ဆေးမြီးတို များနှင့် လွဲမှားနေသော အယူအဆ များ

ဆီးချိုသွေးချိုရောဂါကို “ပျောက်စေ” ဆိုတဲ့ ဆေးပဲ ဖြစ်ဖြစ်၊ ဓာတ်စာကိုပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်က စိတ်ထင်လို့ပဲဖြစ်ဖြစ်၊ ကြားဖူးလို့ပဲဖြစ်ဖြစ်၊ ကိုယ်တွေ့ဆိုပြီးတော့ပဲဖြစ်ဖြစ် ညွှန်းလာရင် လူနာတွေက ချက်ချင်းလိုက်လုပ်ကြည့် ကြတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုနာတာရှည်ရောဂါကြီး၊ စားချင်တာ မစားရတဲ့ ရောဂါကြီး၊ ဝဋ်နာကံနာလို ခံစားနေရတဲ့ရောဂါကြီး၊ သက်တမ်းတိုနိုင်တဲ့ရောဂါကြီး၊ ငွေကုန်ကြေးကျများတဲ့ ရောဂါကြီးကို တစ်ချက်တည်း အမြစ်ပြတ်ပျောက်ချင်လွန်းလို့ပဲ ဖြစ်ပါတယ်။
ဆီးချိုသွေးချိုရောဂါဖြစ်နေပြီလို့ သိလိုက်ရတဲ့အချိန်မှာ လူနာတွေ ဘာလုပ်ကြသလဲဆိုတော့ အများအားဖြင့် အချို မစားတော့ဘူး၊ တစ်ချို့ကလည်း ထမင်းလျှော့စားတယ်။ ပြီးတော့ မိတ်ဆွေအိမ်နီးချင်းတွေ ပြောသမျှ ဆေးမြီးတိုတွေကို စမ်းကြည့်နေကြတာ မနည်းလှပါဘူး။

လူနာတွေထံက သူတို့ကြားဖူးတဲ့ ဆေးမြီးတိုတွေ၊ သူတို့ကိုယ်တိုင် သုံးစွဲကြည့်ဖူးတဲ့ သို့မဟုတ် သုံးစွဲနေကြတဲ့ ဆေးမြီးတိုတွေကို ဆွေးနွေးတင်ပြလိုက်ပါတယ်။

တစ်ချို့လူတွေက သိပ္ပံနည်းနဲ့ သုတေသနလုပ်ဖူးထားလို့သိရတဲ့ သွေးချိုကျနိုင်တဲ့ ဆေးရွက်တွေကို သုံးနေတာရှိသလို ဘာမှလေ့လာဆန်းစစ်ထားတာ မရှိဘူးသေးတဲ့ ဆေးနည်းတွေကို လိုက်သုံးနေကြတာတွေ ကလည်း မနည်းပါဘူး။ ဘာဆေးတွေကြားဖူးသလဲဆိုတာ ဆက်လက်ဖော်ပြပါမယ်။

ပျားမြီးဆွဲရွက်၊ သကြားမကိုဋ်ရွက်၊ သင်္ဘောရွက်၊ ခရေရွက်၊ ငရုတ်ခါးရွက်၊ သနပ်ခါးရွက်၊ ခွေးတောက်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ တမာရွက်၊ ရဲယိုရွက်၊ ဆေးခါးကြီးရွက် စသဖြင့် အရွက်တွေကို ဝါးစားတာ၊ သုံးခွက်တစ်ခွက်တင် ပြုတ်ရည်ကို သောက်တာနဲ့ အရွက် ၁၀ မျိုးကြိတ်ဆေးတွေ ပြုလုပ်ပြီး သောက်နေကြတာတွေကို တွေ့ရှိနေရပါတယ်။ စစ်တမ်းကောက်ကြည့်လိုက်ရင် အကြမ်းအားဖြင့် လူ ၁၀၀ မှာ ၇၅ ယောက်ကတော့ အနည်းဆုံး တစ်ကြိမ် စမ်းကြည့်ကြဖူးတာရှိပါတယ်။

