မြန်မာနိုင်ငံမှာ တခုတည်းရှိသော ဂျူးဘုရားကျောင်း

မြန်မာနိုင်ငံမှာ တခုတည်းရှိသော ဂျူးဘုရားကျောင်း

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံသည် နယ်ချဲ့ ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်တွင် နှစ်ကာလ ရှည်ကြာစွာ နေခဲ့ရသဖြင့် မြန်မာနိုင်ငံအတွင်း၌ ကိုလိုနီခေတ်လက်ရာ လူနေအိမ်များ၊ ရုံးများ၊ ကျောင်းများ ၊ ဘုရားရှိခိုးကျောင်းများ စသည်ဖြင့် ဗြိတိသျှခေတ်က တည်ဆောက် ခဲ့သည့် အဆောက်အအုံများစွာ ကျန်ရှိနေခဲ့သည်။ ယင်းတို့အနက် ဘာသာပေါင်းစုံ ဘုရားရှိခိုးကျောင်းများကို ရန်ကုန်မြို့တွင် တွေ့မြင်နိုင်ကြသည့်အနက် ခရစ်ယာန်ဘာသာဆိုင်ရာ အဆောက်အအုံများက အများဆုံးဖြစ်ပြီး ဟိန္ဒူ၊ အစ္စလာမ်၊ ဆစ်ခ်၊ ဂျူး အစရှိသည့် ဘာသာဝင်များ ဘုရားဝတ်ပြုသည့် အဆောက်အအုံများလည်း တည်ရှိနေပေသည်။ ယခုအချိန်တွင် ယင်းအဆောက်အအုံများသည် သက်တမ်းနှစ် ၁၀၀ ကျော်ခဲ့ပြီဖြစ်သဖြင့် ရှေးဟောင်းအဆောက်အအုံများ စာရင်းတွင် ပါဝင်လာခဲ့ကြသည်။

ရှေးဟောင်းအဆောက်အအုံ ဟူသည်

ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ မြေပေါ်၊ မြေအောက်၊ ရေပေါ် ရေအောက်တွင်ရှိ သည့် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရာ ဘူမိသဘာ၀၀န်းကျင်နေရာများ အပါအဝင် လူသားတို့ နေထိုင် ပြုလုပ် သုံးစွဲ တည် ဆောက်ခဲ့သည့် နှစ် ၁၀၀ နှင့် အထက် သက်တမ်းရှိသော အဆောက်အအုံ နေရာများကို ရှေးဟောင်းအဆောက်အအုံများဟု သတ် မှတ်သည်။ သမိုင်းအမွေအနှစ်ဖြစ်သည့် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနသည် မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများကို စိစစ်၍ ရှေးဟောင်းစာရင်းဝင် အဆောက်အအုံများကို သတ် မှတ် ပေးလျက်ရှိသည်။ ထို့ကြောင့် ရှေးဟောင်းစာရင်းဝင် အဆောက်အအုံသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ရှေးဟောင်းအဆောက်အအုံများ စာရင်းတွင် ပါဝင်သည့် အဆောက်အအုံဖြစ်ကြောင်း ယင်း ဥပဒေ တွင်ပြဋ္ဌာန်းထားပေသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနသည် မြန်မာနိုင်ငံအတွင်း နေရာဒေသအသီးသီးတွင် တည်ရှိနေသည့် ဒြပ်ရှိ ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ် ၊ ထိန်းသိမ်းခြင်း လုပ်ငန်းကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိနေသည်။ရှေးဟောင်းအဆောက်အအုံများကို ခေတ်အလိုက်၊ နေရာ ဒေသအလိုက် မှတ်တမ်းတင် စာရင်းကောက်ယူကာ စာရင်းပြုစု၍ စာအုပ်ထုတ်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ မြန်မာ နိုင်ငံအတွင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၇ ခုကို ဇုန်နယ်မြေများ သတ်မှတ်ပြဋ္ဌာန်း၍ ကာကွယ်ထိန်းသိမ်းမှုပြုခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအတွင်း၌ ဇုန်နယ်မြေ ၁၆ ခုပါဝင်ခဲ့သည်။ ယင်း ဇုန်နယ်မြေများအားလုံးသည် ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားကာ ကြည်ညိုကြသည့် ရွှေတိဂုံ၊ ဆူးလေ ၊ ဗိုလ်တထောင်၊ ရွှေဘုန်းပွင့် ၊ကိုးထပ်ကြီး၊ ကျိုက်ခေါက် အစရှိသည့် သမိုင်းဝင် စေတီများ တည်ရှိသည့် နေရာများဖြစ်ကြပေသည်။

ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအနက် ရှေးဟောင်းသုတေသသနနှင့် အမျိုးသားပြတိုက်ဦစီးဌာန(ရန်ကုန်ဌာနခွဲ)သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများကို ရှာဖွေ ဖော်ထုတ် သုတေသန ပြုလျက်ရှိသည်။ ယင်းတို့သည် ရန်ကုန်မြို့ပြ အမွေအနှစ် ပြယုဂ်များဖြစ်သည် အားလျော်စွာ အမွေအနှစ် အဆောက်အအုံများ အဖြစ် မှတ်တမ်း စာရင်းကောက်ယူခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ ခုတွင် ကိုလိုနီခေတ် လက်ရာ အဆောက် အအုံ ၁၂၀ ကို ထပ်မံတိုးချဲ့ မှတ်တမ်းပြုစုနိုင်ခဲ့သည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြုစုခဲ့သည့် စာရင်းအရ ရန်ကုန်မြို့ တွင် အမွေအနှစ် အဆောက်အအုံ ၁၈၈ ခု ကျန်ရှိနေပေသည်။

ရန်ကုန်မြို့ရှိ ထင်ရှားသော ရှေးဟောင်းအဆောက်အအုံများအနက် ရန်ကုန်မြို့လယ်၌ တည်ရှိသည့် မတ်စ်မီးယားရေရှူအာ ဘုရားကျောင်း (Musmeah Yeshua Synagogue) သည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။

သမိုင်းထဲက ရန်ကုန်

ခရစ်နှစ် ၁၀၂၈ ခုနှစ်မှ ၁၀၄၃ ခုနှစ်အတွင်းက မွန်လူမျိုးများသည် ယခုရန်ကုန်မြို့တည်နေရာတွင် ဒဂုံ ကို တည် ထောင်ခဲ့ ကြချိန်တွင် ဒဂုံသည် တံငါရွာငယ်တစ်ခုသာဖြစ်ခဲ့သည်။ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သူ အလောင်းမင်းတရား ဦးအောင် ဇေယျသည် ၁၇၅၅ ခုနှစ် မေလ ၂ ရက်နေ့တွင် ဒဂုံ မြို့ဟောင်းကို ရှင်းလင်း၍ ၇၅ ဧကကျယ်ဝန်းသော မြို့သစ်ကိုတည်ထောင်ကာ ရန်ကုန်ဟု အမည်ပေးခဲ့ပြီး မြို့ပတ်လည်ကို ကျွန်းသစ်များဖြင့် တံတိုင်းကာရံခဲ့သည်။

ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲပြီးဆုံးနောက် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံ ကို သိမ်းပိုက်ခဲ့ကြသည်။ ၁၈၅၃ ခုနှစ်တွင် ဒေါက်တာမောင်ဂိုမာရီ (Dr. W. Montgomery) နှင့် ဗိုလ် ဖရေဇာ (Lt. A . Fraser) တို့ သည် အောက်မြန်မာနိုင်ငံ၏ အချက်အချာဖြစ်သည့် ရန်ကုန်မြို့ကို အသစ်ပြန်လည်တည်ဆောက်ရန် ဆူးလေစေတီကို ဗဟိုပြုသည့် မြို့ပြစီမံကိန်းတစ်ခုကို ရေးဆွဲခဲ့ကြသည်။

