ခေါင်း မှ ချွေး ထွက် လွန် တတ် သူ များ အတွက်

လေမျိုး ၈ဝ တွင် ကိုယ်တွင်လှည့်လည် နေသောလေရှိသည်။ ထိုလေသည် အထက်သို့ ဆန်လိုက်၊ အောက် သို့ စုန်လိုက် လှည့် လည်နေသေည်။

ပုံမှန်လှည့်လည်နေရာမှ လေပူဖြစ်ပြီး အထက်သို့ အဆန်များလာခြင်း၊ အောက်သို့ အစုန်နည်းလာခြင်းဖြစ်တတ်သည်။

ထိုအထက်သို့ဆန်သော လေပူကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ခေါင်းချွေးထွက်ခြင်းများ ဖြစ်ရပေသည်။

အချို့သူများမှာ အပူအစပ်၊ ငရုတ်သီး အစပ်၊ ငရုတ်ကောင်းအစပ်ခတ်ထားသော ဟင်းချိုရည်သောက်သော အခါမှ အစပ်ကြောင့် လေပူ သည် အစာအိမ်မှ အထက် သို့ ရောက်၍ဖြစ်စေ၊ သွေးကြောများအတွင်းမှ တစ်ဆင့်ဖြစ်စေ၊ အာကာသဓာတ်ပွင့်၍ ရုတ်တရက်ချွေးပြန် လာသည်။

ဤသို့ ခေါင်းချွေးပြန်ခြင်းမှာ ရောဂါ မဟုတ်ပေ။ ခေတ္တခဏတုံ့ပြန်မှုသာဖြစ်သည်။ ခဏကြာလျှင် အစပ်ကိုဖြေလိုက်လျှင် ပြန်ပျောက်သွား မည်ဖြစ်သည်။

သွေးတိုးရောဂါရှိသူ၊ အလုပ်ပင်ပန်းလျှင် သွေးပေါင်ချိန် မြင့်တက် တတ်သူများတွင် ခေါင်းချွေးထွက်များလေ့ရှိသည်။ အချို့ ဆီးချိုရောဂါရှိသူများ ညအိပ်ပျော်သောအခါ ခေါင်းချွေးထွက်တတ်သည်။

ခေါင်းချွေး အထွက်များလျှင် အာခေါင်ခြောက်ပြီး ရေငတ်၍ လန့်နိုးလာတတ်သည်။ ဆီးချို၊ သွေးချို ရှိသူများသည် ညအိပ်ရာဝင် ရေများများ သောက်ဖို့လိုသည်။

အိပ်ရာနံဘေးတွင် ရေပုလင်းထားပြီး အိပ် လျှင် ညတစ်ရေးနိုး ရေငတ်လျှင် ထသောက်နိုင် သည်။

စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် အသက် (၄၅)နှစ်ကျော် (၅ဝ)တွင်း ရောက်လာပြီးမှ သွေးတိုးအနည်းငယ်ဝင်လာပြီး ညအိပ်လျှင် ခေါင်းချွေးထွက်သောရောဂါ ဖြစ်လာသည်။

ဆီးချိုရောဂါမရှိသေးသော်လည်း မျိုးရိုးရှိသည်။ သူ၏မိခင်မျိုးရိုးမှာ ဆီးချိုရှိသည်။ အသားစားများသောရက်၊ ဧည့်ခံပွဲရှိ၍ အရက်၊ ဘီယာသောက်မိသော ရက်များတွင် ပို၍ခေါင်းချွေးရွှဲနေအောင် ထွက်လေ့ရှိသည်ကို သတိထားမိသည်ဟု ဆိုသည်။

အဝလွန်နေသူတစ်ဦးသည် ပူအိုက်သည့်ရာသီတွင် အပူဒဏ်သက်သာစေရန် လေအေးပေးစက်၊ အဲယားကွန်းဖြင့် အိပ်သည်။

အအေးဓာတ်ကြောင့် အိပ်ပျော်သော်လည်း ညဉ့်တစ်ဝက်ကျော်သောအခါ ခေါင်းချွေးများပြန်ပြီး နိုးလာသည်ဟုဆိုသည်။ ထိုသို့နိုးလာချိန်တွင် ရေလည်းငတ်ပြီး အာခေါင်ခြောက်သဖြင့် ရေထသောက်ရသည်။