တခြားကြားဖူးတဲ့ ဆေးမြီးတိုတွေကတော့ –
– ကောက်ရိုးကို ပြုတ်ထားတဲ့ အရည်သောက်သုံးတာ
– တညင်းသီးကို ရေစိမ်ပြီးသောက်တာ
– သင်္ဘောသီးကို ဖင်ကဖြတ်ကာ အခေါင်းပေါက်ထဲ ရေနွေးလောင်း ထည့်ထားပြီး ရေနွေးကြမ်းသောက်သလိုသောက်တာ
– ကြက်သားကို သံပရာသီး အလုံးလိုက် ၄လုံး ထည့်ပြီး ပေါင်းစားတာ
– ရုံးပတီသီးကို ထိပ်ဖြတ်ပြီး ရေထဲစိမ်ထားတဲ့ အရည်သောက်တာ စသဖြင့် မျိုးစုံအောင် လုပ်ကြည့်နေကြတာ ရှိပါတယ်။

တခြား ထူးခြားဆန်းကြယ်တဲ့ ဆေးမြီးတိုတစ်ခုကတော့ နွားမ အနက်ရဲ့ ကျင်ငယ်ရည်ကို မှန်မှန်သောက်ရင် ဆီးချိုပျောက်ကင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုဖြစ်ပါတယ်။ အိန္ဒိယ အာယုဗ္ဗေဒ ဆေးကျမ်းမှာ နွားကျင်ငယ်ရည်ဟာ ရောဂါပေါင်းများစွာကို သက်သာပျောက်ကင်းစေတယ်လို့ ဖော်ပြထားပြီး ဒါကို ယုံကြည်ယူဆကြသူတွေ အတော်လေးရှိကြပါတယ်။ ဒီအလေ့အထဟာ အိန္ဒိယမှာ ရှေးနှစ်ပေါင်း ၅၀၀၀ ကတည်းက သုံးစွဲခဲ့ကြတာလို့ ဆိုကြပါတယ်။ တချို့ကလည်း နံနက်မိုးမလင်းမီ ခံယူရရှိတဲ့ နွားမပျိုရဲ့ ကျင်ငယ်ရည်ကသာလျှင် ဆေးဖက်ဝင်တယ်လို့လည်း ဆိုကြပါတယ်။ အများကိုလည်း ဒီဆေးနည်းဟာ တကယ်အစွမ်းထက်မြက်သလိုမျိုး အမွှမ်းတင်ကြတဲ့ သူတွေကြောင့် ဒီဆေးမြီးတိုဟာ ဆီးချိုလူနာအများကြားမှာ ပြန့်ပွားနေပြီး တချို့လည်း စမ်းကြည့်ဖူးကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံနည်းတွေနဲ့ လေ့လာကြည့်ရာမှာ ဒီလိုကောင်းတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ တချို့ကလည်း မိမိကျင်ငယ်ရည်ကို မိမိပြန်သောက်ရင် ကျန်းမာတယ်၊ ဆီးချိုသက်သာတယ်လို့ ယုံကြည်သူတွေ ရှိကြပါသေးတယ်။ အခုလို ဆီးချိုဆေးကောင်းတွေ ရှိနေတဲ့ခေတ်မှာ ဒါတွေဟာ မသင့်တော်တော့ပါဘူး။

ဆီးချိုလူနာရှင်အများစုဟာ-
၁။ ဆေးမြီးတိုတွေကို ဘာကြောင့် ဆီးချိုသွေးချိုရောဂါ ပျောက်ကင်တဲ့ ဆေးလို့ ထင်မိကြတာလဲ။
၂။ ဘာကြောင့် ဒီလိုဆေးမြီးတိုတွေကို ယုံကြည်ပြီး သုံးစွဲနေကြတာလဲ။
၃။ ဒါတွေ သုံးစွဲရင် ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာ ဆွေးနွေးလိုပါတယ်။

