကင်မရာက ထုတ်ပေးတဲ့ ဓာတ်ပုံကွာလတီကိုပဲ ရှိမှာပါ။ အခုနကလို Shutter Speed နဲ့ ISO တွေ ချိန်ထိုးကစားပြီး ရိုက်ကူးမယ်ဆိုရင်တော့ မဖြစ်မနေ Tripod နဲ့ဖုန်းကို တပ်ဆင်ရိုက်ကူး သင့်ပါတယ်။ ဖုန်းတင်ပြီး ရိုက်တဲ့ Tripod က ဈေးကွက်ထဲမှာ ဈေးသိပ်မများဘဲ ဝယ်ယူနိုင်ပါတယ်။
၂။ Exposure Level ကို လျှော့ချခြင်း
ညဘက်ဓာတ်ပုံတွေကို ရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံပညာအရ ဘယ်အရာတွေကို ရိုက်ကူးမယ်ဆိုတာ အများကြီး မူတည်ပါတယ်။ ရိုးရိုး Night Life ဓာတ်ပုံတွေလား Night Life ဓာတ်ပုံတွေမှာမှ ဓာတ်ပုံပညာကို ထည့်သွင်း ရိုက်ကူးမလားဆိုတဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေအရ ကင်မရာမှာ အသုံးပြုမယ့် exposure level တွေကလည်း မတူညီနိုင်တာကို တွေ့ရပါတယ်။ ရိုးရိုးဓာတ်ပုံတွေမှာတော့ လင်းအားကောင်းကောင်းနဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာတွေအားလုံးကို ထင်ရှားစွာ မြင်နိုင်အောင် ရိုက်ကူးဖို့အတွက် Exposure များများထားပြီး ရိုက်ကူးကြပေမယ့် ဓာတ်ပုံပညာကို ထည့်ပြီး ရိုက်ကူးမယ်ဆိုရင်တော့ အမှောင်ထားသင့်တဲ့ နေရာလေး တွေမှာထား ၊ အလင်းပါသင့်တဲ့ နေရာမှာ အလင်းထည့်ပြီး ရိုက်ကူးရတာကြောင့် ဓာတ်ပုံတစ်ပုံလုံး လင်းနေဖို့တော့ မလိုအပ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အဲလိုဓာတ်ပုံတွေအတွက် Exposure တွေ အများကြီး ထည့်စရာမလိုဘဲ Exposure Level ကိုလျှော့ပြီး ကိုယ်လိုချင်တဲ့ အလင်းအမှောင်နဲ့ ဓာတ်ပုံကောင်းတစ်ပုံကို ရိုက်ကူးနိုင်ပါတယ်။
၃။ အမှောင်နေရာတွေ ချန်ရိုက်ကူးခြင်း
ညဘက် ဓာတ်ပုံပညာမှာ ဓာတ်ပုံတစ်ပုံလုံး လင်းနေရမယ်လို့ မဆိုလိုထားပါဘူး။ လင်းသင့်တဲ့နေရာတွေ လင်းထားပြီး မှောင်ထားသင့်တဲ့ နေရာတွေမှာ မှောင်နေခြင်းက ရသတစ်ခုကို ပေးမှာဖြစ်ပါတယ်။ ညဘက်
Street photo တွေရိုက်ကူးတဲ့အခါ လမ်းမီးတိုင်တွေနဲ့ မှောင်နေတဲ့ အခြမ်းတွေကို ရှာဖွေပြီး မှောင်တဲ့နေရာတွေ ကို ချန်ထားရိုက်ကူး ကြပါတယ်။ ဓာတ်ပုံတစ်ပုံရဲ့ ဘောင်ဘေးပတ်ဝန်းကျင်မှာ မှောင်နေပြီး ဓာတ်ပုံရဲ့ အလယ်မှာပဲဖြစ်ဖြစ် ၊ ဓာတ်ပုံပေါ် ထောင့်ကနေ အလင်းဖြာကျတဲ့ ပုံစံမျိုးပဲဖြစ်ဖြစ် ပုံဖော်ရိုက်ကူး တတ်ကြပါတယ်။ ဒါကြောင့် ညဘက် ဓာတ်ပုံပညာမှာ အမှောင်တွေရဲ့ အားကိုထည့်သွင်း ရိုက်ကူးခြင်းဟာလည်း ဓာတ်ပုံကို ကြည့်ရှုသူက အရသာတစ်ခုကို ခံစားရမှာပဲ ဖြစ်ပါတယ်။
