အင်္ဂါမှာ ယားယံခြင်း (မှတ်ချက်။ ။ ကျန်းမာရေးအမြင်ဖြင့် မိန်းကလေးများသာ ဖတ်ပါရန်)

ယခင်တစ်ပတ်က အလုပ်များနေသောကျမ မိတ်ဆွေငယ်လေးများဆီသို့ သွားရန်ပျက်ကွက်ခဲ့သည်။ ယနေ့တော့စောစောရောက်အောင် သွားမည်ဆိုပါမှ သူငယ်ချင်းတစ်ယောက် ရောက်နေသောကြောင့် ကျမချက်ချင်း မထွက်ဖြစ်ပြန်၍ အနည်းငယ်နောက်ကျ နေပြန်သည်။ ကျမ၏ မိတ်ဆွေများ တံခါးပေါက်တွင် ထွက်လိုက်ဝင်လိုက် လုပ်နေမလား၊ တစ်ခုခုဖြင့် သူတို့တစ်တွေစုပြီး စကားပြောနေကြမလား၊ ဒါမှမဟုတ်မည်သည့်နည်းဖြင့် ကျမကို စောင့်မျှော်နေမလဲဟု တွေးရင်း ကျမကားဂိတ်မှ မိတ်ဆွေကလေးများဆီသို့ အတွေးများနှင့်အတူ ခပ်သွက်သွက်လျှောက်လာလိုက်သည်။

‘ဟေး…ဒေါ်လေးမာန်ရောကလာတယ်။ ဟေ့…ဟေ့…ဒေါ်လေးမာန်ရောက်လာပြီ’ ဟုအော်ဟစ်ရင်း ကျမဆီသို့ ကမန်းကတန်းပြေးလာသော မိတ်ဆွေငယ်များကို ကျမြုပုံး၍ နှုတ်ဆက်လိုက်သည်။ ‘ဒေါ်လေး ..ခြင်းပေး’ ဟု ဆို၍ ကျမလက်ထဲမှ စာအုပ်အနည်းငယ်ပါသော ဈေးခြင်းတောင်းကို လှမ်းယူသည်။ ‘ကျေးဇူးပါပဲ သမီးရယ်’ ဟုနှုတ်ဆက်ရင်း အသိအမှတ်ပြုလိုက်သည်။ ‘ဒေါ်လေးမာန်…သမီးတို့က ဒီနေ့လည်း ဒေါ်လေးမာန်မလာတော့ဘူး ထင်နေတာ။ ဒေါ်လေးမာန်က အချိန်အမြဲတမ်းတိကျတတ်တော့ သမီးတို့က လောင်းကြေး၊ စားကြေးငြင်းနေတာ၊ ဒေါ်လေးမာန်လာမလာကိုပေါ့။’

‘ဟောတော့၊ ပြောပါဦး…ဘယ်လိုလောင်းစားကြေးတွေနဲ့များ လောင်းနေကြသလဲ။’ ‘ငါပြောမယ်…ငါပြောမယ်’ ဟု တစ်ယောက်ကဆို၍ ‘ဒီနေ့ဒေါ်လေးမာန်ရောက်လာရင် ပြောမဲ့အကြောင်းအရာကို အနိုင်ရတဲ့သူတွေက မေးခွန်းမမေးကြေး၊ စကားမများကြေးလို့ လောင်းထားတာလေ။’

‘ဟင်း…ဟင်း…ဟင်း’ ကျမအသံအနည်းငယ်ထွက်လိုက်ပြီး လူငယ်တစ်စုကို ကြည့်ပြီး ပြုံးလိုက်သည်။ အော် တစ်ချိန်တုန်းက ကျမတို့ ငယ်စဉ်ကျင့်သုံးမှုလေးများက ယခုချိန်ထိ ရှင်သန်နေဆဲပါလားဟုသာ တွေးလိုက် သည်။ စကားတပြောပြောနှင့် အိမ်ထဲသို့ ဝင်လာတော့ အားလုံးဝမ်းသာအားရနှင့် နှုတ်ဆက်၍ ရေအေးအေးလေးတစ်ခွက် ကောင်မလေး တစ်ယောက်လာပေးသည်။ ကျမရင်ထဲ အေးခနဲ စီးဝင်သွားပြီး ရင်ထဲ ကြည်နူးသွားသည်။ အနည်းငယ်ပူနေသော ပြင်ပပူလောင်မှုများ ယခုတော့လည်း အမောပြေစေသော လူငယ်စုလေးများကြောင့် လန်းဆန်းသွားတော့သည်။

