တစ်နေကုန်ထိုင်နေရတဲ့ ဝန်ထမ်းတွေ တစ်နေ့ကို ၂ နာရီ မတ်တပ်ရပ်ပေးဖို့လို

တစ်နေ့လုံးနီးပါ ငုတ်တုတ်ထိုင် အလုပ်လုပ်နေရတဲ့ ရုံးဝန်ထမ်းတွေအနေနဲ့ တစ်နေ့ကို ၂ နာရီ ခန့် ကျန်းမာရေးအတွက် မတ်တတ် ရပ်ပေးသင့်တယ်လို့ တရားဝင် သတိပေးချက်တွေ အရ သိရပါတယ်။

ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ တစ်နေကုန် ထိုင်နေရခြင်းဟာ အဝလွန်ခြင်း ၊ ကင်ဆာ နဲ့ ဆီးချို၊ သွေးချို ရောဂါတွေလို အန္တရာယ်များတဲ့ ရောဂါ တွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျော ၊ လည်ပင်း နဲ့ ကြွက်သား နာကျင်ခြင်း တို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

အင်္ဂလန် ပြည်သူ့ ကျန်းမာရေး ဌာန က ကျွမ်းကျင်သူတွေ ဟာ ထို ပြသနာ ကို ရင်ဆိုင်ဖို့အတွက် ပထမဆုံး ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းတွေကို နေ့စဉ် အလုပ်ချိန်အတွင်း မတ်တပ်ရပ် ချိန် ၂ နာရီ ခန့် သတ်မှတ်ပေးထားသင့်ပြီး အများဆုံး ၄ နာရီလောက်ထိ ခွင့်ပြုပေးထားသင့်ပါတယ်။ ဒါ့အပြင် ရုံးတွေမှာလည်း ဝန်ထမ်းတွေ မတ်တပ်ရပ် အလုပ်လုပ်နိုင်ဖို့အတွက် စားပွဲ ခုံ အရှည်တွေကို ထားပေးသင့်သလို ဝန်ထမ်းတွေအနေနဲ့ အချိန်ကြာ ထိုင်ပြီး အလုပ်လုပ်နေရာကနေ မတ်တပ်ထပြီး ရုံး တစ်ပတ် လောက် လမ်းလျှောက် တာမျိုး လောက်တော့ လုပ်ပေးသင့်တယ်လို့ ညွှန်ကြားချက် အရ သိရပါတယ်။

” ရုံးမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ အလုပ်ချိန် ၆၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းက ထိုင်နေရတာပါ။ သူတို့ရဲ့ နေ့စဉ်အလုပ်ချိန်မှာ ထိုင်နေတဲ့ အချိန်ဟာ ၅၀ ရာခိုင်နှုန်းလောက်ပဲ ဖြစ်သင့်ပါတယ်။” လို့ ထို ညွှန်ကြားချက်ထုတ်ပြန်ရေးကို ဦးဆောင်ရေးသားခဲ့တဲ့ ဆရာဝန် ကဆိုပါတယ်။

ဆရာဝန်တွေ ယုံကြည်ထားတာကတော့ အဲဒီလို ဝန်ထမ်းတွေကို မတ်တပ်ရပ်ဖို့ ညွှန်ကြားပေးခြင်းဟာ သူတို့ အတွက် လေ့ကျင့်ခန်းတွေ လုပ်ဖြစ်သွားစေမယ့် ပထမခြေလှမ်းပဲ ဖြစ်ပါတယ်တဲ့။ အမှန်တစ်ကယ်က တစ်နေရာထဲမှာပဲ နာရီပေါင်းများစွာ မတ်တပ်ရပ်နေခြင်းဟာလည်း အချိန်ကြာ ငုတ်တုတ်ထိုင်နေခြင်းလိုပဲ မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ရုံးတွင်းမှာ လမ်းလျှောက်တာမျိုး လုပ်ပေးဖို့ ညွှန်ကြားထားတာပဲဖြစ်ပါတယ်။

ထို အင်္ဂလန် ပြည်သူ့ကျန်းမာရေး ဌာနရဲ့ လက်ထောက် ဒါရိုက်တာ Dr Ann Hoskins ကတော့ လှုပ်ရှားနေခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာ အရပါ ကောင်းမွန်တယ်လို့ ဆိုပါတယ်။ အချိန်များစွာ ထိုင်နေခြင်းကနေ ခဏလောက် ထပြီး လှုပ်ရှားပေးခြင်းဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပြီး ချမှတ်ပေးထားတဲ့ ညွှန်ကြားချက် ကိုလိုက်နာဖို့လည်း Dr Hoskins က ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*