အရွယ်ရောက်လာတဲ့ သူတိုင်း သိနားလည်ဖို့ လိုအပ်တဲ့ ဘဝ သင်ခန်းစာများ

အသက်တွေ ကြီးလာလေလေ လူ့လောကအကြောင်း သိလာလေလေပါပဲ။ လူတိုင်းက ငယ်ရွယ်စဉ် ဘာမှ သိပ်မသိတဲ့ အချိန်ကနေ အဖြစ်အပျက်တွေ ကြုံရင်း ဝမ်းနည်းရင်း ပျော်ရွှင်ရင်းနဲ့ လူတွေနဲ့ လောကအကြောင်းကို ပိုပြီး သိလာကြရတာ သိပါတယ်။ ဒါကြောင့် အရွယ်ရောက်လာတဲ့ သူတိုင်းကတော့ လောကကြီးရဲ့ အခုလို အကြောင်းအရာတွေကို သိထားသင့်ပါတယ်။

(၁) လူတိုင်းကို မယုံရဘူး

ကိုယ်ကလွဲရင် ကိုယ့်ဒူးတောင် ယုံလို့ မရဘူးဆိုတဲ့ စကားက ဒါကြောင့် ထွက်လာတာ ဖြစ်ပါတယ်။ လောကရဲ့ သဘာဝလို့ ဆိုရလောက်အောင် လူတွေကို ယုံရင်တောင်မှ လုံးဝ ယုံလို့ မရပါဘူး။ အရင်းနှီးဆုံးသူကလည်း ကိုယ့်ကို ဒုက္ခရောက်စေအောင် လုပ်တတ်သလို ရိုးလှပါချည်ရဲ့ ထင်သူတွေကလည်း မရိုးသားစွာ ကိုယ့်အနား ရောက်လာလည်း ရှိတတ်ပါတယ်။ ဒါကို နားလည်ထားရင်တော့ ကြုံလာခဲ့ရင်တောင်မှာ ခံစားရတာ သက်သာနိုင်မှာပါ။

(၂) ကိုယ့်စိတ်ကိုလည်း ယတိပြတ် မယုံရဘူး

အသက်ကြီးလာတဲ့အခါ ဒီအချက်ကို ပိုပြီး သတိထားမိတတ်ပါတယ်။ ကိုယ်က လူတစ်ယောက်ကို ထာဝရ ချစ်သွားမယ်လို့ ထင်မိတတ်ပေမယ့် တကယ်မှာ ဒီစိတ်ကလည်း ခဏဆိုတာမျိုးကို ပိုပြီး သတိထားမိတတ်ကြမှာပါ။ တခြားအကြောင်းအရာတွေလည်း အချိန်တစ်ခုမှာ တစ်မျိုးတွေးပေမယ့် နောက်အချိန်တစ်ခုမှာ အတွေးပြောင်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

(၃) မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသေချာဘူး

လောကကြီးက ဆန်းကြယ်ပါတယ်။ မနက်ဖြန်မှာ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ ထားရှိထားပေမယ့်လည်း အစီအစဉ်အတိုင်း ဖြစ်မလာနိုင်တဲ့ အခြေအနေတွေလည်း ရှိသွားတတ်ပါတယ်။ ဒါကတော့ မမျှော်လင့်တဲ့ အခြေအနေတွေက အချိန်မရွေး ဖြစ်သွားနိုင်တယ်ဆိုတဲ့ အသိကို တိုးမြင့်စေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သတိထားတတ်တဲ့ အကျင့်ကိုလည်း ရစေပါတယ်။

(၄) ဘာဖြစ်ဖြစ် အကောင်းဆုံး လုပ်သင့်တယ်

လောကမှာ အကောင်းဆုံး ရှင်သန်နေထိုင်ချင်ရင်တော့ ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်လိုက်တာ အကောင်းဆုံးပါပဲ။ အနည်းဆုံးတော့ ဘယ်လို အခြေအနေပဲ ကြုံလာ ကြုံလာ ငါက အကောင်းဆုံး လုပ်ခဲ့တယ်ဆိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်မှာပဲ ဖြစ်ပါတယ်။

(၅) လူတိုင်း အမှားနဲ့ မကင်းဘူး

အရမ်း တော်တဲ့သူတွေ ကြိုးစားနေတတ်တဲ့သူတွေကတော့ ငယ်ဘဝတည်းက အမှား မရှိသလောက် နည်းတတ်ကြပါတယ်။ သူတို့တွေကတော့ ငယ်တဲ့ စိတ်နဲ့ ကြိုးစားမှုတွေကြောင့် အမှား ကင်းကြတာမျိုး ဖြစ်ပါတယ်။ အရွယ် နည်းနည်းရောက်လာတဲ့အခါ ဘဝမှာ ကိုယ်မထင်ထားဘဲနဲ့လည်း အမှားတွေ ကြုံတတ်ပါသေးတယ်။ တော်တဲ့သူတွေက ဒီအခြေအနေကို လက်ခံနိုင်ဖို့ ခဲယဉ်းကြပါတယ်။ တကယ်တော့ လူKhamတိုင်းက အမှားနဲ့ မကင်းပါဘူး။ ဒါက လောကသဘာဝ တစ်ခုပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*