ထိုသို့ဖြစ်နေသူသည် ညအိပ်ရာဝင် ချိန်တွင် ခြေဖဝါးဆားပွတ်ပြီး ဒူးအထက်မှ အောက်ပိုင်း သို့ ရေအေးလောင်းပြီး အိပ်လျှင် အပူများ အောက်သို့ိ သက်ဆင်းသွားသဖြင့် ခေါင်းချွေးထွက်ခြင်းကို သက်သာစေနိုင်သည်။

ခေါင်းချွေးထွက်သူများ၏ အခြားပြဿနာမှာ ခြေသလုံးကြောများတင်းမာခြင်း၊ ခြေဆီမထွက်ဘဲ ခြေဖနောင့်များအက်ကွဲခြင်း ဖြစ်သည်။

အရှေ့တိုင်း အိန္ဒိိယကျေးလက် တိုင်းရင်းဆေးနည်းများ တွင် ခြေဖဝါးနှစ်ဖက် ကို ဆားရည်စိမ်ပြီး အဝတ်ခြောက်ဖြင့် သုတ်ကာ အက်ကွဲကြောင်းများအတွင်းသို့ နွားနို့မှရသည့် ထောပတ်အဆီကို လိမ်းကြသည်။

ဦးခေါင်းချွေးထွက်များ၍ ဆံပင်ကျွတ် ထိပ်ပြောင်သူများကိုလည်း ခြေဖဝါးနှစ်ဖက်ကို ဆားရည်စိမ်ခြင်း၊ ခြေဖဝါးတွင် ထောပတ်လိမ်း၍ အိပ်ခြင်းဖြင့် သက်သာစေ နိုင်သည်ဟု ဆိုသည်။

ခေါင်းချွေးပြန်ခြင်း၊ ခေါင်းချွေး အထွက်များခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ မျက်စိသွေးကြောများ နီရဲခြင်း၊ မျက်သား တက်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်မှန်ဒီဂရီ တိုးခြင်းအတွက် သက်သာစေနိုင်သော နည်း လမ်းမှာ ခြေဖဝါးဆားပွတ်ပြီး ညအိပ်ရာဝင် ခါနီးအချိန်တွင် ဒူးဆစ်အထက်မှ အောက်သို့ ရေလောင်းခြေဆေးခြင်း ဖြစ်သည်။

ဤနည်းကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ခေါင်းချွေး ထွက်သက်သာသည့်အပြင် အညောင်း အကိုက်များခြင်း၊ ခြေသလုံးကြွက်တက်ခြင်း၊ ခြေဖဝါးချွေးမထွက် အက်ကွဲခြင်းများပါ သက်သာစေနိုင်သည်။

ခြေဖဝါးဆားပွတ်ခြင်းသည် ခေါင်းချွေး ပြန်ခြင်းသာမက ခါးနာရောဂါ၊ ကျောက်က်ပ် ရောဂါများကိုလည်း သက်သာစေနိုင်သည်။ ရှေးက မြန်မာအနှိပ်ဆရာများကုသည့်နည်းတွင် ခါးနာသူကို ရေစိုအဝတ်ကို ရေကုန် အောင်ညှစ်ပြီး ခါးတွင်ပတ်စေ၍ ပက်လက် အိပ်စေပြီး ခြေဖဝါးကို ဆားပွတ်၊ ရေလောင်း ပေးသောအခါ ခြေဖဝါးမှ အပူအခိုးအငွေ့ များထွက်လာသည်။

ခါးတွင် ပတ်ထားသော ရေစိုအဝတ်မှာလည်း အပူငွေ့များပျံပြီး အဝတ်ခြောက်ဖြစ်သွားသည်။ ဤနည်းဖြင့် အပူခဲ၍ဖြစ်သော ခါးနာရောဂါများ လက်တွေ့ ပျောက်ကင်းသည်ကို တွေ့ရသည်။

ဆားသည် ပင်လယ်ရေထွက်ပစ္စည်း ဖြစ်ပြီး အပုပ်အငန်တို့စုဝေးရာမှ ထွက်ပေါ်လာသော ပစ္စည်းဖြစ်သော်လည်း အပုပ်ကိုနိုင်သည်ဟု ဆိုသည်။ မြေထွက်ဆား၊ တွင်းထွက်ဆား၊ သိန္ဓောဆားတို့ထက် ပင်လယ်ထွက်ဆားသည် ပို၍ငန်သည်။ ပုပ်သိုးမည့်အရာများကို ဆားဖြင့် ထိန်းထားနိုင်သည်။