၄။ ဖွာနေတဲ့ ဓာတ်ပုံတွေမဖြစ်အောင် ရိုက်ကူးခြင်း
ညဘက်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ အများဆုံးကြုံတွေ့တဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။ အချို့ ဖုန်းကင်မရာတွေ က Auto ထုတ်ပေးလိုက်တဲ့ ဓာတ်ပုံတွေမှာ အများဆုံး အဖြစ်များပါတယ်။ ဒါ့အပြင် HDR စနစ်တွေကြောင့် ဓာတ်ပုံရဲ့ ရုပ်ထွက်ကို ဆွဲတင်လိုက်တဲ့ အခါမှာလည်း အဲလို ဖွယ်နေ ဖွာနေတဲ့ ဓာတ်ပုံတွေကို သာရရှိကြပါတယ်။ အလင်းအမှောင်ကို ဖုန်းကင်မရာက ချိန်ညှိတဲ့အခါမှာ ISO တွေကို အလွန်အကျွံဆွဲတင်ပြီး ဓာတ်ပုံက အဲလိုမျိုး ဖွာသွားကြတာပါ။ ဒါကြောင့် ဒီလိုဖွာနေတဲ့ ဓာတ်ပုံတွေမလိုချင်ဘူး ဆိုရင်တော့ ညဘက်ဓာတ်ပုံရိုက်ကူး ရင် Auto စနစ်ကို မသုံးတာဟာ အကောင်းဆုံးဖြစ်ပြီး Manual စနစ်နဲ့ ရိုက်ကူးနိုင်သလို Manual စနစ်
မပါတဲ့ ဖုန်းတွေအတွက်တော့ Long Expoture စနစ်အထောက်အပံ့ ပါဝင်တဲ့ App တွေနဲ့ ရိုက်ကူးတာက အကောင်း ဆုံး ဖြစ်မှာပါ။ Long Expoture ရိုက်တော့မယ် ဆိုရင်တော့ မဖြစ်မနေ Tripod ကတော့ လိုအပ်တော့မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ Long Expoture နဲ့လည်း ရိုက်ပြီးပြီ ၊ ဓာတ်ပုံကလည်း ကောင်းနေပြီး ဓာတ်ပုံကို edit လုပ်တဲ့ အခါမှာ အချို့က အလွန်အကျွံ edit လုပ်ကြပါတယ်။ အဲ့ အချိန်မှာ အချို့က HDR တွေ အများကြီးသုံးပြီး edit လုပ်လိုက်တဲ့အခါမှာ ကိုယ့်ဓာတ်ပုံက စုတ်ချက်ကြမ်းကြမ်း ရေးဆွဲထားတဲ့ ပန်းချီကားတစ်ခုလို့ ခပ်ကြမ်းကြမ်းခပ်ဖွာဖွာ ဖြစ်သွားတဲ့လို့ သတိထားသုံးစွဲ သင့်ပါတယ်။
၅။ Sunrise နဲ့ Sunset ဓာတ်ပုံတွေ ရိုက်ကူးခြင်း
နေဝင်ချိန်နဲ့ နေထွက်ချိန်တွေကို ရိုက်ကူးတဲ့ အခါမှာလည်း ညဘက်ဓာတ်ပုံတွေလိုပဲ အလင်းရောင်နဲ့ မှောင်ကို ကစားရိုက်ကူးမှ လှပတဲ့ နေဝင်ဆည်းဆာ ဓာတ်ပုံတွေကို ရရှိမှာပါ။ နေဝင်ချိန်နဲ့ နေထွက်ချိန်တွေမှာ ထည့်သွင်း ရိုက်ကူးမယ့် Subject တွေကိုလည်း အလင်းအများကြီး ပေးစရာမလိုဘဲ ခပ်မှောင်မှောင် အနေအထားမှ နေရောင်နဲ့ တိမ်သားပြင်တွေရဲ့ အလှကို ပိုပြီး ပေါ်လွင်နေတာကို မြင်တွေ့ရမှာပါ။ နေထွက် ချိန်မှာပဲဖြစ်ဖြစ်၊ နေဝင်ချိန်မှာပဲဖြစ်ဖြစ် မြို့ပြရဲ့ မီးရောင်တွေနဲ့ အတူရိုက်ကူးမယ် ဆိုရင်လည်း လင်းလက်နေတဲ့ မီးရောင်တွေကို အ ရမ်းကြီး မပေါ်လွင်လွန်းပဲ အလင်းတွေကို အတတ်နိုင်ဆုံးလျော့ချပြီး ခပ်ပြပြ အနေအထားအဖြစ် ထည့်သွင်းရိုက်ကူး သင့်ပါတယ်။ အဲလိုဓာတ်ပုံတွေ ရိုက်ကူးပြီးရင် အလင်းအမှောင် ချိန်ညှိဖို့ပဲဖြစ်ဖြစ် Crap လုပ်ဖို့ပဲဖြစ်ဖြစ် Edit လုပ်မယ်ဆိုရင် Snapseed လို App တွေသုံးဆွဲတာ ပိုမိုကောင်းမွန် စေပါတယ်။
၆။ အလင်းရောင်တွေကို Leading Line အဖြစ် သုံးစွဲရိုက်ကူးခြင်း
ဓာတ်ပုံပညာမှာ အမြဲတမ်း ထည့်သွင်းပြောဆိုလေ့ရှိတဲ့ Leading Line ထည့်သွင်းရိုက်ကူးခြင်း ဆိုရာမှာ ညဘက် ဓာတ်ပုံပညာတွေမှာလည်း အလင်းရောင်တွေကို Leading Line ဖြစ်နေအောင် ထည့်သွင်းရိုက်ကူးခြင်းက မတူကွဲပြားတဲ့ ဓာတ်ပုံအရသာကို ပေးစွမ်းမှာပါ။ ညဘက်ဓာတ်ပုံတွေ ဘာရိုက်ရမလဲ စဉ်းစားမရဘူးဆိုရင် အစီအရီထားတဲ့ ဓာတ်မီးတိုင်တွေရဲ့ ဖြာကျနေတဲ့ အလင်းရောင်တွေကို ရိုက်ကူးနိုင်သလို အဆောက်အဦ လျှောက်လမ်း ရှည်ကြီးထဲမှာ တပ်ဆင်ထားတဲ့ မီးချောင်းတွေကိုလည်း Leading line ပုံစံရိုက်ကူးနိုင်ပါတယ်။ အခြား အလင်းရောင်တွေ Leading Line ဖြစ်နေတဲ့ အချိန်အခါ အမြောက်အမြား ရှိနေတာကြောင့် အဲဒီဓာတ်ပုံတွေကို အမိအရ ရိုက်ယူထားခြင်းကလည်း ဓာတ်ပုံကောင်းတွေရဖို့ ကြိုးစားအားထုတ်မှု တစ်ခုပါပဲ။ Leading Line မဖြစ် ရင်တောင် မီးလင်းနေတဲ့ ပြတင်းပေါက်တွေ၊ ကားရှေ့မီးတွေ။ ဆိုင်းဘုတ်တွေကို ဓာတ်ပုံကြည့်သူရဲ့ မျက်လုံးက အာရုံစိုက်မိအောင်လည်း ဖန်တီးရိုက်ကူး နိုင်ပါသေးတယ်။
၇။ မိုးရွာနေတဲ့ည
မိုးရွာထားတဲ့ ညတစ်ညကို ဓာတ်ပုံရိုက်ကူး ရတာဟာလည်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ လှပတဲ့မြို့ပြရဲ့ မီးရောင်တွေနဲ့ စိုရွှဲနေတဲ့ လမ်းတွေက အလင်းရောင်ပြန်နေတာတွေကို အမိအရရိုက်ကူးပါက ဓာတ်ပုံကောင်း တွေရနိုင်ပါတယ်။ လမ်းပေါ်မှာ ထီးဆောင်းသွားတဲ့လူတွေ၊ ကားမှာပေါ်မှာ တွဲခိုနေတဲ့ ရေစက်တွေကို ရှေ့မှာထားပြီး ရောင်စုံမီးရောင်တွေ၊ ညဘက်မှာ မိုးရွာထဲပြေးလွှား နေတဲ့သူတွေ စတာတွေဟာ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့အခိုက်အတန့် တွေပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ အလင်းပြန်မှုတွေကြောင့် ဓာတ်ပုံထဲမှာ ရောင်စုံအလင်းတန်းတွေနဲ့ လှပနေတာကို မြင်တွေ့ကြရမှာပါ။