၁။ ဆီးချိုကျသွားတယ်၊ ပျောက်ကင်းသွားတယ်လို့ ထင်ရတဲ့ အကြောင်းက ဒီလိုဖြစ်နိုင်ပါတယ်။ တကယ်တော့ လူတွေရဲ့ သွေးတွင်သကြားဓာတ် ဒါမှမဟုတ် အချိုဓာတ်ဟာ ရေကန်ထဲက ရေပြင်လို တစ်ပြေးညီ တစ်နေ့လုံး တည်ငြိမ်နေတာ မဟုတ်ပါဘူး။ တချို့လူနာတွေက နံနက်စောစော အိပ်ရာထတာနဲ့ ဆီးချိုစစ်လိုက်လို့ အဖြေတစ်ခုခုရရင် တစ်နေ့လုံး ဒီလောက်ပဲ ရှိမှာပဲလို့ ထင်မိတတ်ကြပါတယ်။

တကယ်တော့ သွေးတွင်းသကြားဓာတ်တွေဟာ နိမ့်လိုက်၊ မြင့်လိုက်ရှိနေပါတယ်။ အစာစားပြီး တစ်နာရီခန့်မှာတော့ အမြင့်ဆုံးဖြစ်ပြီး စစားပြီး နှစ်နာရီမှာတော့ ပုံမှန်နီးပါး အစာမစားမီ် အနေအထားကို ပြန်ကျလာမှာ ဖြစ်ပါတယ်။

ပင်လယ်က လှိုင်းတွေနဲ့ ပုံစံတူပါတယ်။ အစာစားပြီး ၂နာရီ အတွင်းဖြစ်ပေါ်နေတဲ့ သွေးသကြားဓာတ်ဟာ ဂရပ်ဖ် (Graph) ပုံ ဆွဲလိုက်ရင် လှိုင်းလုံး တစ်လုံး တက်လာတာနဲ့ တူပါတယ်။ အစားနည်းရင် လှိုင်းလုံးသေးသေးတက်လာတာနဲ့တူပြီး အစားများရင် လှိုင်းလုံးအကြီးတက်လာတာနဲ့ တူပါတယ်။ ဒါပေမယ့် အစာစစားတဲ့ အချိန်နဲ့ ကွာခြားလေလေ ဆီးချိုလှိုင်းလုံးကလည်း ကျလာလေလေဖြစ်ပါတယ်။

