သူငယ်ချင်းတွေ စုပြီး သီချင်းသွားဆိုသင့်သည့် အကြောင်းအရင်းများ

ဂီတက လူတွေကို ရသမျိုးစုံ ပေးနိုင်စွမ်း ရှိပါတယ်။ မတူညီတဲ့ ဂီတ အမျိုးမျိုးကို လူတွေက သဘောကျ နှစ်သက်လေ့ ရှိပြီး သီဆိုလေ့ ရှိပါတယ်။ သီချင်းနားထောင်တာက ခံစားမှု အမျိုးမျိုး ပေးနိုင်သလိုပဲ သီချင်းတွေကို လိုက်ဆိုတဲ့အခါမှာလည်း အကျိုးတွေ ရှိတတ်ပါသေးတယ်။ ဒီလို အကျိုးတွေရဖို့ ဆိုရင် သူငယ်ချင်းတွေ စုပြီး အတူတူ သီချင်းသွားဆိုရင်တော့ ပိုတောင် ကောင်းပါသေးတယ်။

(၁) ရယ်ရတယ်

သူငယ်ချင်းတွေ အတူစုပြီး သွားရတာမျိုး ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အသံအနေအထား အမျိုးမျိုး ရှိနေကြမှာပါ။ ကီးကြောင်တဲ့ တစ်ယောက်ယောက်သာ အဖွဲ့ထဲ ပါတယ်ဆိုရင်တော့ သင်တို့အားလုံး အတောမသတ်နိုင်လောက်အောင်ကို ရယ်နေရမှာပါ။ ကီးကြောင်တာကလည်း သဘာဝမို့ ရှက်စရာတော့ မလိုပါဘူး။ ဒါပေမဲ့ သူငယ်ချင်းတွေကိုတော့ ပျော်စေနိုင်တဲ့သူတစ်ယောက် ဖြစ်နေမှာပါ။


(၂) အမှတ်တရကောင်း

သူငယ်ချင်းတွေ အတူတူသီချင်းဆိုတဲ့အခါ ပျော်တဲ့သူကပျော်၊ အသဲကွဲပြီး ဆိုတဲ့သူက ဆိုနဲ့ ပျော်စရာ ဖြစ်နေကြမှာပါ။ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခွီလို့ ရသလို အတူသောင်းကျန်းလို့ ရပါတယ်။ သီချင်းတွေကို အော်ဟစ်ဆိုကြရင်း သင်တို့ကြားမှာ အမှတ်တရကောင်းတွေ ရှိနေစေပြီး ပျော်ရွှင်ကြရစေမှာပါ။

(၃) စိတ်ထွက်ပေါက်အဖြစ်

စိတ်ညစ်နေရင် စိတ်ပြေနိုင်တဲ့ အကောင်းဆုံး နည်းတစ်ခုကတော့ သီချင်းတွေကို အော်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ သီချင်းတွေက တဆင့်ပေါက်ကွဲလိုက်တာက စိတ်အတွက် အတော်လေးကို သက်သာရာ ရစေတာပါ။ ဒါကြောင့် စိတ်အရမ်းညစ်ရင် သီချင်းဆိုပြီး ပေါက်ကွဲလိုက်တာက သင့်စိတ်ကို ထွက်ပေါက်ပေးပြီး စိတ်ကို သက်သာရာ ရစေမှာပါ။


(၄) အနားယူတာ

အရမ်းပျင်းနေတဲ့အခါမျိုး သူငယ်ချင်းတွေ စုပြီး ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေရတဲ့အခါမျိုးမှာတော့ သီချင်းသွားဆိုလိုက်တာက အကောင်းဆုံးနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ သီချင်းတွေ နားထောင်ရင်း ကိုယ်ကပါ လိုက်ဆိုရင်း အေးအေးဆေးဆေး အချိန်တွေ ကုန်ဆုံးလို့ ရပါတယ်။ အနားယူချိန်ကို သီချင်းတွေနဲ့ ဖြတ်ကျော်တဲ့သဘောလည်း ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*