ဗြိတိသျှတို့၏ Reconstruction of Modern Rangoon 1853 စီမံကိန်းအရ ရန်ကုန်မြို့ကို လေးထောင့်စပ်စပ်ပုံစံ (Chess board Pattern) တည်ခဲ့ကာ ရန်ကုန်မြို့၏ နယ်နိမိတ်သည် အရှေ့ဘက်တွင် အရှေ့လမ်း(East Road)(ယခု သိမ်ဖြူလမ်း)၊ အနောက်ဘက်တွင် လမ်းမတော်၊ တောင်ဘက်တွင် ကမ်းနားလမ်းနှင့် မြောက်ဘက်တွင် ကော်မရှင်နာလမ်း(ယခု ဗိုလ်ချုပ်အောင် ဆန်းလမ်း) အထိ အဝန်းအဝိုင်းဖြစ်သည်။ အရှေ့အနောက်သွယ်တန်းဖောက်လုပ်ထားသည့် လမ်းမကြီး ငါးခု (ယခု ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း) တို့ကို ပေ ၁၈၀ အကျယ်ဖောက်လုပ်ခဲ့သည်။ မြို့ကွက်အတွင်း၌ တောင်မြောက် သွယ်တန်းကာ နံပါတ်စဉ်တပ်ထားသည့် ဖြတ် လမ်း များသည် အနောက်ဘက်ဆုံးတွင် ၁၇ လမ်း နှင့် အရှေ့ဘက်ဆုံးတွင် ၄၄ လမ်းအထိဖြစ်သည်။

ရန်ကုန်မြို့သည် ပင်လယ်ဝမှ ၂၁ မိုင်ကွာဝေးကာ ရန်ကုန်မြစ်၊ပဲခူးမြစ်နှင့် ဒေါပုံချောင်းတို့ ဆုံရပ်တွင် တည်ထားခဲ့သဖြင့် အရေးပါသော ဆိပ်ကမ်းမြို့ဖြစ်ခဲ့ကာ ရန်ကုန်မြို့ကို အလောင်းမင်းတရား တည်ပြီးချိန်တွင် မင်းလှကျော်စွာကို မြို့စောင့် ခန့် ထား ခဲ့သည်။ အင်္ဂလိပ်တို့သည် ရွှေတိဂုံစေတီတော် ခြေရင်းရှိ မြေကွက်ကျယ်တစ်ခုအတွင်း၌ တည်ထားသည့် အလံပြဘုရား၏ ထီးတော် အောက်တွင် အချက်ပြတန်းကို ထားရှိ၍ ရန်ကုန်မြစ်အတွင်း ဝင်ထွက်ကြသည့် သင်္ဘောများကို အချက်ပြရန် အသုံးချခဲ့သည်။ ယင်း စေတီကို Signal Pagoda ဟုလည်းကောင်း၊ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲတွင် အင်္ဂလိပ်တပ်မှူး Sir Robert Henry Sale တပ်စွဲခဲ့ သောကြောင့် Sale’s Pagoda ဟုလည်းကောင်း ခေါ် ဆိုခဲ့သည်။

မြန်မာနိုင်ငံနှင့် ဂျူးလူမျိုးများ

မှတ်တမ်းများအရ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့သော ဂျူးလူမျိုးသည် ၁၈ ရာစုတွင် အလောင်းဘုရားမင်းကြီး၏ တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ Solomon Gabirol ဖြစ်သည်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ထားခဲ့သည့် ၁၉ ရာစု အလယ်ပိုင်းကာလတွင် အီရတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ မြန်မာ နိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည့် ဂျူးလူမျိုး ကုန်သည်များသည် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဂျူး အသိုက်အဝန်းများကိုထူထောင် ခဲ့ကြသည်။ အီရတ်နိုင်ငံသည် ဗြိတိသျှ ကိုလိုနီလက်အောက်ခံအဖြစ် ရောက်ရှိခဲ့ချိန်တွင် ဘဂ္ဂဒက်မြို့မှ ရာပေါင်း များစွာသော ဂျူး လူမျိုးများသည် ယင်းတို့ဒေသများတွင်ဖြစ်ပွားခဲ့သည့် ဖိစီးနှိပ်စက်မှုများနှင့် လူမျိုးရေးသတ်ဖြတ်မှုများမှ လွတ်မြောက်ရန် အီရတ် နိုင်ငံမှ ထွက်ခွာလာခဲ့ကြရာ မြန်မာနိုင်ငံသို့လည်းရောက်ရှိလာခဲ့ကြသည်။

