
လိမ္မော်ခွံမှာ လန်းဆန်းစေတဲ့ သင်းရနံ့နဲ့ အဆီတစ်မျိုးပါဝင်တဲ့အတွက် မူးမော်ခြင်းတွေကို ပျောက်ကင်းစေတယ်ဆိုတာတော့ အားလုံး သိထားပြီးကြမှာပါ။ ဒါပေမဲ့ ဒါတင်မကသေးဘဲ တခြားသော လိမ္မော်ခွံရဲ့အသုံးဝင်ပုံလည်း ရှိနေပါသေးတယ်။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။
(၁) ရေခဲသေတ္တာအတွက်
ရေခဲသေတ္တာထဲ အနံ့သက်မကောင်းဘဲ ညှင်းသိုးသိုးအနံ့ထွက်နေတာ၊ အသားငါးတွေကြောင့် အနံံ့တွေစွဲနေတာမျိုးဆိုရင် လိမ္မော်ခွံတွေကို ရေခဲသေတ္တာထဲထည့်ထားလိက်ရင် အနံ့ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ နောက် ဆားတစ်ပန်းကန်မှာ ထည့်ထားပေးရင် ပိုတောင်ကောင်းပါတယ်တဲ့။
(၂) စတီးတွေကိုပြောင်လက်စေဖို့
တစ်ခါတစ်ရံ စတီးတွေ ရေစိုသွားရင်း ရေအကွက်တွေကျန်နေတတ်တယ်မဟုတ်လား။ နောက် ချေးတွေဘာတွေတက်နေတဲ့အခါမျိုးတွေမှာတော့ လိမ္မော်ခွံနဲ့ ပွတ်တိုက်ပေးခြင်းဖြင့် အသစ်အတိုင်း ပြန်လည်တောက်ပြောင်စေပါတယ်။
(၃) သစ်သားတွေကိုသန့်ရှင်းဖို့
သစ်သားတွေကို လိမ္မော်ခွံအတွင်းဖက်နဲ့ တိုက်ပေးရင် ပြောင်လက်သန့်စင်စေနိုင်ပြီး အနံ့လည်းမွှေးနိုင်ပါတယ်။ သူ့ချည်းပဲလည်း အသုံးပြုနိုင်သလို ရှာလကာရည်နဲ့ လိမ္မော်ခွံတွေကို စိမ်ပေးပြီး ရလာတဲ့အရည်ကို စပရေးဗူးထဲထည့်ပြီး ဖြန်းကာ အဝတ်နဲ့လည်း သုတ်နိုင်ပါတယ်။ ဒါကတော့ မီးဖိုချောင်သန့်ရှင်းရေးအတွက် အသုံးဝင်တာပေါ့။
(၄) အဝတ်ဗီဒိုအတွက် သဘာဝ အမွှေးတုံး
မိုးတွင်းမှာ လျှော်ပြီးသေချာသိမ်းထားတဲ့အဝတ်တွေတောင် အစိုပြန်ပြီး အောက်သိုးသိုးအနံ့ ထွက်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ အဝတ်ဗီရိုထဲ လိမ္မော်ခွံအနည်းငယ်ပစ်ထည့်ပေးထားလိုက်တာနဲ့ အနံ့ဆိုးတွေကို ပျောက်စေမှာပါနော်။
(၅) ဆံပင်ပျော့ဆေး
ဈေးကွက်ထဲရှိနေတဲ့ ဆံပင်ပျော့ဆေးတွေထက်တောင် ပိုစွမ်းတယ်လို့ တချို့ကတော့ ပြောကြတယ်။ လုပ်နည်းကတော့ blender ထဲကို လိမ္မော်သီးအလုံးလိုက်ထည့်ပြီး လှည့်၊ ရလာတဲ့အနှစ်ကို ဆံသားကို လိမ်းလိက်ရုံပါပဲ။ ဗီတာမင်စီပါဝင်လို့ ဆံသားကို ပျော့ပျောင်းစေတဲ့အပြင် တောက်ပမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
(၆) အင်းဆက်ပြေးဆေး
လိမ္မော်သီးမှာ limonene ဆိုတဲ့ ခြင်၊ ယင်နဲ့ ပိုးကောင်ငယ်လေးတွေကြောက်တဲ့ ဓာတ်တစ်မျိုး ၉၅% လောက်အထိ ပါနေတတ်ပါတယ်။ လိမ္မော်ခွံကို ခြံတွင်း ဒါမှမဟုတ် အိမ်တွင်းမှာ ထားပေးခြင်းအားဖြင့် ပိုးကောင်တွေကို ပြေးစေနိုင်သလို ခြင်ကိုက်ဖုကိုလည်း ပွတ်ပေးခြင်းအားဖြင့် ယောင်ယမ်းမှုကို သက်သာစေပါတယ်။
Leave a Reply