တစ်နေ့လုံး လိုက်စစ်ကြည့်နေရင် အဖြေပေါင်းများစွာ…သွေးချိုဓာတ်တွေ နိမ့်နေတာရော၊ မြင့်နေတာရော ရှိနေမှာပါပဲ။ ဒါဆိုရင် အဖြေတစ်ခုခု ဂဏန်းတစ်ခုခုကို ဖော်ပြတော့မယ်ဆိုရင် ဒုတိယ မေးခွန်းကတော့ ဘယ်အချိန်မှာ ဖောက်ထားတာလဲ၊ နောက်ဆုံး အစာနဲ့ ဘယ်လောက်ဝေးကွာချိန်မှာ ဖောက်ထားတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဆီးချိုအမှတ်တွေဟာ ရှိသင့်တဲ့ဘောင် (Range) အတွင်းမှာ ရှိနေရင် လုံလောက်တယ်လို့သာ သတ်မှတ်နိုင်ပြီး အမြဲပြောင်းလဲနေတာဖြစ်လို့ တိတိကျကျ ဂဏန်းတစ်ခုတည်းကိုပဲ သတ်မှတ်ထားလို့ မရပြန်ပါဘူး။ ရှေးယခင်က ဖော်ပြပြီးဖြစ်တဲ့ ရှိသင့်တဲ့ သွေးတွင်း အချိုဓာတ်တွေကတော့ တစ်ညလုံး အစာမစားဘဲ အိပ်ရာနိုးလာတဲ့အခါ ဖောက်တဲ့ သွေးတွင်းသကြားဓာတ် (Fasting Blood Sugar) ဟာ ၉၀ မှ ၁၃၀ မီလီဂရမ် အတွင်း ရရှိရင် လုံလောက်ပြီး၊ အစာကြီး ဥပမာ…နံနက်စာ၊ နေ့လည်စာ၊ ညနေစာ ထမင်းစစားချိန်ကို မှတ်ယူပြီး အဲ့ဒီ အချိန်မှ ၂နာရီ ကွာခြားချိန်မှာ သွေးတွင်းသကြားဓာတ် စစ်လိုက်ပါက ၁၂၀ မှ ၁၈၀ မီလီဂရမ် အတွင်း ရရှိသင့်ပါတယ်။ ဒါကြောင့် တချို့လူနာတွေကတော့ မှတ်ရမှာ ရှုပ်တာကြောင့် ၁၈၀ မီလီဂရမ်၊ တချို့ကလည်း ၂၀၀ မီလီဂရမ် မကျော်ရင် ရပြီလို့သာ အကြမ်းဖျင်း အလွယ်တကူ မှတ်ထားကြပါတယ်။ ဒါပေမယ့် သူတို့ တကယ်စစ်လေ့ရှိတဲ့ အချိန်က နံနက်စောစော အိပ်ရာထမှာ စစ်ထားတဲ့ အဖြေတွေပဲ ဖြစ်နေတာများပါတယ်။ ဒါဆိုရင် ၁၃၀ မကျော်ရဆိုတဲ့ သတ်မှတ်ချက်ကို မသိလိုက်ဘဲ ၂၀၀ မကျော်မချင်း ကျေနပ်နေကြတာ၊ မိမိဘာသာ ဆေးကုသ နေကြတာကို တွေ့ရပါတယ်။ နံနက်စာ မစားမီ ရတဲ့ အဖြေကို ၁.၅ ဒါမှမဟုတ် ၂ နဲ့ မြှောက်လိုက်ရင် အစာစားပြီး ရမယ့် အဖြေနဲ့ ညီတတ်ပါတယ်။ ဥပမာ – အစာအစားမီ ၁၆၀ မီလီဂရမ် ရရှိလို့ သိပ်မဆိုးဘူးလို့ ထင်တဲ့သူတစ်ဦးဟာ အစာစားပြီး ၂နာရီမှာ ပြန်စစ်ကြည့်လိုက်ရင် ၂၄၀ မှ ၃၄၀ မီလီဂရမ်ခန့် ရှိနေတတ်ပါတယ်။ ဒါဆိုရင် အများဆုံး ထားရမယ့် ပမာဏ ၁၈၀ ကျော်နေပါတယ်။ ဒါကြောင့် အချိန် နှစ်မျိုးစလုံးကိုု တိုင်းတာကြည့်ဖို့ လိုအပ်ပါတယ်။