ယင်းတို့နှင့် အတူ အိန္ဒိယ မှ ဝင်ရောက်လာသည့် ကိုချင်ဂျူးနှင့် ဘန်းဂျူးများလည်း ပါဝင်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာနိုင်ငံ၌ ဂျူးလူမျိုးအရေအတွက် ၂၅၀၀ ကျော်ရှိခဲ့သည်။ အုတ်ဂူ ၆၀၀ ဝန်းကျင်ရှိသည့် ဂျူးသင်္ချ ိုင်းသည် ရန်ကုန်မြို့၊ ၉၁ လမ်းတွင်တည်ရှိခဲ့ပြီး မန္တလေးမြို့တွင်လည်း ဂျူး သင်္ချ ိုင်း တစ်ခုရှိခဲ့သည်ဟု အဆိုရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ကွယ်လွန်သူ Issac Samuels ကို ရန်ကုန်မြို့ရှိ ဂျူးသင်္ချ ိုင်း၌ မြှုပ်နှံခဲ့သည်။ Issac သည် မတ်စ်မီးယား ရေရှူအာ ဂျူး ဘုရားကျောင်းကို ထိန်းသိမ်းခဲ့သူ Moses Samuels ၏ ဖခင်ဖြစ်ပြီး ဂျူးသင်္ချ ိုင်းတွင် နောက်ဆုံး မြှုပ်နှံသဂြိုဟ်ခဲ့သူဖြစ်သည်။

၁၉၁၀ ပြည့်နှစ်တွင် ဂျူးစာသင် ကျောင်းကိုလည်း တည်ထောင်ခဲ့ရာ သူငယ်တန်းမှ အလယ်တန်း အဆင့်အထိ ကျောင်း သား ၂၀၀ တက်ရောက်ခဲ့သည်။ အချို့သော ဂျူးလူမျိုး အမျိုးသားများသည် မြန်မာ အမျိုးသမီးများနှင့် အိမ်ထောင်ကျ ခဲ့ကြကာ မိမိတို့ရင်သွေးများကို အိန္ဒိယ၊ ဗြိတိန်စသည့် နိုင်ငံများသို့ ပညာသင်ယူရန် ပို့လွှတ်ခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ဂျူးလူမျိုးများသည် ဗြိတိသျှ ကိုလိုနီ ခေတ်တွင် အသေးစား လုပ်ငန်းများမှသည် ချည်နှင့် ဆန် များတင်ပို့ရောင်းချသည့် လုပ်ငန်းများအထိ ဆောင်ရွက်ခဲ့ကာ စီးပွားရေး ကောင်းမွန် ကြွယ်ဝခဲ့ကြသည်။ ဂျူးလူမျိုးများသည် မိမိတို့ ၏ အဓိက လူမှု အသိုက်အဝန်းများကို ရန်ကုန်နှင့် ပုသိမ်တို့တွင် ထူထောင်ခဲ့ကြကာ ၂၀ ရာစု အစောပိုင်းတွင် ဂျူးအကြီး အကဲကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ပုသိမ်မြို့ရှိ ဂျူးလူမျိုးများ၏ ခေါင်းဆောင်သည် Mr. Raphael ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဂျူး များ၏ ခေါင်းဆောင်သည် Mr. David Sophaer ဖြစ်ပေသည်။

ဂျူးတို့သည် ဗြိတိသျှ ကိုလိုနီအစိုရအရာရှိများ၊ လုပ်ငန်း ရှင်များနှင့် ဆက်ဆံမှုများ ရှိခဲ့ပြီး ဒုတိယမြောက် ဂျူး ဘုရား ကျောင်း Beth El ကို ၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြို့၌ဖွင့်လှစ်ခဲ့သည်။ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားပြီး မြန်မာနိုင်ငံကို ဂျပန်သို့ သိမ်းပိုက် ချိန်၌ ဂျူးလူမျိုးအများအပြားသည် မြန်မာနိုင်ငံမှ အိန္ဒိယ နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြပြီးနောက် ဘုရားဝတ်ပြုသူများ အလွန်နည်းပါးသွားသဖြင့် ဂျူး ဘုရားကျောင်း Beth El ကို ပိတ်သိမ်းခဲ့သည်။သို့သော် Beth El ဖွင့်လှစ်ခဲ့သည့် နေရာနှင့် အဆောက်အအုံ မှတ်တမ်းများ ကို မတွေ့ရှိခဲ့ကြချေ။ ၁၉၄၈ ခုနှစ်တွင် မြန်မာနှင့် အစ္စရေးနိုင်ငံတို့သည် လွတ်လပ်ရေးရရှိခဲ့ကြပြီး မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ နိုင်ငံများအနက် အစ္စရေးကို ပထမဆုံး အသိအမှတ်ပြုခဲ့သည်။မြန်မာနှင့် အစ္စရေးတို့သည် ၁၉၅၃ ခုနှစ်တွင် သံတမန်ဆက်သွယ်မှု စတင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် နှစ်နိုင်ငံ သံရုံးများဖွင့်လှစ်ခဲ့သည်။