၈။ Long Exposure စမ်းသပ်ရိုက်ကူးဖို့ အကောင်းဆုံး
ညဘက်အချိန်တွေ ဓာတ်ပုံရိုက်ကူးရတာဟာ Long Exposure ရိုက်ကူးဖို့အတွက် အခွင့်အရေးကောင်းအခါ သမယပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို အလင်းအမှောင် ကောင်းကောင်းချိန်ပြီး ရိုက်ကူးနိုင်မယ် ၊ ရွေ့လျားနေတဲ့ အရာဝတ္ထုတွေကို မတူကွဲပြားတဲ့ အမြင်ဖြစ်အောင် ရိုက်ကူးနိုင်မယ်။ Landscape တွေ ရိုက်ကူးတဲ့ အခါမှာဆိုရင် Star Tril တွေကိုလည်း စမ်းသပ်ရိုက်ကူး နိုင်မှာဖြစ်လို မြို့တွင်းမှာ ကားမီး အလင်းတန်းတွေဖြစ်တဲ့ Light trail တွေကိုလည်း ဖန်တီးရိုက်ကူး နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Long Exposure ကို ဖုန်းနဲ့ ရိုက်ကူးမယ် ဆိုရင်တော့ ဖုန်းထဲမှာ Camera Manual စနစ်ပါဝင်ရမယ်။ မပါဝင်ပါက Manual
စနစ်သုံးနိုင်တဲ့ App တွေကို ရွေးချယ်ပြီး ရိုက်ကူးနိုင်ပါတယ်။ အဲ့ဒါအပြင် Tripod တစ်ချောင်းလည်း လိုအပ်မှာ ဖြစ်ပါတယ်။
၉။ Black & White
ညဘက်ဓာတ်ပုံတွေ ရိုက်ကူးထားပြီးပြီဆိုရင် Black & White ပြုလုပ်ကြည့်သင့်ပါတယ်။ အဲ့အချိန်မှာ ဓာတ်ပုံရဲ့ ပုံစံဟာ လုံးဝပြောင်းလဲသွားပြီး အမြင်တစ်ခုကို ကောင်းကောင်းလှည့်စား သွားနိုင်တာကို တွေ့ရပါတယ်။
လူပုံမှာဆိုရင် အရိပ်ကျနေတဲ့ နေရာတွေနဲ့ လှပမှုတွေ လမ်းမထက်က အလင်းအမှောင် အဖြူအမည်း အားပြိုင်မှုတွေကို ထပ်မံမြင်တွေ့ရမှာပါ။ ဒီလိုဓာတ်ပုံတွေကို မိုဘိုင်းဖုန်း ရိုးရိုးကင်မရာနဲ့ပဲ ကာလာအနေနဲ့ ရိုက်ကူးပြီး အဖြူ ၊ အမည်း ပြန်လည်ပြုပြင်နိုင်သလို အခုနောက်ပိုင်း အချို့မိုဘိုင်းဖုန်းတွေမှာ အဖြူ ၊ အမည်း တစ်ခါတည်း ရိုက်ကူးနိုင်အောင် Monocrome စနစ်တွေကို ထည့်သွင်းပေးထားကြပါတယ်။ မိုဘိုင်းဖုန်းအတွက် အဖြူ ၊ အမည်းပုံအဖြစ် ပြန်လည်ပြုပြင်ဖို့ အတွက်ဆိုရင်တော့ Shapseed, Dynamic Black & White, Light Room စတဲ့ App တွေက တော်တော်ကောင်းမွန်တာ တွေ့ရပါတယ်။
Leave a Reply