အားလုံးမှာ နေရာယူကြပြီး ကျမပြောမည့် အကြောင်းအရာကို စိတ်ဝင်တစားနားထောင်ရန် အဆင်သင့်ဖြစ်နေသော သူမတို့အားလုံးကို ကြည့်၍ ကျမြုပုံးပြပြီး စကားစဖြစ်လိုက်သည်။

‘သမီးတို့အားလုံးကို ဒီနေ့ဆွေးနွေးပေးမဲ့ အကြောင်းအရာက ဝါဝါသွင်ဆိုတဲ့ ကလေးမလေး ပြီးခဲ့တဲ့အပတ်က ဒေါ်လေးမာန်ဆီကို ရောက်လာပြီး ပြောပြပေးဖို့ ပြေထားတဲ့ အကြောင်းအရပေါ့ကွယ်’ ဟုဆိုလိုက်တော့ အားလုံးဝါဝါသွင်အား ကြည့်လိုက်ပြီး ဘာသွားပြောတာလဲဟု တိုးတိုးကျိတ်ကျိတ် မေးနေသလို၊ တချို့ကလည်း မျက်စပစ်ပြနေကြသည်။ ဝါဝါသွင်ကတော့ ခပ်တည်တည်ဖြင့် နားထောင်ပေါ့ဆိုသည့် သဘောမျိုးဖြင့် မျက်နှာပေးဖြင့်ထိုင်နေတော့သည်။

‘သူမေးထားတာကတော့ အမျိုးသမီးတွေ လိင်အင်္ဂါမှာ ယားယံတဲ့ကိစ္စပဲကွယ့်’ အဖြေပေးလိုက်တော့ ‘ဟင်း…’ ဆိုတဲ့တချို့သူများမှ အသံထွက်လာသကဲ့သို့ တချို့သောသူများက ပြုံးစိစိဖြင့် သူမကို နောက်ချင်နေပုံ ရသည်။ ကျမစကားဆက်လိုက်သည်။ ‘ဟုတ်တယ် တကယ်တမ်းကျတော့ ယားယံတယ်ဆိုတာက ဘာမှမဟုတ်သလိုလိုနဲ့ လူတွေကို အတော်လေး ဒုက္ခပေးတဲ့ အနေအထားပဲပေါ့။ ယားရင်မကုတ်ဘဲ နေနိုင်တဲ့ လူဘယ်နှစ်ယောက်ရှိလဲ။’ ကျမမေးလိုက်တော့ အားလုံးက ခပ်တိုးတိုးရယ်မောရင်း ‘ဟင့်အင်း မရှိပါဘူး မရှိလောက်ပါဘူး’ ဟုဆိုသည်။ ‘အဟင်းဟင်း….ဒါပေမဲ့ အမျိုးသမီးလိင်အင်္ဂါမှာ ယားတာကတော့ ညစ်ပတ်လို့ပဲ ဖြစ်ရမယ်’။ တစ်ယောက်က စပ်ဖြဲဖြဲနဲ့ပြောလိုက်တော့ အားလုံးက ဝါးကနဲပွဲကျသွားတော့သည်။

‘အင်း တကယ်တော့ ဘယ်လိုအကြောင်းတွေကြောင့် ယားတတ်သလဲဆိုတာတော့ ပြောရခက်တာပေါ့။ အခြေအနေ အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်အင်္ဂါမှာ ယားတာမျိုးကတော့ အမျိုးသမီးတွေရော အမျိုးသားတွေပါ ဖြစ်တတ်ကြတယ်။ ဘာအကြောင်းမှမရှိဘဲ သူ့ဘာသာသူယားတာမျိုးလည်း ရှိတယ်။ သဘောကတော့ မယ်မယ်ရရအကြောင်းရှာမရဘဲ မိန်းမကိုယ်ယောင်ပြီးယားတာမျိုးပေါ့။ ဗာဘာ (Vulva) ဆိုတဲ့ မိန်းမကိုယ်နှုတ်ခမ်းမှာ အဓိကယားတတ်တယ်။ အမျိုးသားတွေက ကပ်ပယ်အိတ်မှာ ယားတတ်သလိုမျိုးပေါ့။ အမျိုးသမီးတွေယားတာကိုတော့ Pruritus Vulvae လို့ခေါ်တယ်တဲ့’။

