မော်ဒယ်ဝတ်ပြထားတဲ့ဘောင်းဘီကို အွန်လိုင်းကနေမှာယူပြီးနောက် ရယ်စရာကြုံခဲ့ရတဲ့အဖြစ်

လူမှုကွန်ရက် ဆက်သွယ်ရေးစနစ်ဟာ နည်းပညာတိုးတက်မှုနဲ့အပြိုင် တရှိန်ထိုးအောင်မြင်လာပြီးနောက်ပိုင်း တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုရတာတွေဟာ အရင်ကနဲ့မတူ အလွန်ကို လွယ်ကူလာပါတယ်။ သတင်းအချက်အလက် ဖြန့်ဝေမှုဟာ စက္ကန့်ပိုင်းနဲ့အမျှ လျင်မြန်နေပြီး၊ ငွေရေးကြေးရေး ဝန်ဆောင်မှုတွေ၊ အရောင်းအဝယ်တွေ တော်တော်များများကလည်း ဒီဆက်သွယ်ရေးစနစ်ကို ကောင်းကောင်း အသုံးချလာတာကို တွေ့ပါတယ်။

လူမှုကွန်ရက်တွေ အဆင့်မြင့်လာသည်နှင့်အမျှ အွန်လိုင်းမှတစ်ဆင့် စိတ်ကြိုက်မှာယူနိုင်တဲ့ ဝန်ဆောင်မှုစနစ်လည်း ထွန်းကားလာခဲ့ပြီး၊ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတဲ့စနစ်မို့ တော်တော်များများကတော့ သဘောကျကြပါတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ မှာယူတဲ့ပစ္စည်းတွေဟာ မှန်ကန်မှုမရှိတာ၊ သိသိသာသာကွဲလွဲတာ၊ အင်ထုထားတာတွေလည်း ရှိတတ်ပါတယ်။


အခုလည်း Sophie လို့ အမည်ရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ အွန်လိုင်းပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုတခုကနေ ပစ္စည်းမှာယူခဲ့ပါတယ်။ သူမ မှာယူခဲ့တဲ့အမယ်ကတော့ အဖြူရောင် ခေါင်းလောင်းဘောင်းဘီအရှည်ဖြစ်ပြီး ၎င်းတို့ကြော်ငြာထဲမှာ ဖော်ပြထားတဲ့ မော်ဒယ်တွေဝတ်ဆင်ထားတဲ့ ပုံစံကို သဘောကျလို့ မှာခဲ့တာပါ။


အဆိုပါခေါင်းလောင်းဘောင်းဘီပုံစံဟာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ကြင်ဖော် မီဂန်မာကယ်လည်း ဝတ်လေ့ဝတ်ထရှိလို့ ဥရောပတစ်လွှားက မိန်းမပျိုတွေကြားမှာ ရေပန်းစားပါတယ်။ ဒါကြောင့်လည်း Sophie က ဒီဘောင်းဘီကို တကူးတက မှာယူခဲ့တာပါ။ သို့ပေမယ့် ရောက်လာတဲ့ ဘောင်းဘီက သူမအတွက်တော့ လူရယ်စရာဖြစ်စေခဲ့ပါတယ်။

အကြောင်းကတော့ ပုံမှန်မြင်တွေ့ရတဲ့အတိုင်းပင် ဘောင်းဘီဟာ သိသိသာသာရှည်နေပြီး၊ သူမရဲ့ ရင်ညွှန့်အောက်အစပ်ထိ ရောက်နေပါတယ်။ မော်ဒယ်တွေဝတ်ဆင်တဲ့အတိုင်း ခါးတစ်ဝက်လောက်ကဖမ်းပြီးဝတ်မယ်ဆိုပါက ဘောင်းဘီရဲ့ အောက်အနားစက ကြမ်းပြင်မှာ ဒရွတ်တိုက်လို့ နေပါတယ်။ Sophie ရဲ့ပုံစံဟာ အတော်လေးကို ရယ်စရာကောင်းနေပါတယ်။

Sophie ဟာ သူမရဲ့အဖြစ်သနစ်ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်ကနေ ပြန်လည်မျှဝေခဲ့ရာမှာ retweet ပြုလုပ်သူပေါင်း ထောင်ချီရှိခဲ့ပါတယ်။ အဆိုပါဘောင်းဘီအတွက် ပေါင်(၂၀) ပေးခဲ့ရပြီး၊ လက်ရှိအချိန်ထိတော့ ကုမ္ပဏီဘက်က မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်သေးဘူးလို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*