လုပ်ငန်းခွင်မှာ ဒီလိုအကြောင်းအရာမျိုး လုံးဝမပြောသင့်…

လုပ်ငန်းခွင်ဝင်နေတဲ့သူဆိုတာ တစ်နေ့တာရဲ့အချိန်ကာလတစ်ဝက်ကျော်ကျော်လောက်က ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အချိန်ကုန်ဆုံးရတာမျိုးပါ။ဒီလိုကိုယ်အချိန်အများကြီးပေးရတဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောကြတဲ့အခါ ဒီအကြောင်းတွေမပြောမိအောင်တော့သတိထားဖို့လိုပါတယ်။ဘယ်လိုအကြောင်းအရာမျိုးတွေလဲ?

အရင်အလုပ်နဲ့ပတ်သက်ပြီး…

အရင်အလုပ်ကိုဘယ်လောက်ထိမုန်းတာ၊အရင်အလုပ်တုန်းကတော့ ဘယ်လိုဘာညာဆိုပြီးမပြောသင့်ပါဘူး။ကိုယ်မလုပ်ချင်လို့ထွက်လာတဲ့အလုပ်တစ်ခုကိုမုန်းတဲ့အကြောင်း၊မနှစ်သက်တဲ့အကြောင်း ဒီအလုပ်မှာပြောနေတာက ကိုယ်က မရင့်ကျက်သေးဘူးဆိုတာပြနေတာနဲ့အတူတူပါပဲ။ဒါက ကိုယ့်တာဝန်ကိုယ်မယူတတ်ဘူးဆိုတဲ့ဝန်ထမ်းတစ်ယောက်ပုံစံပေါက်နေပါတယ်။

နိုင်ငံရေးအမြင်ဝါဒတွေ…

လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းတူမှာမဟုတ်ပါဘူး။ဒီလိုအမြင်ချင်းမတူကြတာက နိုင်ငံရေးအမြင်မှာဆို ပိုပြီးဆိုးပါတယ်။အခင်မင်ပျက်သွားတဲ့အထိ အငြင်းပွားစေတာမျိုးပါ။ဒါကြောင့် ကိုယ့်နိုင်ငံရေးအမြင် ကိုယ့်ဘာသာသိမ်းထားပြီး ကိုယ်နဲ့ဆွေးနွေးမယ့်သူရှိတယ်ဆိုရင်တောင် စကားပြောတတ်ဆိုတတ်ဖို့လိုပါသေးတယ်။

ကျန်းမာရေးဆိုင်ရာကိစ္စများ…

ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြတာ၊အကြံဉာဏ်တောင်းတာ၊ဆွေးနွေးတာမျိုးမလုပ်သင့်ပါဘူး။ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ လူတော်တော်များများက ဒီလိုကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုအကြံဉာဏ်ပေးရမလဲ၊တုံ့ပြန်ရမလဲ မသိကြပါဘူး။ဒါကြောင့် ဒီအကြောင်းအရာမျိုးက ဆွေးနွေးဖို့ကောင်းတဲ့ခေါင်းစဉ်မဟုတ်ပါဘူးတဲ့။

အချစ်ရေးနဲ့ပတ်သက်လို့ အသေးစိတ်ပြောပြတာမျိုး…

ကိုယ့်အချစ်ရေးနဲ့ပတ်သက်လို့ အချစ်ဆုံးသူငယ်ချင်းတွေကလွဲပြီးဖွင့်ဟတိုင်ပင်ပြောပြတယ်ဆိုတာမျိုးကတော့ရှားပါတယ်။ဒီလို ချစ်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊လိုအပ်တဲ့အကြံဉာဏ်တွေကို ကိုယ်နဲ့ ရင်းနှီးရုံရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်အချင်းချင်းကိုအသေးစိတ် ဖွင့်ပြောပြတတ်တာက တစ်ခြားသူတွေအတွက်လည်းစိတ်အနှောင့်အယှက်ဖြစ်စေလို့ မပြောပြသင့်ပါဘူး။

တစ်ခြားလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းကို ဝေဖန်တာမျိုး…

ကိုယ်သဘောမကျတဲ့ဝန်ထမ်းလုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အကြောင်းကိုဝေဖန်တာမျိုး၊အပြစ်တင်ရှုံ့ချတာမျိုးလုပ်တာက ကိုယ့်ရဲ့စိတ်သဘောထားမပြည့်ဝဘူးဆိုတာဖော်ပြလိုက်တာနဲ့အတူတူပါပဲ။ကိုယ်ပြောပြတဲ့လူက ကိုယ့်အကြောင်းကို တစ်ခြားတစ်ယောက်ကို ပြန်ပြောပြနိုင်သလို သူ့ဘက်ကကိုယ့်အကျင့်ကိုမကြိုက်လို့ခပ်တန်းတန်းဖြစ်သွားနိုင်ပါတယ်။ဒါမှမဟုတ် နှုတ်ဖွာတဲ့သူဆိုရင် အဲ့ဒီဝန်ထမ်းက ပြန်ကြားမှာမလွဲပါဘူး။လူတိုင်းက လူတိုင်းကိုသဘောကျနေဖို့က မဖြစ်နိုင်ပါဘူး။ဒါကြောင့် တစ်ခြားသူကိုမကြိုက်ဘူးဆိုရင်တောင် ကိုယ့်စိတ်ထဲမှာပဲ ကိုယ်ထားသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*