ကိုယ်အသက်ရူတာ ပုံစံမှန်ရဲ့လား

အသက်ပြင်းပြင်း တစ်ချက် ရှိုက်သွင်း လိုက်ရတာလောက် လူကို သက်သောင့် သက်သာ ရှိစေတာမျိုး နှစ်ခုမရှိ။ လူကို ထိုမျှနေထိုင် ကောင်းစေသော အမူအကျင့်လေး လုပ်ဖို့ လူတွေ မေ့နေကြသည်ဟု ဆိုလျှင် စာဖတ်သူ အံ့သြလိမ့်မည်။

လူအများစုကြီးသည် ကိုယ်ဘယ်လို အသက်ရူနေလဲ သေချာ မစဉ်းစားကြ။ အသက်ရူခြင်းသည် သဘာဝအတိုင်း ဖြစ်နေသော ကိစ္စဟုသာ လွယ်လွယ် သဘောထားတတ်ကြသည်။ ရလဒ် အဖြစ်ကား လူသားတို့သည် မထိရောက်သော အသက်ရူနည်းဖြင့် ရှင်သန် နေကြတော့သည်။ ရူသွင်းသည့် လေကို စွမ်းအင်အဖြစ် ပြောင်းပေးနေသော အဆုတ်ကို ရာနှုန်းပြည့် အသုံးချတတ်သူ နည်းပါးလှသည်။ လူသား၏ အဆုတ်တွင်း တစ်သျူးများကို ဖြန့်ခင်းလိုက်လျှင် တင်းနစ် တစ်ကွင်းစာလောက် အကျယ်ရှိသည်။

အသက်ရူပုံမှားလျှင် ဒါတွေဖြစ်တတ်သည်။

ပုံမှန်ထက်ပိုပြီး သက်ပြင်းတွေ ချနေမိခြင်း။

ထိုသို့ ဖြစ်နေပြီဆိုလျှင် မိမိသည် အသက်ကို မကြာမကြာအောင့် ထားတတ်ခြင်းကြောင့် ဆိုတာ သတိပြုပါ။ အသက်အောင့်ထားခြင်းကြောင့် ခန္ဓာကိုယ်သည် အောက်စီဂျင် ငတ်မွတ်လာပြီး အောက်စီဂျင်များများ ပြန်ရူသွင်းဖြစ်အောင် အလိုလို သက်ပြင်း ချလာမိခြင်း ဖြစ်သည်။

မကြာမကြာ သမ်းဝေနေခြင်း။

အသက်ကို အပေါ်ယံလောက်သာ ရူသည့် အကျင့်ကြောင့် ဖြစ်သည်။ အဆုတ်ထဲထိ ရောက်အောင် နက်နက်နဲနဲ အသက်ရူလေ့ ရှိသူများသည် တစ်မိနစ်ကို ငါးခေါက်မှ ရှစ်ခေါက် ဝန်းကျင်သာ အသက်ရူကြသည်။ အပေါ်ယံလောက်သာ အသက်ရူသူများမူကား ဆယ်ခေါက်မှ အခေါက် နှစ်ဆယ်ကြားထိ ရူသွင်းကြသည်။ အပေါ်ယံ အသက်ရူခြင်းသည် အဆုတ်ထဲထိ အောက်စီဂျင် ရောက်ရှိနှုန်း နည်းပါးသဖြင့် ခန္ဓာကိုယ်သည် ငတ်မွတ်လာသော အောက်စီဂျင် ရရှိအောင် မကြာမကြာ သမ်းဝေခြင်းဖြင့် အောက်စီဂျင် အများအပြားကို စုပ်ယူခြင်း ဖြစ်သည်။

ညညအိပ်ရင်း သွားကြိတ်နေခြင်း။

စိတ်ဖိစီးခြင်း၊ အပေါ်ယံ အသက်ရူခြင်း တို့ကြောင့် ဖြစ်သည်။ စိတ်ဖိစီးသူများ၏ လက္ခဏာများထဲတွင် သွားကြိတ်ခြင်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ စိတ်ကျန်းမာရေး မကောင်းသူများ၏ (၄၀) ရာခိုင်နှုန်းသည် အိပ်နေချိန်တွင် တဂျိဂျိနဲ့ သွားကြိတ်ကြသလို နိုးနေချိန်တွင်လည်း အပေါ်ယံသာ အသက်ရူကြကြောင်း လေ့လာမှု စစ်တမ်းများကလည်း ဖော်ပြသည်။

