တစ်ယောက်ထဲနေပြီး တိတ်တိတ်ကလေး သေချင်ပါတယ်

လူ့ဘဝရဲ့ နောက်ဆုံးအချိန် ရောက်လာပြီဆိုတော့တစ်ယောက်ထဲနေချင်လာတယ်။

မကောင်းတတ်လို့ပဲဖြစ်ဖြစ်လူမှုရေးကြောင့်ပဲဖြစ်ဖြစ်ခင်လို့မင်လို့ပဲဖြစ်ဖြစ်သံယောဇဉ်ကြောင့်ပဲဖြစ်ဖြစ် ဘာအကြောင်းနဲ့ဖြစ်ဖြစ် ရောက်လာကြတဲ့အခါတွေ့ဆုံမိတဲ့အခါမျက်နှာချင်းဆိုင်မိတဲ့အခါ မျိုးတွေမှာတကယ့်ကို စိတ်ရင်းအမှန်နဲ့ ပြောတဲ့စကားတွေဟန်ဆောင်မှုနဲ့ ပြောလာတဲ့စကားတွေ ဘာစကားတွေပဲဖြစ်ဖြစ် နားထောင်ပေးချင်တဲ့ဆန္ဒတွေနဲ့ အချိန်ကုန်ရမှာ ဝန်လေးလာတယ်။

နေကောင်းရဲ့လားသက်သာရဲ့လားဘာအကူအညီပေးရဦးမလဲဆိုတဲ့ ဂရုဏာစကားတွေကို တုန့်ပြန်ပြောဆိုပေးကာအသိအမှတ်ပြုပေးရမယ့်ဝတ္တရားတွေကျေးဇူးတင်စကား ပြန်ပြောရမယ့် ဝတ္တရားတွေမအားတဲ့ကြားက ရောက်လာတဲ့သူ့ရဲ့အားနာမှုကိုကိုယ့်ရဲ့နောက်ဆုံးအချိန်နဲ့ အစားထိုးပေးရမယ့်ဝတ္တရားတွေ ပြုလုပ်ပေးဖို့ ဝန်လေးလာတယ်

ဒီဆရာဝန်က မကောင်းဘူးဟိုဆရာဝန်က ဘယ်လိုကောင်းတာ့ဒီဆေးရုံက မကောင်းဘူးဟိုဆေးရုံက ဘယ်လိုကောင်းတာ့စသဖြင့်ပေါ့လေတခဏသာ လူနာလာမေးတဲ့ အကြံပေးစကားတွေနဲ့တခဏသာ လူ့ဘဝနေရတော့မယ့်ကိုယ့်ရဲ့နောက်ဆုံးအချိန်ကို ဖြုန်းတီးကာအစားထိုးနားထောင်ဖို့ ဝန်လေးလာတယ်။

မိသားစုတွေကို အသိမပေးဘူးလား့သားကို အကြောင်းမကြားဘူးလား့သမီးကို အဆက်အသွယ် မလုပ်ဘူးလား့ကိုယ့်အသိမိတ်ဆွေရင်းတွေကိုရောဖုန်းမဆက်ဘူးလား့ ဆိုတဲ့စာနာတတ်တဲ့ မိတ်ဆွေကောင်းတွေရဲ့အသံကိုလည်းအကြောင်းအကျိုးအကောင်းအဆိုးအမှားအမှန်တွေနဲ့ သုံးသပ်ဝေဖန် တုန့်ပြန်နေရမှာကိုလည်း ဝန်လေးလာတယ်။

ကိုယ့်ရဲ့နောက်ဆုံးအချိန်မှာကိုယ့်ရဲ့အနားကိုရောက်လာတဲ့သမီးရဲ့ ငိုသံသားရဲ့ ရှိုက်သံဇနီးမယားရဲ့ ကြေကွဲနေတဲ့ အမူအယာတွေကိုလည်းမျှဝေခံစားပေးဖို့ ဝန်လေးလာတယ်။

လူနာလာမေးသူအပေါ် ထားနေရတဲ့ ဝတ္တရားကြောင့်လူနာရဲ့နောက်ဆုံးအချိန်ဟာ ကိလေသာနဲ့သာ အချည်းအနှီးဖြစ်သွားခဲ့မယ်ဆိုရင် လားရားဂတိ ကောင်းဖွယ်မရှိလှ။

ကောင်းရာသုဂတိ လားပါစေ-လို့သေသွားတဲ့အခါကျမှ ဆုတောင်းပေးခြင်းသည်မသေခင်ကကောင်းရာသုဂတိကို ရောက်စေနိုင်တဲ့အကူအညီ အထောက်အပံ့ပေးမှုလောက် မမြတ်။

ဒါကြောင့်လေ့အသက်ဝအောင် မနဲကြိုးစားပြီး ရှူနေရတော့မယ့် ငါ့ရဲ့နောက်ဆုံးအချိန်မှာ အသက်ရှူဖို့ သတိထားစရာ မလိုတဲ့ သူတွေကအသံတွေနဲ့ မနှိပ်စက်ပါနဲ့။ရေတစ်စက် ဝင်အောင်သောက်ရဖို့ ခက်နေရတော့မယ့်ငါ့ရဲ့နောက်ဆုံးအချိန်မှာရေဝအောင် သောက်နေရတဲ့ သူတွေကအသံတွေနဲ့ မနှိပ်စက်ပါနဲ့။

ယင်နားတာတောင် မခံနိုင်တော့တဲ့ငါ့ရဲ့နောက်ဆုံးအချိန်မှာကြင်နာနွေးထွေးတဲ့ ပြုစုမှုတွေ ယုယမှုတွေနဲ့မနှိပ်စက်ပါနဲ့။

တစ်ယောက်ထဲလာပြီးတစ်ယောက်ထဲပြန်ရတော့မယ့် ဒီခရီးလမ်းမှာတစ်ထောက်နား ဘဝခရီးတစ်ဝက်ကိုယ်ပြုခဲ့တဲ့ ကံတွေကိုသာ အားကိုးနေရတာမို့ငါ့ကို တကယ်ခင်ရင်လေ

ငါ့ပြုတဲ့ကံနဲ့ ငါ့ရဲ့လားရာခရီး ပြောင်းလဲခြင်းတွေနဲ့အချည်းအနှီးမဖြစ်ရအောင်တစ်ယောက်ထဲနေပြီး တိတ်တိတ်ကလေးသေပါရစေ။

Credit:ဦးဓမ္မသာရ(ဆေးသဲ့တောင်)

Be the first to comment

Leave a Reply

Your email address will not be published.


*