ကမ္ဘာ့ပေါ်မှာ လူပေါင်း ၅၀၀ ခန့်သာကိုင်ဆောင်ခွင့်ရှိတဲ့ အလွန်ရှားပါးသော ပတ်စ်ပို့

ကမ္ဘာပေါ်က ပတ်စ်ပို့တစ်ချို့ဟာ တခြားသော ပတ်စ်ပို့တွေထက် ဩဇာကြီးမားတယ်ဆိုတာ လူတော်တော်များများသိကြမှာပါ။ ဥပမာ အနေနဲ့ပြောရရင် ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပတ်စ်ပို့တစ်ခုဖြစ်တဲ့ ဂျာမနီ ပတ်စ်ပို့ ကိုင်ဆောင်ထားသူဟာ နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို ဗီဇာ မလိုဘဲ အလည်အပတ်သွားရောက်နိုင်ပါတယ်။ ပတ်စ်ပို့ တစ်ခုကို ကိုင်ဆောင်ထားရုံနဲ့ နိုင်ငံပေါင်းများစွာကို အလည်အပတ်သွားနိုင်တာဟာ တော်တော်ကောင်းမွန်ပေမဲ့ ကမ္ဘာ့အရှားဆုံး ပတ်စ်ပို့ ကို ကိုင်ဆောင်ရတာက ပိုပြီးထူးခြားပါတယ်။

ကမ္ဘာ့အရှား ဆုံး ပတ်စ်ပို့ ကတော့ ၁၀၉၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကတ်သလစ်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Sovereign Military Order of Malta ရဲ့ ပတ်စ်ပို့ ပဲဖြစ်ပါတယ်။ Independent သတင်းစာအရ Sovereign Military Order of Malta (SMOM) ရဲ့ ပတ်စ်ပို့ကိုင်ဆောင်သူဟာ တစ်ကမ္ဘာလုံးမှာ ၅၀၀ ခန့်သာရှိတယ် လို့ဆိုပါတယ်။

သံတမန်ရေးရာပတ်စ်ပို့ဖြစ်တဲ့ Sovereign Order of Malta ရဲ့ ပတ်စ်ပို့တွေကို Sovereign Order of Malta ရဲ့ ခေါင်းဆောင်ပိုင်း များနဲ့ သံတမန်ရေးဆိုင်ရာ ခရီးသွားရတဲ့ အဖွဲ့ဝင်တွေပဲ ကိုင်ဆောင်ခွင့်ရှိပါတယ်။ ပတ်စ်ပို့ ရဲ့သက်တမ်းဟာ ၄ နှစ်သက်တမ်းဖြစ်ပြီး Sovereign Order of Malta အဖွဲ့ဟာ နိုင်ငံပေါင်း ၁၀၆ နိုင်ငံနဲ့ သံတမန်ရေးဆိုင်ရာ ဆက်နွယ်မှုရှိတဲ့အတွက် ဒီပတ်စ်ပို့များကို ထိုနိုင်ငံတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Sovereign Military Order of Malta (SMOM) အဖွဲ့ဟာနိုင်ငံပေါင်း ၁၂၀ ခန့်မှာ ဆေးပညာ၊ လူမှုရေး နဲ့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေပြီး ဒီအဖွဲ့ဟာ လက်နက်ကိုင်ပဋိပက္ခ နဲ့ သဘာဝဘေးအန္တရာယ်တွေကြား ဒုက္ခရောက်နေတဲ့သူများကို ကူညီပေးတဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။

Sovereign Military Order of Malta (SMOM) အဖွဲ့ဟာ ကုလသမ္မဂမှာ လေ့လာသူအဖွဲ့ဝင်နေရာ ရယူထားတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး နိုင်ငံရေး နဲ့ ဘက်လိုက်မှုများမရှိတဲ့ ကြားနေအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ Sovereign Military Order of Malta (SMOM) အဖွဲ့မှာ ဆွေကြီးမျိုးကြီးအနွယ်ဝင် အမျိုးသား နဲ့ အမျိုးသမီးများ၊ ဘုန်းတော်ကြီးများ ၁၃၅၀၀ ခန့်နဲ့ စေတနာဝန်ထမ်း ၂၅၀၀ ကျော်ရှိပြီး ပတ်စ်ပို့ ကတော့ ၅၀၀ ကျော်သာ ထုတ်ပေးထားတယ် လို့သိရပါတယ်။

Sovereign Military Order of Malta (SMOM) အဖွဲ့ဟာ ၁၀၉၉ ခုနှစ် ဂျေရုဆလင်မြို့ (Jerusalem)မှာ တည်ထောင်ခဲ့တဲ့ အလယ်ခေတ် ကတ်သိုလစ် သူရဲကောင်းတို့ရဲ့ စစ်တပ်ဆိုင်ရာအဖွဲ့အစည်းဖြစ်ပါတယ်။ ဒီ အဖွဲ့ရဲ့ ရုံးချုပ် ကတာ့ အီတလီနိုင်ငံ ရောမမြို့ရှိ ပါလာဇို မော်လ်တာ (Palazzo Malta) နန်းတော် မှာ တည်ရှိပါတယ်။

SMOM အဖွဲ့ရဲ့ ဆောင်ပုဒ်ကတော့ “ကတ်သိုလစ်ယုံကြည်မှုကို ကာကွယ်ရန်နဲ့ ဆင်းရဲသူများအား ကူညီရန်” ဖြစ်ပါတယ်။ အလယ်ခေတ်မှာ တည်ထောင်ခဲ့တဲ့ ဒီ အဖွဲ့အစည်း ဟာ ခရူးဆိတ်စစ်ပွဲတစ်လျှောက်မှာ ဆေးရုံ များဆောက်လုပ်ခဲ့ကာ ဒဏ်ရာအနာတရ ရသူ လူမျိုးစုံ ကို ကုသပေးခဲ့ပြီး ဒီ ဆေးရုံ များကို စောင့်ရှောက်ရန် အဖွဲ့တစ်ဖွဲ့ အဖြစ်ရပ်တည်ခဲ့ပါတယ်။ Sovereign Military Order of Malta အဖွဲ့ရဲ့ ပတ်စ်ပို့များဟာ သံတမန်ရေးရာကိစ္စများနဲ့ နိုင်ငံရပ်ခြားသွားရတဲ့ အဖွဲ့ဝင်အနည်းစုအတွက် ထုတ်ပေးထားတာ ဖြစ်ပြီး ထိုအဖွဲ့ဝင်များဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ ပတ်စ်ပို့ ကိုလည်း ဆက်လက်ကိုင်ဆောင်ခွင့်ရှိပါတယ်။ (SMOM အဖွဲ့ရဲ့ ပတ်စ်ပို့ဟာ ဥရောပတိုက် မြေထဲပင်လယ်ရှိ မော်လ်တာ(Malta) နိုင်ငံရဲ့ ပတ်စ်ပို့ နဲ့ မတူညီပါဘူး။)

 

Be the first to comment

Leave a Reply

Your email address will not be published.


*