အိမ်ရှင်မ ဖျားနာသည်အခါ လင်မယား ကွဲနိုင်ခြေပိုများ

အိမ်ထောင် တစ်ခုတွင် အိမ်ရှင်မ ကျန်းမာရေး ချို့ယွင်းနေပါက ထိုအိမ်ထောင်သည် ကွဲနေခြေ ပိုများကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။အိမ်ရှင်မ မကျန်းမာသော အိမ်ထောင်သည် အိမ်ရှင်မ ကျန်းမာသော အိမ်ထောင်ထက် ကွဲနိုင်ခြေ (၆) ရာခိုင်နှုန်း ပိုများကြောင်း သုတေသန ပညာရှင် များ တွေ့ရှိခဲ့သည်။ အိမ်ရှင် အမျိုးသား၏ ကျန်းမာခြင်း ချူချာခြင်းကမူ အိမ်ထောင်ကွဲခြင်း မြဲခြင်းအပေါ် မသက် ရောက်ကြောင်းလည်း လေ့လာ တွေ့ရှိရသည်။

အိမ်ထောင်ပေါင်း (၂၇၀၁) ခုကို နှစ်ပေါင်း နှစ်ဆယ်ကြာ စောင့်ကြည့် သုတေသနပြုထားခြင်း ဖြစ်သည်။ ပါဝင်သူ အိမ်ထောင်ရှင်တိုင်းသည် စစ်တမ်းအစ ကာလတွင် ပျမ်းမျှ အသက် (၅၀) ဝန်းကျင်များ ဖြစ်သည်။ နှစ်နှစ်ဆယ် ပြည့်၍ စစ်တမ်း ကောက်ချက် ဆွဲသည့် အချိန်တွင် အိမ်ထောင် (၃၂) ရာခိုင်နှုန်းသည် ကွဲသွားကြကြောင်း တွေ့ခဲ့ရသည်။

(၂၄) ရာခိုင်နှုန်းကား အိမ်ထောင်ဖက် သေဆုံး သွားသဖြင့် မုဆိုးဖို သို့မဟုတ် မုဆိုးမ အဖြစ် အသက်ရှင် နေထိုင် နေရသည်။ ကွဲသွားသော အိမ်ထောင်များကို ခွဲခြား ကြည့်သည့်အခါ အိမ်ရှင်မ ဖျားနာနေသော အိမ်ထောင်များသည် ကွဲနှုန်း (၆) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရသည်။ နှစ်ဦးလုံး အသက်ရှင်လျက်နှင့် အိမ်ထောင်ကွဲ သူများထဲတွင် အသက် ငယ်သူများထဲက ပိုများသည်။ အသက်ကြီး ပိုင်းများတွင် ကားတစ်ဦး ဦး သေဆုံး သွားခြင်းသည် တစ်ယောက်တည်း ဖြစ်သွားရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။

အိမ်ထောင်ဖက် တစ်ယောက်ယောက် မကျန်းမာခြင်းသည် လင်ရော မယားရော အပေါ်ပါ ဖိအား ကြီးကြီး မားမား သက်ရောက်မှု ရှိကြောင်း၊ အထူးသဖြင့် ငွေကြေးအရများစွာ ကျပ်တည်း သွားရခြင်း အကြောင်း

ကြောင့် ကွာရှင်း ပြတ်စဲရသည့် အနေအထားကို မြန်မြန် ဆိုက်ရောက် ကြရကြောင်း အိုင်ယာ ဝါပြည်နယ် တက္ကသိုလ်မှ ဒေါက်တာ အမယ်လီယာ ခါရာကာက ပြောသည်။
ဥပမာအားဖြင့် ကျန်းမာနေသော အိမ်ထောင်ဘက်သည် ပြုစု စောင့်ရှောက်ရသူ နေရာကိုရော၊ ငွေရှာရသူ နေရာကိုပါ ယူရသည်။ အိမ်ထောင် ထိန်းသိမ်းရေးက အစ အစစအရာရာ တာဝန် ယူရသည့်အခါ ဖိအား ကြီးကြီး သက်ရောက်လာသည်။

တစ်ဦးတည်းသော အိမ်ထောင်ဘက်သည် အိမ်ထောင်စု ဝန်များပါ ပိလာခြင်းကြောင့် ငွေရှာနိုင်စွမ်းလည်း ကျဆင်း လာရသလို၊ တစ်ဖက် တွင်လည်း ဆေးကုသ စရိတ်များ ကလည်း ရှိနေပြန်သဖြင့် အိမ်ထောင် သည် ငွေကြေး ကျပ်တည်း လာရကာ အိမ်ထောင် သာယာမှု မျှခြေ ပျက်ယွင်း ရတော့သည်။

အထူးသဖြင့် အိမ်ရှင်မများသည် မကျန်းမာသည့် အခါ ခင်ပွန်း ဖြစ်သူ၏ ပြုစုမှုကိုလည်း သဘော မကျနိုင် ပိုဖြစ်တတ်ကြကြောင်း ဒေါက်တာ ခါရာကာက ပြောသည်။ အမျိုးသား အများစုသည် မကျန်းမာသူကို ပြုစုရာတွင် ညံ့ဖျင်း တတ်ကြသူများဖြစ်ရာ ခင်ပွန်းသည်သည် မိမိကို ဂရုမစိုက်ဟု အမျိုးသမီးများက အထင် လွဲကာ စိတ်နာတတ်ကြ ခြင်းသည်လည်း အိမ်ရှင်မ မကျန်းမာသော အိမ်ထောင်များ ပိုကွဲရခြင်း အကြောင်း ရင်း တစ်ချက် ဖြစ်သည်ဟု ဒေါက်တာ ခါရာကာက ဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*