ဗောက်ထတဲ့ဆံကေသာပိုင်ရှင်များအတွက် ဗောက်ပျောက်ကင်းစေမယ့် သဘာဝပေါင်းတင်နည်း

လှပထူထဲပြီး ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာလေး ပိုင်ဆိုင်ချင်တာကတော့ ပျိုမေတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမဲ့ နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်နဲ့အညစ်အကြေးများ ကပ်ညှိခြင်း၊

ဆံပင်မကြာခဏ ဆေးဆိုး ပုံသွင်းခြင်းတို့ကြောင့် အပူဒဏ်နဲ့ ဓာတုဆေးဝါးများကြောင့် ဆံပင်များ ပျက်စီးကြမ်းတမ်းကာ အဖျားနှစ်ခွဖြစ်လာပါတော့တယ်။

ဒါ့အပြင် သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွာ မသောက်သုံးဘူးဆိုရင်တော့ ဦးရေပြားကအစိုဓာတ်မရရှိတဲ့အတွက်ကြောင့် ဗောက်ထတတ်ပါတယ်။

ဗောက်ထတဲ့ဆံကေသာပိုင်ရှင်များအတွက် ဗောက်ပျောက်ကင်းစေမယ့် သဘာဝပေါင်းတင်နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်။

ပေါင်းတင်နည်း ၁

ဒိန်ချဉ် ဖန်ခွက် တစ်ဝက်ခန့်၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပေးလိုက်ပါ။

သမအောင်နယ်ပြီးသွားပြီဆိုရင်တော့ ဆံပင်အရင်းကနေ အဖျားအထိ သေချာသုတ်လိမ်းပေးလိုက်ပါ။ပြီးရင် ခေါင်းကို Shower Cap လေးနဲ့ အုပ်ထားပေးပြီး မိနစ် ၃၀ ခန့် စောင့်လိုက်ပါ။

မိနစ် ၃၀ ပြည့်ပြီဆိုရင်တော့ ဆာလဖာမပါဝင်တဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင်တော့ ဗောက်ပျောက်သွားပါလိမ့်မယ်။

ပေါင်းတင်နည်း ၂

ငှက်ပျောသီးမှည့် ၂ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း တို့ လိုအပ်ပါမယ်။

အရင်ဦးဆုံး ငှက်ပျောသီးမှည့်ကို ပန်းကန်လုံးလေးထဲထည့်ပြီး ခက်ရင်းနဲ့ ချေမွပေးလိုက်ပါ။ ပြီးမှ သံလွင်ဆီ၊ ပျားရည်နဲ့ သံပုယိုရည်တို့ လောင်းထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ထို့နောက် ဦးရေပြားနဲ့ ဆံကေသာကို သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ကြာမှ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ဒီပေါင်းတင်နည်းလေးကို တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင်လည်း ခေါင်းပေါ်က ဗောက်တွေ သိသိသာသာပျောက်ကင်းသွားပါလိမ့်မယ်။

ပေါင်းတင်နည်း ၃

ထောပတ်သီးမှည့် တစ်လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါမယ်။

ပထမဦးဆုံး ထောပတ်သီးကို ပန်းကန်လုံးလေးထဲထည့်ပြီး ခက်ရင်းလေးနဲ့ အနှစ်ဖြစ်သွားအောင် ချေလိုက်ပါ။ ပြီးရင် ပျားရည်နဲ့ သံလွင်ဆီတို့ကို ရောပြီး ထပ်မွှေပေးလိုက်ပါ။

ပီးတဲ့အခါ ဆံကေသာကို အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ ၄၅ မိနစ်ခန့်ကြာမှ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပေးလိုက်ပါ။

ဒီပေါင်းတင်နည်းလေးကိုတော့ တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

ပေါင်းတင်နည်း ၄

ကြက်ဥ အကာ ၂ လုံးနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ပန်းကန်လုံးလေးထဲထည့်ပြီး မွှေခလောက်ပေးလိုက်ပါ။ ပြီးရင် ဆံပင်ကို အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။

ပီးရင် ဆာလဖာမပါတဲ့ ခေါင်းလျှော်ရည်အသုံးပြုပြီး ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းလမ်းကို တစ်ပတ်မှာ ၁ ကြိမ်ကနေ ၂ ကြိမ်အထိ အသုံးပြုပေးနိုင်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ နည်းလမ်း ၄ မျိုးထဲက မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုလိုက်ပါ။ ဗောက်တွေ ကင်းဝေးပြီး ကျန်းမာထူထဲလှပတဲ့ ဆံကေသာလေးကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*