မိန်းကလေးတွေ ဒေါက်ဖိနပ် ကို အမြဲစီးတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ

တချို့မိန်းကလေးတွေက အရပ်ပုလို့ဆိုပြီး ဒေါက်ဖိနပ်ကို အမြဲစီးကြတာမျိုးတွေရှိပါတယ်။ တချို့ကျတော့ အရပ်မပုလည်း ဒေါက်ဖိနပ်စီးကြတာမျိုးတွေရှိပါတယ်။ တစ်ခါတစ်လေစီးတာကတော့ ကိစ္စမရှိပေမယ့် အမြဲတမ်းစီးနေမယ်ဆိုရင်တော့ အရိုးနဲ့ပတ်သတ်ပြီး ကြုံတွေ့ရမယ့် ကျန်းမာရေးဆိုင်ရာပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်ကိုအမြဲစီးတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒေါက်ဖိနပ်အမြဲစီးတဲ့သူတွေဟာ ခါးနာတာမျိုးတွေ အမြဲဖြစ်နေတတ်ပါတယ်။ ဒေါက်ဖိနပ်ကို နှစ်နဲ့ချီပြီး အချိန်အကြာကြီးစီးလာတဲ့သူတွေဆိုရင် ခါးကဒဏ်ဖြစ်သွားလို့ အမြဲခါးနာတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခါးနာလာပြီဆိုရင် ဒေါက်ဖိနပ်စီးတာကိုသာ အရင်ရပ်လိုက်ပါ။ ဆေးခန်းသွားပြပြီး ဆေးခန်းကပေးလိုက်တဲ့ ဆေးတွေကိုသောက်၊ ညွှန်းလိုက်တဲ့ဆေးတွေကိုလိမ်းလိုက်မယ်ဆိုရင်တော့ တစ်ပတ်အတွင်းမှာ ခါးနာတဲ့ဝေဒနာက ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် ဒေါက်ဖိနပ်ပြန်စီးရင်တော့ ပြန်ဖြစ်နေမှာပါပဲ။

ဒေါက်ဖိနပ်စီးတဲ့သူတွေက ခြေဖဝါးနာကျင်တာတွေ အမြဲဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ ခြေထောက်အသားကျေတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒေါက်ဖိနပ်သိပ်မစီးတတ်တဲ့သူနဲ့ စီးနေကျမဟုတ်တဲ့သူတွေဆိုရင် လမ်းလျှောက်ရတာလည်း အခက်အခဲဖြစ်စေပါတယ်။

ဒေါက်ဖိနပ်အမြဲစီးတဲ့အခါမှာ အရိုးအဆစ်ယောင်ရမ်းနာကျင်တာ၊ ကြွက်သားနာကျင်တာ၊ အရွတ်အားနည်းတာတွေနဲ့ ခြေထောက်အစိတ်အပိုင်းတွေ ပြောင်းလဲလာတာကိုခံစားရမှာပါ။ ဒါကြောင့် ဒေါက်ဖိနပ်စီးမယ်ဆိုလည်း တစ်ခါတစ်လေပဲစီးတာ ကောင်းပါတယ်။ ဒေါက်ဖိနပ်မစီးနိုင်ရင် ဖိနပ်အပါးလေးကို အမြဲအပိုထည့်သွားပါ။

ထိပ်ပိတ်ဒေါက်ဖိနပ်တွေစီးတဲ့အခါမှာတော့ ခြေမနဲ့ ခြေသန်းမှာ နာကျင်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခြေစွယ်ငုတ်သလိုနာကျင်မှုမျိုးကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ခြေသလုံး၊ ဒူးနဲ့ ပေါင်ကလည်း ဘာကြောင့်မှန်းမသိ နာကျင်ကိုက်ခဲတာမျိုးတွေ၊ ခြေထောက်ကိုက်တာမျိုးတွေ ခဏခဏဖြစ်လာတတ်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင်တော့ ဒေါက်ဖိနပ်ကိုဆက်မစီးသင့်တော့ပါဘူး။

ဘယ်လောက်ပဲဒေါက်ဖိနပ်စီးတာလှတယ်ပြောပြော ကိုယ့်ကျန်းမာရေးကိုတော့ အထိခိုက်မခံတာအကောင်းဆုံးပါ။ ဒေါက်ဖိနပ်ကို အမြဲစီးတဲ့အခါ ကြာလာရင် ခါးနဲ့ခြေထောက်မှာ ဒဏ်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် စီးချင်ရင်တော့ တစ်ခါတစ်လေပဲစီးပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*