မတ်စ်မီးယား ရေရှူအာ

ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မတ်စ်မီးယား ရေရှူအာ (Musmeah Yeshua Synagogue) သည် ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း အမှတ်(၈၅)တွင် တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်း သော ဂျူးဘာသာ ဘုရားဝတ်ပြုကျောင်းဖြစ်သည်။ ရပ်ကွက် ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် ပန်းဘဲတန်းမြို့နယ်သည် ယခုရန်ကုန်မြို့၏ အလယ်တွင်တည်ရှိနေသည်။ ကုန်း ဘောင်ခေတ်ဦးပိုင်းတွင် ပန်းပဲ လုပ်ကိုင်သူများ အခြေချနေထိုင်ခဲ့သည့် အရပ်ဖြစ်သဖြင့် ပန်းပဲတန်းဟု အမည်တွင်ခဲ့ပြီး အသံ ထွက် အတိုင်းရေးသားကြရာမှ ပန်းဘဲတန်းဟု ဖြစ်လာခဲ့သည်။

ရွှေတိဂုံစေတီတော်ကို မင်းတုန်းမင်းကြီး ထီးတော် တင်ခဲ့စဉ်က ထီးတော် အောက်ခံ သံကိုင်း၊သံဘောင်များကို ပန်းဘဲတန်းရပ်တွင်နေထိုင်သည့် ပန်းပဲဆရာ ဦးစနှင့် ဦးညိုတို့က ပြုလုပ်ပေးခဲ့သည်။ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ သိမ်ကြီးဈေး ဈေးရုံများ၊ဗိုလ်ချုပ်အောင်ဆန်းဈေး၊စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်း၊ အထက(၁) ပန်းဘဲတန်း၊ မြန်မာ့မီးရထားရုံးချုပ်ဟောင်း အစရှိသည့် အဆောက်အအုံများသည် ကိုလိုနီခေတ်က လက်ရာများ ဖြစ်ကြကာ မတ်စ်မီးယားရေရှူအာ အဆောက်အအုံသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။

ဒုတိယ ကမ္ဘာစစ်မတိုင်မီက ရန်ကုန်မြို့တွင် နေထိုင်ခဲ့ကြသည့် ဂျူးလူမျိုး များသည် မိမိတို့ယုံကြည် ကိုးကွယ်မှုအရ ဘုရားဝတ်ပြုကျောင်းတစ်ခုကို လက်ရှိနေရာတွင် ၁၈၅၄ ခုနှစ်က တည်ဆောက်ခဲ့သည်။ မူလ ဘုရားကျောင်းသည် သေး ငယ် သောသစ်သားအဆောက်အဦတစ်ခုဖြစ်ပြီး ၁၈၉၃ ခုနှစ်တွင် ယင်းအဆောက်အအုံကို ဖျက်သိမ်း၍ လက်ရှိအုတ်အဆောက်အအုံ နှင့် အစားထိုးခဲ့သည်။ မူလ သစ်သားကျောင်းသည် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုခဲ့ ကြသည်။ မတ်စ်မီးယား ရေရှူအာ နှစ်ထပ် အဆောက်အအုံကို သုံးနှစ်ကြာ တည်ဆောက်ခဲ့ပြီး ၁၈၉၆ ခုနှစ် တွင်ပြီးစီးခဲ့သည်။ အဆောက်အအုံ တည်ဆောက်ရန် မြေနေရာကို ဗြိတိသျှ အစိုးရက ခွင့်ပြုမိန့်ပေးခဲ့သည်။

