စာအုပ်တွေထဲမရှိသော ငရုတ်သီးသည် တစ်ယောက်ရဲ့ပညာ

စာအုပ် တွေထဲမရှိသော ငရုတ်သီး သည် တစ်ယောက်ရဲ့ ပညာ

ငရုတ်သီးရောင်းသူတွေမှာ ဒီလိုအခက်အခဲမျိုး ရှိကောင်းရှိလိမ့်မယ်။ အဲဒီအခက်အခဲက ငရုတ်သီးရောင်းသူကို “ငရုတ်သီးက စပ်လား”လို့ ဝယ်သူတွေမေးကြတဲ့ မေးခွန်းဖြစ်တယ်။

ငရုတ်သီးရောင်းသူက “စပ်တယ်”လို့ ပြန်ဖြေရင် ငရုတ်သီးဝယ်သူ အစပ်မကြိုက်ခဲ့ရင် မဝယ်ဘဲထွက်သွားတော့မယ်။ “မစပ်ဘူး”လို့ ဖြေပြန်ရင်လည်း ဝယ်သူက အစပ်ကြိုက်သူဆိုရင် ဒီအရောင်းအဝယ်က မဖြစ်တော့ဘူး။

ဒီလိုအခက်အခဲကို ဖြေရှင်းတဲ့နည်းက အားလုံးသိကြတဲ့နည်းဖြစ်တယ်။ ငရုတ်သီးကို နှစ်ပုံခွဲလိုက်မယ်။ တစ်ပုံကစပ်တယ်၊ တစ်ပုံကမစပ်ဘူးဆိုပြီး ရောင်းရင် ဝယ်သူက သူ့စိတ်ကြိုက်တစ်ပုံရွေးလိမ့်မယ်။ ဒါက အများသိတဲ့ စာအုပ်ထဲမှာရေးထားတဲ့နည်းဖြစ်တယ်။

တစ်နေ့မှာ ကျွန်တော်အားနေတာနဲ့ ငရုတ်သီးရောင်းသူဘေးမှာထိုင် ဒီအခက်အခဲကို သူဘယ်လိုဖြေရှင်းမလဲဆိုပြီး စောင့်ကြည့်ခဲ့တယ်။ ပြီးတော့ ဝယ်သူမရှိတဲ့အခိုက် ရောင်းသူကို လူတတ်ကြီးလုပ်ပြီး ကျွန်တော်သွားပြောလိုက်သေးတယ်။

“အစ်မကြီး.. ငရုတ်သီးကို နှစ်ပုံပုံလိုက်လေ… ဝယ်သူက စပ်တာလိုချင်တယ်ဆိုရင် ဟိုတစ်ပုံကိုထိုးပြလိုက်၊ မစပ်တာလိုချင်ရင် ဒီတစ်ပုံကိုထိုးပြလိုက်လုပ်ပေါ့”

ကျွန်တော်ပြောတာကို ရောင်းသူကနားထောင်ပြီး ရယ်တယ်.. ပြီးတော့ “မလိုပါဘူး.. “လို့ဆိုတယ်။ အဲဒီမှာ ငရုတ်သီးဝယ်သူတစ်ယောက် ရောက်လာတယ်။ ထုံးစံအတိုင်း “အစ်မကြီး.. အစ်မကြီးရဲ့ငရုတ်သီးက စပ်လား”လို့မေးတယ်။

ရောင်းသူအမျိုးသမီးက “အရောင်တောက်တာ စပ်တယ်၊ အရောင်ဖျော့တာ မစပ်ဘူး”လို့ဆိုတယ်။ ဝယ်သူက သူကြိုက်တာကို ရွေးဝယ်ပြီး ထွက်သွားခဲ့တယ်။