‘ဒေါ်လေးမာန်…သမီးကြားဖူးတာကတော့ မှိုရောဂါတစ်မျိုးကြောင့် ဖြစ်တာလို့ကြားဖူးတယ်’ ဟုအနည်းငယ် ဗဟုသုတစုံလင်ပုံရသော သူငယ်မတစ်ယောက်ကပြောတော့။ ‘အင်း ဟုတ်တယ်။ ကန်ဒီတာ မှိုပိုးကြောင့်လည်း ယားနိုင်တယ်။ အဲဒီမှိုပိုးက အမျိုးသမီးတစ်ရာမှာ အယောက် ၂၀ လောက်ဖြစ်နိုင်တယ်။ မိန်းမကိုယ်မှာ သူ့အလိုလို ဘာအန္တာရာယ်မှ မပေးသေးဘဲ ရှိနေတတ်တယ်တဲ့။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးလေးယောက်မှာ သုံးယောက်က သူတို့ဘဝတလျှောက်မှာ အနညးဆုံးတစ်ကြိမ်တော့ ကန်ဒီဒါမှိုစွဲတဲ့ ပြဿနာကြုံရနိုင်တယ်လို့ သိရတယ်။ လေ့လာဆန်းစစ်မှုအရ အမျိုးသမီးတွေ မိန်းမကိုယ်ယားရခြင်း အကြောင်းထဲမှာ ၁၀ ရာလိုင်နှုန်းက နာတာရှည် ကန်ဒီဒါမှိုစွဲတာကြောင့်ဘဲတဲ့’။

‘ကန်ဒီမှိုပိုးတွေက ကူးတတ်သလား လေဒေါ်လေးမာန်’။ ‘အင်း….ကိုယ်ဝန်ဆောင်တဲ့အခါ ပဋိဒေဝဆေးတွေ ရေရှည်သောက်ရတဲ့အခါတွင်အပြင် ဆီးချိုရှိတဲ့ အခါမျိုးမှာလည်း ဒီမှိုပိုးတွေ အလွယ်တကူ ပွားများနိုင် ပါတယ်။’ ‘နောက်တစ်ချက်ကတော့ Lichen လို့ခေါ်တဲ့အရေပြားရောဂါ တစ်ခုကြောင့်လည်း ယားတတ်တယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ဖြူတူတူနဲ့ အမ်းအမ်းအကွက်ပေါ်လာတာမျိုး၊ ဒီရောဂါဖြစ်ရင် ယားလည်းယား၊ နာလည်းနာပေါ့။ အမြင်အားဖြင့် ခရုသင်းနဲ့တောင်မှားချင်စရာပါ။’

‘ဒေါ်လေးမာန်တစ်ခါပြောပြတုန်းက အဖြူဆင်းတာကြောင့်လည်း ယားတတ်တယ်လို့ ပြောထားဖူးတယ်နော်။ အဲဒါရော ဒီရောဂါမျိုးနဲ့ အတူတူပဲလား ဒေါ်လေးမာန်’။ ‘ေဩာ်…သမီးက မှတ်မိသားပဲ။ ဟုတ်တယ် အဖြူဆင်းတာတို့ မိန်းမကိုယ်မှာ ရဲယောင်နေတတ်တာတို့၊ ပူစပ်ပူလောင်ဖြစ်နေတတ်တာတို့လည်း ပါတယ်။ ဆီးသွားတဲ့အခါလည်း ပူသလိုလို ကျင်သလိုလို အနေရခက်တဲ့အပြင် လိင်ဆက်ဆံတဲ့အခါမှာလည်း နာတတ်တယ်’။

‘အင်း…Trichinous Virginals ဆိုတဲ့ ပိုးတစ်မျိုးကြောင့်လည်း မိန်းမကိုယ်မှာ ယားယံနိုင်တယ်တဲ့၊ စိမ်းဝါဝါအရည်တွေ ဆင်းတတ်ပြီး အနံ့လည်းဆိုးတယ်။ အလွယ်တကူရနိုင်တဲ့ မက်ထရိုနီတာဇိုး (MetronidaZole) ဆေးသောက်လိုက်ရင်တော့ သိသိသာသာသက်သာနိုင်တဲ့ ရောဂါတစ်မျိုးလို့ ဒေါ်လေးမာန်မှတ်သားဖူးတယ်။ ဒါကြောင့်လူတွေက ယားပြီဆိုရင် မက်ထရိုနီတာဇိုးကို ဝယ်သောက်လိုက် ပျောက်တယ်လို့ အလွယ်တကူပြောကြတာတွေ ကြားဖူးမှာပေါ့’။

‘ဟုတ်တယ်နော်..သမီးကြားဖူးတယ်’ ဟု တစ်ယောက်ကပြောတော့ အားလုံးထောက်ခံသလို ခေါင်းညိတ်လိုက်ကြသည်။