ဥပမာ – ဆေးမြီးတို သုံးစွဲတဲ့ လူနာတစ်ဦးဟာ ဆေးမသုံးမီ စစ်ကြည့်လို့ရတဲ့ ၃၀၀ မီလီဂရမ်ဟာ အစာစားပြီးခါစမှာ တိုင်းတာလို့ရတဲ့ အဖြေဖြစ်တယ်ဆိုပါတော့။ ဆေးသုံးစွဲပြီးနောက်မှ ပြန်ဖောက်ကြည့်တာက နံနက်အိပ်ရာထ မစားခင်အချိန်ဖြစ်ခဲ့ပြီး ၁၆၀ မီလီဂရမ် ရရှိခဲ့မယ်ဆိုရင် လျော့သွားတယ်လို့ ထင်မှားမိတတ်ပါတယ်။ စားပြီးချိန်မှာပဲ ပြန်တိုင်းကြည့်မှသာ နှိုင်းယှဉ်လို့ရမှာ ဖြစ်ပါတယ်။ ဒါကို ဂဃနဏမသိဘဲ အဟုတ်လျော့သွားတာ ထင်ပြီး ကြေညာမောင်းခတ်ကာ ဆေးမြီးတိုတွေ ပေးပြီးလိုက်ကုနေတဲ့ စေတနာ့ ဝန်ထမ်းတွေလည်း မနည်းပါဘူး။ လူနာက လူနာအချင်းချင်း ပိုုယုံလွယ်ကြပါတယ်။ တချို့ဆီးချိုရှိမှန်းမသိသေးဘဲ ချိုတဲ့ အစာတွေနဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစာတွေများစွာ စားထားပြီးမှ စစ်မိလို့ ရတဲ့ အဖြေဟာ ဆီးချိုသွေးချိုရောဂါလို့သတ်မှတ်တဲ့ ဘောင်ထဲဝင်သွားပြီး အစာဖြတ်လိုက်ရင် အလိုလျောက်ကျသွားကာ ပုံမှန်ပြန်ဖြစ်တတ်တာလည်း ရှိပါတယ်။ ဒါက ဆီးချိုမရင့်သေး၊ မကြာသေးတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မှာ ဆေးမြီးတို သုံကြည့်တာနဲ့ ကြံကြိက်ပြီး ဆေးမြီးတိုကြောင့် ဖြစ်တာလို့ ထင်တတ်ပါတယ်။ ဒီလိုအဖြစ်မျိုး တစ်ကြိမ်တစ်ခါတည်း ကြုံခဲ့ဖူးတာကို အမြဲ ဖြစ်နေတဲ့ သာဓက တစ်ခုလို ပုံကြီးချဲ့ပြီး အဖြစ်အပျက်ကို ပုံပြင်လေးနဲ့ ပြောလိုက်ရင် အဟုတ်ထင်တတ်ကြတာလည်း ရှိပါတယ်။ ဘယ်သူဘယ်ဝါတော့ ဆီးချို အမြစ်ပြတ်ပျောက်သွားပြီလို့ ပုံကြီးချဲ့တတ်ပါတယ်။ ဒါတွေကို အမှန်သိရင်တော့ ဆီးချိုယာယီငုပ်လျှိုးသွားတာက အပြီးပျောက်တာ မဟုတ်ဘူးလို့ ရှင်းပြလို့ ရပါတယ်။

၂။ ဘာလို့လူနာတွေက အချင်းချင်းပြောတဲ့ ဆေးမြီးတိုတွေကို သုံးနေကြတာလဲ၊ ယုံကြည်နေကြတာလဲ ဆိုတာကို ဆက်လက်ဆွေးနွေးလိုပါတယ်။ ဆီးချိုသွေးချိုရောဂါဟာ အလွန်ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ ဘာသာရပ်တစ်ခုဖြစ်လို့ ပညာတတ်သူတွေပင်လျှင် ရှင်းရှင်းလင်းလင်း နားလည်ရခက်နေတာ ရှိပါတယ်။ ဒါဆိုရင် ကျန်းမာရေး ပညာနဲ့ သတင်းတွေကို လေ့လာတာ လိုက်စားတာ မရှိတဲ့ မြို့နယ်၊ တောရွာနေ လူနာတစ်ချို့အဖို့ ပိုပြီး ယုံလွယ်မှားလွယ်မှာ ဖြစ်ပါတယ်။ ဒါကိုု အခွင့်ကောင်းယူပြီး အထင်ကြီးအောင် သိန်းနဲ့ချီ တောင်းဆိုပြီး တစ်ခါစား လူလိမ်တွေ ရှိပါတယ်။ ဒါတွေကို အငိုက်မမိစေဖို့ သတိပေးလိုပါတယ်။

အဓိက ကတော့ လူနာတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေဘက်က ကျန်းမာရေး ဗဟုသုတ ဖြန့်ဖြူးပေးရာမှာ အားနည်းမှုရှိနေတာကြောင့် ကျန်းမားရေးဝန်ထမ်းတွေ ဆီးချိုကုသရာမှာ စနစ်ကျတဲ့ ဆီးချိုသွေးချို ပြုစုစောင့်ရှောက်မှု (Standard Diabetes Care) မပေးနိုင်သေးတာတွေကြောင့်လည်း ပါပါတယ်။ ဒီလို စောင့်ရှောက်မယ့်သူ မရှိလို့ လူနာတွေ ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်အချင်းချင်း အကြံပေးပြီး ဆေးမြီးတိုတွေ မှီဝဲနေကြတာဖြစ်ပါတယ်။ မယုံကြည်ရင်တောင်မှ ဟုတ်လိုဟုတ်ငြား စမ်းကြည့်ကြတာ မနည်းပါဘူး။ အယူအဆ လွဲမှားမှုတွေကို လုပ်နေတာ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲဆိုတာ ဆက်လက် ဆွေးနွေးလိုပါတယ်။

