အဝတ်ဗီရိုထဲက ရှုပ်နေတဲ့ အဝတ်အစားတွေ ရှင်းလင်းသွားအောင် အမြန်ဆုံး ရှင်းချင်တယ်ဆိုရင်

အဝတ်အစာေးတွ ရှင်းမယ်၊ရှင်းမယ်နဲ့ မရှင်းဖြစ်ခဲ့တဲ့ ဗီရိုကို ဒီတစ်ပတ် အားလပ်ရက်မှာ ရှင်းလင်းရေးလုပ်ဖို့ အချိန်ပေးလိုက်ပါ။ ဒီလို ရှင်းတဲ့အခါ လိုတာတွေ ချန်ထားပြီး၊ မလိုတာတွေ ဝဲပစ်လိုက်ဖို့တော့ လိုတာပေါ့။ ကိုယ်မဝတ်တော့မယ့် အဝတ်အစားတွေအတွက် မိဘမဲ့ကလေးတွေကို လှူမယ်ဆိုရင်လည်း အိတ်နဲ့သပ်သပ်ခွဲထားပြီး လှူဖို့စီစဉ်ပါ။ ကဲ အိုခေ ဗီရိုကို စရှင်းလိုက်ကြရအောင်။ ဗီရိုရှင်းတော့မယ် ဆို အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးတွေ ကိုယ့်ကိုကိုယ်မေးပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှင်းသွားရုံပါပဲ။

၁။ဒီအဝတ်အစားကို နှစ်သက်ပါသလား။ ကြိုက်နေသေးသလား။

ရက်စ် – ကြိုက်သေးတယ်ဆိုရင် နံပါတ် (၂)မှာ ဖော်ပြထားတာကို ဆက်ဖတ်ပါ။

နိုး – မကြိုက်တော့ဘူးဆိုရင်တော့ ပစ်သင့်တန်ပစ်၊ ပေးသင့်တန်ပေး၊ လှူမယ်ဆိုလည်း လှူလိုက်ပါ။ သိပ်မကြိုက်ပေမယ့် ဝတ်ဖြစ်ဦးမယ်ထင်တယ်ဆိုပြီး စိတ်ကို နှစ်ခွမထားပါနဲ့။ မဝတ်ဖြစ်လို့ပဲ ခုလိုပစ်ထားတာပဲလေ။ ဆုံးဖြတ်ပြီး လုပ်သင့်တာကို လုပ်ပါ။

၂။အဝတ်အစားက စွန်းထင်းနေပြီလား။

ရက်စ် – စွန်းထင်းနေပြီဆိုရင်တော့ ဒါကို ဘယ်လိုလျှော်ဖွတ်လို့ရမလဲ၊ အစွန်းချွတ်ဆေးနဲ့ ချွတ်ပစ်လို့ရနိုင်မလဲ စဉ်းစားပါ။ မရတော့ဘူးဆိုရင်တော့ တာ့တာပြလိုက်ရုံပါပဲ။

နိုး – စွန်းထင်းတာမရှိဘူးဆိုရင် နံပါတ် (၃)ကို ဆက်ဖတ်ပါ။

၃။အရောင်တွေဖျော့တော့နေပြီလား။

ရက်စ် – ကဲ ဘာလုပ်မှာလဲ။ ပစ်လိုက်တော့မှာလား၊ ပေးလိုက်တော့မှာလား။ အိမ်မှာဝတ်လို့ရဦးမလား၊ ကိုယ်ဝတ်ချင်တဲ့ ဖက်ရှင်မျိုးရော ဟုတ်သေးရဲ့လား ဆုံးဖြတ်လိုက်ပါ။

နိုး – အရောင်မဖျော့သေးတဲ့ အဝတ်အစားဆိုရင်တော့ နံပါတ်(၄) ကို ဆက်ဖတ်ပါ။

၄။အစုတ်ရာလေး၊ အပေါက်ကလေးတွေ ရှိနေပြီလား။

ရက်စ် – ကြိုက်ရက်သားနဲ့ ခုနလို နည်းနည်းစုတ်နေတာ၊ ပေါက်နေတာဆိုရင် အပ်ချုပ်ဆရာနဲ့တိုင်ပင်ပြီး ပြန်ပြင်လို့ရမလားစဉ်းစားပါ။ မဟုတ်ရင်တော့ ဝတ်ဖို့ မစဉ်းစားပါနဲ့တော့။

နိုး – ဒါတွေဘာမှမရှိဘူးဆိုရင် နံပါတ် (၅)ကို ဆက်ဖတ်ပါ။

၅။သင့်ခန္ဓာကိုယ်နဲ့ တော်သေးရဲ့လား။

ရက်စ် – ဒါဆိုရင်တော့ နံပါတ် (၆)ကို ဆက်ဖတ်ပါ။

နိုး – ဒါဆိုရင်တော့ နှစ်ချက်စဉ်းစားရမှာပေါ့။ ခုဟာက သင်ပိန်သွားပြီး အဝတ်အစားက ပိုကြီးနေတာဆို ထားချင်ရင်သိမ်းထားနိုင်ပါသေးတယ်။ အဲ့ဒီလို မဟုတ်ပဲ အင်္ကျံ၊ စကတ်၊ ဘောင်းဘီစတာတွေက ဝတ်လို့သေးသွားသလိုမျိုးဖြစ်ရင်တော့ စွန့်လွှတ်လိုက်တာ ပိုမှန်ပါလိမ့်မယ်။

၆။ဒီအဝတ်အစားကို ဘယ်တုန်းက ဝတ်ခဲ့တာလဲ။

ဒီတစ်နှစ်အတွင်း ဝတ်ခဲ့သေးတယ်ဆိုရင် သိမ်းထားချင် သိမ်းထားလိုက်ပါ။ ဒါဟာ ဒီအဝတ်အစားကို သင်သဘောကျနေသေးသလို ဝတ်ဖြစ်ဖို့ အခြေအနေလည်း ရှိပါသေးတယ်။

ဒီအဝတ်အစားကို မဝတ်ဖြစ်တာ တစ်နှစ်ကျော်နေပြီဆိုရင်တော့ သင်ဒီဖက်ရှင်ကို မနှစ်သက်တော့တာ၊ ဝတ်ဖို့အာရုံမလာတော့တာ စသဖြင့် ဖြစ်နိုင်တာမို့ သူများကို ပေးပစ်တာ၊ လှူတာမျိုးတွေ လုပ်ဖို့အကြံပေးချင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*