‘နောက်တစ်ခုက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လိုင်ကင်ပလေနပ်ဆိုတဲ့ အရေပြားယားနာရယ်၊ ဆိုရီယားစစ်ဆိုတဲ့ အရေပြားရောဂါတစ်မျိုးရယ်ဟာ ရှားရှားပါးပါး လိင်အင်္ဂါလိုနေရာမျိုးတွေမှာ ဒုက္ခပေး တတ်တယ်တဲ့။ အဲဒီရောဂါမျိုးဟာ လိင်အင်္ဂါမှာဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တစ်ခြားတစ်နေရာမှာ ဖြစ်တာနဲ့မတူလို့ ဆရာဝန်တွေ မျက်စိလည်တယ်လို့တောင် ဆရာဝန်တွေကြား ပြောသံ ဒေါ်လေးမာန်ကြားခဲ့ဖူးတယ်’။

‘ဟိုလေ…သမီးသူများတွေ ပြောတာကြားဖူးတာကတော့ ယားတယ်ဆိုတာ ဓာတ်မတည့်လို့ ယားတာတဲ့။ အဲဒါကရော ဘာကိုဆိုလိုတာလဲဟင် ဒေါ်လေးမာန်’။ ‘ဟုတ်တယ်။ အဲဒါမျိုးက အမျိုးသားတွေထက် အမျိုး သမီးတွေမှာ ပိုပြီးကြုံတွေ့ရတတ်တယ်။ ဘာလို့လည်းဆိုရင် Sanitary Pad ဆိုတဲ့ လစဉ်သုံးပစ္စည်းတွေ၊ သန့်ရှင်းရေးလုပ်တဲ့ သန့်စင်ဆေးရည်တွေ၊ ပဋိသန္ဓေတားတဲ့ ပစ္စည်းတွေကြောင့်လည်း အခန့်မသင့်ရင် ယားတတ်တယ်။ နောက်ဆုံးအမျိုးသားတွေသုံးတဲ့ ကွန်ဒုံးတွေနဲ့ မတည့်ရင်လည်း ယားနိုင်တာပါဘဲ’။

‘ဘာဆေးတွေလိမ်းရင် ပျောက်နိုင်တာလဲ ဒေါ်လေးမာန်ရှင့်’။
‘ေဩာ်…ဆေးအညွန်းကတော့ ဆရာဝန်တွေနဲ့ သေချာပြပြီးမှ ရနိုင်မှာလေ။ ဒေါ်လေးမာန်က ဆရာဝန်မဟုတ်ဘူးလေကွယ်။ ဒီလိုပဲ တစ်ခြားလူတွေက ယားဖူးလို့ ဘယ်ဆေးနဲ့ပျောက်တယ်၊ ဘယ်လိုလိမ်းလိုက်ပါဆို ညွန်ကြားရင် မလုပ်သင့်ဘူးလို့ ဒေါ်လေးမာန်ခုနက ပြောတယ်မဟုတ်လား။ လိင်အင်္ဂါတွေဟာ အရှက်ကြောင့် ဖုန်းကွယ်ထားပေမဲ့ ကျန်းမာရေးဖြစ်နေတော့ ဆရာဝန်တွေကိုတော့ ပြောပြရလိမ့်မယ်။ ဆရာ ဝန်တွေတောင် ဘယ်လိုအရေပြားရောဂါမျိုးဖြစ်တယ်ဆိုတာ သေချာစမ်းသပ်ပြီးမှ ဆေးပေးလို့ရတာလေ။ ယားလို့ပေးတဲ့ဆေးရယ်လို့ တစ်မျိုးတည်း မရှိဘူးသမီးတို့ရေ။ ဒါကြောင့် ဒေါ်လေးမာန် မှာချင်တာကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျန်းမာရေးလုပ်သားတွေ ညွန်ကြားချက်အတိုင်းဘဲလုပ်တာ ကောင်းတယ် ဆိုတာကို ပြောပြချင်တယ်။

ဒေါ်လေးမာန်တို့တစ်တွေက မိန်းကလေးဖြစ်နေတော့ ဒီလိုလိင်အင်္ဂါတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ယားယံလာရင် သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပြသရင် ပိုကောင်းမယ်လို့ အကြံပြုချင်တယ် သမီးတို့ရေ…။’ ‘ဟုတ်ကဲ့ပါ ဒေါ်လေးမာန်’ ဟုအားလုံး တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။

ချိုးလင်းပြာ – အပျိုစင်လေးများအတွက်သိကောင်းစရာ

Be the first to comment

Leave a Reply

Your email address will not be published.


*