ဇက်နာ၊ ပခုံးအောင့်နေတတ်ခြင်း။

ရင်ဘတ်လောက်နဲ့သာ အသက်ရူနေမိခြင်းကြောင့် ဆိုတာ သတိရလိုက်ပါ။ ရင်ဘတ်ထဲ ရောက်ရုံလောက် အပေါ်ယံလေး အသက်ရူသည့်အခါ လေတွေ အဆုတ်ထဲထိ ရောက်သွားအောင် ဇက်၊ ပခုံးနှင့် ကျောဘက်ရှိ ကြွက်သားများကပါ ဝိုင်းညှစ်ပြီး အဆုတ်ထဲ ပို့ပေးကြရသည်။

သို့ဖြစ်ရာ အပေါ်ယံ အသက်ရူသူများ၏ ဇက်၊ ပခုံး၊ ကျောကြွက်သားများသည် မလိုအပ်ဘဲ အလုပ်ပိုလုပ်ကြရပြီး နာကျင်ကိုက်ခဲ လာရတော့သည်။ လေ့ကျင့်ခန်းလည်း အလွန်အကံျွမလုပ်၊ ထိခိုက် ဒဏ်ရာလည်း မရပါဘဲ ထိုနေရာတွေ နာကျင်နေပြီဆိုလျှင် မိမိ အသက်ရူပုံ မမှန်လို့ဆိုတာ သတိရလိုက်ပါ စာဖတ်သူ။

အမြဲလိုလို နုံးချိ ပင်ပန်းနေခြင်း။

အသက်၀၀ မရူလို့ဆိုတာ သတိရလိုက်ပါ။ အောက်စီဂျင်၊ အစား အစာနှင့် ရေတို့သည် လူအတွက် အဓိက အာဟာရသုံးမျိုး ဖြစ်သည်။ ထိုသုံးမျိုးအနက် တစ်ခုခု လျော့နည်းသည်နှင့် လူသည် နုံးချိ ပင်ပန်း လာတတ်သည်။ အထူးသဖြင့် အသက်ရူမှု ပုံစံမမှန်ဘဲ အောက်စီဂျင် မလုံလောက် သူတို့သည် အမြဲလိုလို နုံးချိပင့်ပန်း နေကြတော့သည်။

အသက်၀၀ မရူတတ်သူများသည် အဆုတ်၏ (၂၀) ရာခိုင်နှုန်းမျှကိုသာ အသုံးချနေသူများ ဖြစ်သည်။ ရာနှုန်းပြည့်သာ အသုံးချနိုင်မည် ဆိုပါက ကျန်းမာရေး အလွန်ကောင်းသူ တစ်ယောက် ဖြစ်လာလိမ့်မည်။ မကူးစက်တတ်သော ကိုယ်တွင်းရောဂါ အများအပြားသည် အသက်၀၀ မရူခြင်းနှင့် ဆက်စပ်နေသည်။

သို့ဖြစ်ရာ အသက်ရူခြင်း ပုံစံမှားယွင်းခြင်းသည် ခန္ဓာစနစ်ကိုပါ ထိခိုက်စေနိုင်စွမ်း ရှိသဖြင့် အသက်ကို ပုံမှန်ရူတတ်အောင်၊ ရူလျှင်လည်း အဆုတ်ထဲ ထိရောက်အောင် နက်နက်ရိူင်းရိူင်း ရူသွင်းတတ်အောင် သတိလေးထားပြီး လေ့ကျင့်ကြရမည်။ အသက်ရူသွင်း ရူထုတ် လေ့ကျင့်ခန်းမျိုး လုပ်ခြင်းသည် အသက်ကို မှန်မှန်နှင့် ၀၀ရူတတ်အောင် မိမိခန္ဓာကိုယ်ကို လေ့ကျင့်ပေးရာ ရောက်သည်။

အသက်ကို ဖြည်းဖြည်း မှန်မှန်၀၀ ရူတတ်ခြင်းသည် ခန္ဓာကိုယ်ကို လေဓာတ် အပြည့် ဖြည့်ပေးရာ ရောက်ပြီး ကိုယ်စိတ် ကျန်းမာရေး ကောင်းကျိုးပါ ဖြစ်ထွန်းစေသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*