၃။ မှာယွင်းတဲ့ အယူအဆတွေနဲ့ လမ်းလွဲနေခဲ့တာကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် နှစ်ခုရှိပါတယ်။ တစ်ဖက်မှာ တကယ်ထိရောက်မှုမရှိတဲ့ ဆေးမြီးတိုတွေကြောင့် လုပ်သင့်လုပ်ထိုက်တဲ့ ဆီးချိုသွေးချိုထိန်းတာ၊ ထိရောက်တဲ့ ဆေးဝါးနဲ့ ကုသမှု မရှိခဲ့ဘဲ အချိန်တွေ ကုန်နေခဲ့တာတွေကြောင့် နောက်ဆက်တွဲရောဂါတွေ စောစောဝင်လာနိုင်ပါတယ်။ ရောဂါသိရှိအောင် ဖော်ထုတ်ထားပြီးဖြစ်ပေမယ့်လည်း ဆရာဝန်တွေထံမှာ ထိရောက်တဲ့ ဆီးချိုရောဂါ ပြုစုစောင့်ရှောက်ကုသမှုကို မခံယူခဲ့ရလို့ ဆုံးရှုံးနစ်နာမှုတွေ များစွာ ရရှိနိုင်ပါတယ်။ ဆီးချိုရောဂါရဲ့ အကောင်းဆုံးကုထုံးကတော့ “အစောဆုံး ရောဂါဖော်ထုတ်ပြီး သွေးချိုကို အမြဲတမ်း အထိရောက်ဆုံး ထိန်းထားနိုင်တာ” ပဲဖြစ်ပါတယ်။

ဒီအခွင့်အရေးတွေကို အဆုံးရှုံး မခံသင့်ပါဘူး။ နောက်အကျိုးဆက်တစ်ခုကတော့ ဒီလို ဆေးမြီးတိုတွေ သုံးတာကြောင့် တခါတရံ ဆိုးကျိုးတွေလည်း ရရှိနိုင်ပါတယ်။ သဘာဝအသီးအရွက် တချို့ကလည်း အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်တတ်တဲ့ သာဓကတွေရှိပါတယ်။ အချိန်အဆမသိလို့ အလွန်အကျူးသောက်သုံးမိရင်လည်း အနည်းငယ် စားသုံးစဉ်ကနဲ့ မတူတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ (Overdose or toxicity)

နွားကျင်ငယ်ရေသောက်ရင် နွားရဲ့ ဆီးလမ်းကြောင်းမှ ပိုးတွေကိုလည်း သောက်မိပြီး ရောဂါ ရရှိနိုင်ပါတယ်။ လွဲမှားပြီး သိပ္ပံနည်းမကျတဲ့ ယုံကြည်မှုတွေကြောင့် ဆေးကုသဖို့ နှောင့်နှေးနေတတ်ပါတယ်။ ဒါကြောင့် ဒီလို အယူူအဆလွဲမှားနေတဲ့ ဆေးမြီးတိုလေးတွေ သောက်သုံးနေရင်းနဲ့ တန်ဖိုးရှိတဲ့ သွေးချိုထိန်းရမယ့် အချိန်တွေကို မကုန်ဆုံးစေသင့်ပါဘူး။

ဒီလိုဆေးမြီးတိုတွေနဲ့ အချိန်ဖြုန်းခဲ့မိတဲ့ အသက် ၅၀ ရှိ ဒေါ်အေးမိဆိုတဲ့ လူနာတစ်ဦးရဲ့ အကြောင်းကို မှတ်သားဖွယ်ရာ တင်ပြအပ်ပါတယ်။

“ဒေါ်အေးမိက ဘယ်မြို့ကလဲ။ ဆီးချိုသွေးချိုရှိတာ ၄ နှစ်လောက်ရှိနေပြီဆိုတော့ ဘာဆေးတွေသောက်နေလဲ ပြောပြပါဦး” လို့ ဆရာမကမေးလိုက်တော့ –