ရှေးကလူကြီးများသည် နံနက် အိပ်ရာထသွားတိုက်ရာတွင်ပင် မီးဖိုချောင် သုံးဆားဖြင့် သွားတိုက်လေ့ရှိသည်။ သွားနာ ခြင်း၊ သွားဖုံးနာခြင်း၊ အပူကန်ခြင်းများကို ဆားကသက်သာစေနိုင်သည်ဟုဆိုသည်။

ဓာတုရသဆေးကျမ်းအလိုအရ နာနာ နယ အာဟာရစွယ်စုံကျမ်းတွင် ဖော်ပြထားသည်မှာ ဆားသည်ငန်သောအရသာရှိသည်။ ဝါယောဓာတ်ကိုနိုင်၏။ ပထဝီကိုလည်း ဖြစ်စေတတ်၏။ သွေးကိုလည်း ကြည်လင်စေ တတ်သည်။

ဓာတ်မီးအခိုးရောက်သည်ဖြစ်၍ ပထဝီဓာတ်စုခဲသည်ကိုလည်း ကြေစေတတ်၏။ သလိပ်စေးကိုလည်း ကြေစေတတ်၏။ အပုပ်၊ ပြည်၊ သွေးကိုလည်း ကြေစေတတ် ၏။ သည်းခြေကိုလည်း ဖြောင့်မတ်စေတတ် ၏။

ဓာတ်တို့၏ အခိုးအကင်းရောက်သမျှ နိုင်သည်။ လူတို့သည် မသုံးဆောင်ရလျှင် ဝါယောဓာတ်ပျက်၏။ အရသာမျိုးတို့၏ အရသာထက်လွန်၏။ ဓာတ်အပေါင်းတို့ိကို ချုပ်၏ဟု ရေးသားဖော်ပြထားသည်။

ဆားပွတ်ရာတွင် ခြေနှစ်ဖက်ဆင်း အိပ်ပြီး ခြေဖဝါးအောက်တွင် အဝတ်ဟောင်း တစ်ခု ခံထားပါ။ အင်တုံငယ်တစ်ခုတွင် ဆားထည့်ပါ။ ဟင်းခတ်အိုင်အိုဒင်းပါသောဆား မသုံးပါနှင့်။ ဆားကြမ်းကိုသုံးလျှင် ပိုကောင်း ပါသည်။

အဝတ်ရေစိုဖြင့် ခြေဖဝါးကိုသန့်စင် အောင် ပွတ်ပေးပါ။ ထို့နောက် ဆားကြမ်း ဖြင့် ပွတ်ပါ။ ပြီးလျှင် ရေဝတ်ဖြင့် ပြန်ပွတ်ပါ။ ဤနည်းအတိုင်း တစ်လှည့်စီပြုလုပ်ပေးပါ။

ဆားပွတ်ချိန်သည် ၁၅ မိနစ်မှ နာရီ ဝက်အတွင်းသာ ကြာပါသည်။ ဆားပွတ် ပေး၍ ၁ဝ မိနစ်ခန့်ကြာလျှင် ခြေဖဝါးမှ အပူများထွက်လာပါလိမ့်မည်။ ဦးခေါင်းချွေး ထွက်များလေ ခြေဖဝါးအပူထွက်လေ ဖြစ် သည်။

ဤကဲ့သို့ ဆားပွတ်ခြင်းကို ညနေ စောင်းတွင် ပြုလုပ်လျှင် ခြေမဆေးပါနှင့်။ ညအိပ်ရာဝင်ချိန်မှပြုလုပ်လျှင် ပြီးလျှင် ဒူးအောက်ပိုင်း ခြေနှစ်ဖက် ရေဆေးပါ။ ကျောက်ကပ်ရောဂါ၊ ခါးနာရောဂါ၊ မျက်စိ မကြည် မျက်မှန်ဒီဂရီတိုးသည့်ရောဂါများပါ သက်သာစေနိုင်ပါသည်။ ။

ကြည်လွင်မြင့်(မုဒြာ)The Mirror Daily

Be the first to comment

Leave a Reply

Your email address will not be published.


*