ဒီကနေ့က ဘာနေ့လို့ဆိုရမလဲ.. လူတိုင်းက အရောင်ဖျော့တဲ့မစပ်ဘူးဆိုတဲ့ ငရုတ်သီးကိုပဲ ရွေးဝယ်ခဲ့ကြတယ်။ တအောင့်ကြာတော့ အရောင်ဖျော့ငရုတ်သီးတွေ မရှိသလောက်ဖြစ်သွားတယ်။ အဲဒီမှာ ကျွန်တော်က “ကျန်တဲ့ငရုတ်သီးတွေကို နှစ်ပုံခွဲလိုက်ပါ။ မဟုတ်ရင် ရောင်းရခက်လိမ့်မယ်”လို့ ပြောတော့ ရောင်းသူက ပြုံးပြုံးရယ်ရယ်နဲ့ ခေါင်းခါပြပြီး “မလိုပါဘူး..”လို့ဆိုပြန်တယ်။

ဝယ်သူတစ်ယောက် ရောက်လာပြန်တယ်။

“ငရုတ်သီး စပ်လား”

ရောင်းသူက ကိုယ့်ငရုတ်သီးကိုကြည့်ပြီး “အတောင့်ရှည်က စပ်တယ်။ အတိုက မစပ်ဘူး”လို့ဆိုတယ်။

အဲဒီလိုနဲ့ရောင်းရင် ငရုတ်သီးအတောင့်တိုတွေပဲ ကျန်ခဲ့တော့တယ်။ နီနီရဲရဲ ငရုတ်သီးတောင့်တိုတွေကို ကြည့်ပြီး ကျွန်တော် ဘာမှမပြောခဲ့တော့ဘူး။ အင်း.. ဒီတစ်ကြိမ်တော့ သူဘာလုပ်လိမ့်မလဲလို့ပဲ စောင့်ကြည့်နေခဲ့တယ်။

နောက်ဝယ်သူတစ်ယောက်ရောက်လာလို့ ငရုတ်သီးစပ်လားလို့ မေးတဲ့အခါ ရောင်းသူက “အခွံပျော့တာက စပ်တယ်။ မာတာက မစပ်ဘူး”လို့ဆိုတယ်။ ရောင်းသူကို ကျွန်တော်စိတ်ထဲချီးကျူးမိတယ်။ တစ်နေကုန်နေလှန်းခံထားရတဲ့ ငရုတ်သီးတချို့က ရေဓာတ်ခြောက်ပြီး ပျော့နေခဲ့ပြီ။

ငရုတ်သီးတွေရောင်းကုန်သွားတော့ ငရုတ်သီးရောင်းသူက ထွက်မသွားခင် ကျွန်တော့်ကို စကားတစ်ခွန်းပြောခဲ့တယ်။

“ရှင်ပြောတဲ့ ငရုတ်သီးရောင်းနည်းကို လူတိုင်းသိတယ်။ အဲ.. ကျွန်မရဲ့နည်းကိုတော့ ကျွန်မကိုယ်တိုင်ပဲသိတယ်”

ဘဝထဲက အသိဉာဏ်တွေကို စာအဖြစ်ရေးဖွဲသီကုံးနိုင်ကြတယ်။ ဒါပေမယ့် စာအုပ်ထဲက အသိဉာဏ်အတိုင်း ဘဝမှာ လွယ်လွယ်ကူကူ ရှင်သန်လို့မရနိုင်ခဲ့ဘူး။ အကြောင်းက ဘဝဆိုတာ လှုပ်ရှားသက်ဝင်နေရတဲ့အရာမို့ဖြစ်တယ်။ ငရုတ်သီးရောင်းသူကြောင့်……..

အသိဉာဏ်ထဲမှာ စိတ်ကြီးဝင်ခြင်းတွေ ရောစပ်မနေပါစေနဲ့။ စိတ်ကြီးဝင်ခြင်းထဲမှာလည်း အသိဉာဏ်တွေ ကင်းမဲ့မနေပါစေနဲ့… ဆိုတဲ့အသိကို ကျွန်တော်ရလိုက်တော့တယ်။

Credit:နိုင်းနိုင်းစနေ (Friday, June 15, 2012)

Be the first to comment

Leave a Reply

Your email address will not be published.


*