“ကျွန်မက မော်ကျွန်းကပါဆရာမ။ ကျွန်မကတော့ ဆီးချိုဖြစ်ကတည်းက အချိုဆို လုံးဝ ရှောင်ထားပါတယ်။ ပြီးတော့ မိတ်ဆွေတွေပြောတဲ့ သဘာဝဆေးတွေကိုပဲ သောက်နေတာပါပဲ။
အရင်ကတော့ နေလို့ကောင်းတယ်။ အခုနောက်ပိုင်းကျမှ မျက်စိတွေဝေဝါးပြီး ခြေထောက်တွေထုံလာလို့ လာပြကြည့်တာပါ။ ပြီးတော့မြို့က ဆရာဝန်ဆီမှာ စစ်ကြည့်တော့ သွေးတွင်း သကြားဓါတ်က ၄၀၀ကျော်ဖြစ်နေလို့ ဆရာမဆီ လွှဲပေးလိုက်တာပါ” လို့ ဒေါ်အေးမိက ပြန်ဖြေပါတယ်။

“ဘာဆေးမြီးတိုတွေ သုံးဖူးသလဲ”

“အစုံပါပဲ ဆရာမရယ်၊ ကျွန်မ သိကြားမကိုဋ်ရွက်တွေ ဝါးစားဖြစ်တယ်။ ပြီးတော့ ခရေရွက်ကို သုံးခွက်တစ်ခွက်တင် ပြုတ်ထားတဲ့ အရည်ကို တစ်နေ့ သုံးခါသောက်တယ်။ ကြက်သားနဲ့ သံပုရာသီး ၄ လုံး ပေါင်းပြီးလည်း စားဖြစ်တယ်။ ကြားသမျှတော့ စမ်းကြည့်တာပဲ။ အခုနောက်ပိုင်း သွေးချို ပိုတက်လာလို့ မိတ်ဆွေတစ်ဦးပြောတဲ့ နွားနက်အမရဲ့သေးကို နေ့တိုင်းသောက်ကြည့်သေးတယ်။ ပျောက်ချင်လွန်းလို့ မနည်းအောင့်ပြီး သောက်ခဲ့ရတာပါ ဆရာမရေ။ ဒါပေမယ့် တစ်လကြာပြီ၊ သွေးချိုက အခု ၄၀၀ မှတ်ကျော်လာလို့ ဆက်မသောက်တော့ပါဘူး”

ဒေါ်အေးမိရဲ့ အဖြေကြားတော့ ဆရာမ အတော်အံ့သြသွားပါတယ်။

“အို …နွားသေးဆိုတော့ တော်တော်လေး ရွံစရာကောင်းမှာပေါ့နော်။ မနည်းအောင့်ပြီးသောက်ရမှာပဲ။ ဒေါ်အေးမိ ဆီးချိုရောဂါ တကယ်ပျောက်ချင်မှန်း ဆရာမ နားလည်သွားပါပြီ။ အခုစစ်လိုက်တော့ ဆီးချိုများနေတာကို သိလိုက်တာပေါ့နော်။ အရင်ကရော စစ်လေ့ရှိလား”

“စစချင်းကတော့ ဆီးချိုကို အခုလိုစစ်ရမယ်ဆိုတာ မသိပါဘူး။ အချိုရှောင်ရင် သွေးမချိုတော့ဘူးလို့ ထင်မိတာ။ ဒီနှစ်ထဲကျမှ အိမ်နီးချင်းမိတ်ဆွေဆီမှာ ဆီးချိုစစ်တဲ့ စက်ကလေးဝယ်ထားလို့ တစ်ခါတစ်ခါ သွားစစ်လို့ရတော့မှ သွေးချို ၂၀၀ ဆိုတာ များမှန်းသိတာ”