ဘုရားကျောင်းအတွင်း၌ ဂျူးလူမျိုးများ၏ ဘာသာရေးဆိုင်ရာ တိုရာကျမ်းစာ(Torah Scroll) ပေါင်း ၁၂၆ ခုထိရှိခဲ့သဖြင့် တစ်ချိန်က ကမ္ဘာပေါ်တွင် တိုရာကျမ်းစာ အများဆုံး ရှိခဲ့သည့် နေရာဖြစ်ခဲ့သည်။ ဂျူးလူမျိုးများသည် မြန်မာနိုင်ငံမှ ပြန်လည် ထွက် ခွာသွားကြချိန်တွင် ယင်းကျမ်းစာများကို ယူဆောင်သွားခဲ့ကြသဖြင့် ယခုအချိန်တွင် နှစ်ခုသာကျန်ရှိ တော့ ပေသည်။ ယင်းကျမ်း စာများသည် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှ ယူဆောင်လာခဲ့သည့် မူရင်းကျမ်းများဖြစ်ကြကာ သက်တမ်း နှစ် ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် ဂျူးဘုရားရှိခိုးကျောင်းသည် ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်တစ်ခုအဖြစ် ပြည်ပခရီးသွားများလာ ရောက် ကြည့်ရှု လည်ပတ်လေ့လာကြသည့် သမိုင်းဝင်နေရာတစ်ခုဖြစ်ကာ ဘုရားကျောင်းကို အစဉ်အဆက် ထိန်းသိမ်းခဲ့သူ Moses Samuels ၏ ကျန်ရစ်သူ မိသားစုဝင်များက ဆက်လက် ထိန်းသိမ်းခဲ့သည်။ Moses Samuels သည် ၂၀၁၅ ခုနှစ် မေလ ၂၉ ရက် တွင် ကွယ်လွန်ခဲ့သည်။

အမေရိကန်နိုင်ငံက ထောက်ပံ့သည့် ရန်ပုံငွေဖြင့် ဂျူးဘုရားကျောင်းကို ပြုပြင်ထိန်းသိမ်းခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့ သဖြင့် ဒီဇင်ဘာလ ၈ ရက်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး Mr. Derek Mitchell နှင့် အစ္စရေးနိုင်ငံ သံအမတ်ကြီး Mr. Hagay Moshe Behar တို့ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဂျူး ဘုရားကျောင်းသည် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ပြည်ပ ဧည့်သည်များ သွား ရောက်လည်ပတ်မှုအများဆုံး နေရာ ၁၀ နေရာတွင်ပါဝင်ခဲ့သည်။၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့ပြအမွေအနှစ်စောင့် ရှောက်ရေး အဖွဲ့ (YHT) က သမိုင်းဝင် ကိုလိုနီခေတ်လက်ရာ မတ်စ်မီးယားရေရှူအာ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့၏ ၁၃ ခု မြောက် အပြာရောင် ကမ္ဗည်းမော်ကွန်း ပြား တပ်ဆင်ခဲ့သည်။

ဂျူးဘုရားကျောင်းအတွင်း၌ မြန်မာ အစ္စရေး ဆက်ဆံရေး သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများကိုပြသထားကာ ဂျူးဘာသာ ဝင်တို့ အထွတ်အမြတ်ထားရှိသည့် ကျမ်းစာ နှစ်ခုကိုလည်း ထိန်းသိမ်းထားရှိသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဂျူးလူမျိုး ၁၉ ဦးသာ ရှိနေသော်လည်း လွန်ခဲ့သည့် ၁၂၅ နှစ်က တည်ဆောက်ခဲ့သည့် ဂျူး ဘုရားကျောင်းသည် ရှေးဟောင်း အဆောက် အအုံ တစ်ခုအဖြစ်သာမက ရန်ကုန်မြို့၏ အမွေအနှစ် တစ်ခုအဖြစ် ထင်ရှားစွာတည်ရှိနေပေသည်။ မတ်စ်မီးယား ရေရှူအာ ဂျူး ဘုရားကျောင်းကို တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ်နံနက် ၉ နာရီ မိနစ် ၃၀ မှ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အထိ ဖွင့်လှစ်ပြသထားသဖြင့် မည်သူမဆို သွားရောက်ကြည့်ရှုလေ့လာနိုင်ကြပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၁)
မြို့ရန်ကုန်(မောင်မြတ်မွန်၊ ဆူးလေ)
The Last Jews in India and Burma (Nathan Katz and Ellen S. Goldberg)

၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ….

Be the first to comment

Leave a Reply

Your email address will not be published.


*