“ပါးစပ်မှာ ချိုတဲ့ အရသာရှိတဲ့ အစာကို ရှောင်လိုက်ရုံနဲ့ ဆီးချိုပျောက်သွားမှာ မဟုတ်ပါဘူး။ တကယ်တော့ ပါးစပ်ထဲမှာ မချိုတဲ့အစာတွေ ဥပမာ ထမင်းဟာလည်း ဝမ်းဗိုက်ထဲရောက်သွားရင် သကြား (ဂလူးကို့စ်) စစ်စစ်တွေ ဖြစ်သွားတော့တာပဲ။ ဘာဆေးမြီးတိုပဲ သုံးသုံး အချိုပဲဖြတ်ဖြတ် ဆီးချိုကို လက်တွေ့တိုင်းကြည့်ရမယ်။ မထိရောက်ရင် စောစောပြုပြင်ပြီး ထိရောက်တဲ့နည်းကို ရှာရမယ်။”

“ကျွန်မကတော့ ကိုယ့်ဘာသာကိုယ် ဆရာလုပ်ပြီး ကိုယ့်ဆေးမြီးတိုနဲ့ကိုယ် ဟုတ်လှပြီလို့ ထင်နေမိတာ။ ဆီးချိုတိုင်းပြီး ထိရောက်အောင် ထိန်းခဲ့ရမယ့် အချိန်တွေဖြုန်းနေမိတာ..နှစ်တွေမနည်းတော့ပါဘူး။ နောက်ဆက်တွဲရောဂါတွေများ ဝင်သွားပြီလား စစ်ဆေးပေးပါဦး ဆရာမ”

“ဒီနေ့မှ အမြင်မှန်ရတာလည်း နောက်ကျသွားတယ်ရယ်လို့ မရှိပါဘူး။ ဒီနေ့ကစပြီး ထိရောက်တဲ့ ကုထုံးတွေကို ယူလိုက်ရင် အကောင်းဆုံးမဖြစ်ရင်တောင် အဆိုးကြီးတော့ မဖြစ်နိုင်တော့ပါဘူး။”

မှတ်ချက်
(၁) ဆေးမြီးတိုတွေ၊ လွဲမှားတဲ့ ယုံကြည်ချက်တွေ၊ ရှေးရိုးစဉ်လာ အယူအဆတွေ မျိုးစုံကို ကြားဖူး၊ ဖတ်ဖူးကြမှာ ဖြစ်ပေမယ့် ဒါတွေဟာ အများအားဖြင့် သိပ္ပံနည်းစနစ်နဲ့ လေ့လာထားတာ မရှိကြပါဘူး။
(၂) ဘယ်အယူအဆတွေကိုပဲဖြစ်ဖြစ် စမ်းကြည့်မယ်ဆိုရင် ဆီးချိုထိရောက်အောင် ကျ၊ မကျ အမြဲတမ်းလက်တွေ့စစ်ဆေးကြည့်နေရပါမယ်။
(၃) သွေးတွင်းသကြားဓါတ်က အစာစားချိန်နဲ့ အနီးအဝေးပေါ်မူတည်ပြီး အမြဲပြောင်းလဲနေတာကို သတိပြုရပါမယ်။ ရရှိတဲ့အဖြေတစ်ခုတည်း ပုံသေအမြဲရှိရမယ်လို့ မှတ်ထားလို့မရပါဘူး။
(၄) ဆီးချိုသွေးချိုရောဂါ ရင့်လာလေလေ ဆီးချိုမြင့်လာလေလေ ဖြစ်လာပါမယ်။ အစပိုင်းမှာ ဒီဆေးမြီးတိုတွေက သွေးချိုကျစေနိုင်ရင်တောင် နှစ်ကြီးလာရင်တော့ ဆီးချိုများလာမှာဖြစ်လို့ ပိုပြီးထိရောက်တဲ့ဆေးတွေကို စောစောကူးပြောင်းပြီးသုံးမှ အသက်ရှည်မှာဖြစ်ပါတယ်။
(၅)ဆေးမြီးတိုတွေကို စမ်းသပ်နေရင်း အဖိုးတန်လှတဲ့ အချိန်တွေကို မဖြုန်းတီးမိစေဖို့ သတိပေးအပ်ပါတယ်။

Credit: ပါမောက္ခ သန်းသန်းအေး၏ ကျွန်မနှင့် ဆီးချိုလူနာများ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*