ပျိုပျို အိုအို တို့ အိမ်ထောင် မပြုခင် ဖတ်ရူသ င့်တဲ့ မှတ် စု

ကျွန်မ ရဲ့ အမျိုးသားက ကုမ္ပဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး ၊

သူဟာ အမြဲတမ်း အလုပ်ကိစ္စနဲ့နိုင်ငံခြားကို မကြာခဏသွားလေ့ရှိပါတယ်။

ရန်ကုန်မှာရှိနေတဲ့ နေ့တော်တော်များများမှာလည်း ညတိုင်းလိုလို ဧည့်ခံပွဲတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။

ကျွန်မတို့ အိမ်တောင်ကျခဲ့တာ တစ်နှစ်ကျော်လောက်မှာ ကျွန်မတို့မှာ သားလေးတစ်ယောက်

ရလာပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသားရဲ့ အလုပ်က အိမ်ထောင်ကျခါစထက် ပိုများလာပါတယ်။

ကျွန်မလည်း အလုပ်အသစ်တစ်ခု ပြောင်းလိုက်ပြီးတဲ့နောက် အရင်ထက် အလုပ်ပိုရှုပ်လာပြီး မနက်တိုင်း ၇နာရီခွဲ အရောက် သွားရပါတယ်။

မိခင် လက်သစ်ဖြစ်တဲ့ ကျွန်မဟာ ခုမှ ရလာတဲ့ သားဦးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။

ညဉ့်နက်နို့ဆာလို့ ထအော်လို့ ထထ တိုက်ရတာရယ် ၊ မနက်မိုးလင်း သားလေးရူးရူးပေါက်ချလို့ သေးဝတ်ထလဲရတာရယ်၊

ကျွန်မရဲ့ အလုပ်အသစ်ကပေးတဲ့ ဖိအားတွေကြောင့် ညတိုင်းလိုလို အိပ်မပျော်ခဲ့ရပါဘူး။

ဒါပေမဲ့ ကျွန်မရဲ့ အမျိုးသားကတော့ ပုံမှန်ရုံးတက် မပျက်ခဲ့ရပါဘူး။ ကျွန်မပုခုံးပေါ်မှာ ကျရောက်လာတဲ့

သားလေးရဲ့ တာဝန်ရယ် ညဉ့်နက်သန်းခေါင် ကလေးငိုလို့ နို့တိုက်ရင်း ညစာစားပွဲကနေ

ပြန်လာတဲ့ယောကျာ်းအတွက် သူအဝတ်လဲဖို့ ရေချိုးဖို့ အဆာပြေစားဖို့ ပြင်ခဲ့ရပါတယ်။

သားလေး လေးလအရွယ်ရောက်တော့ အမျိုးသားဟာ အမေရိကန်မှာ သင်တန်းတက်ဖို့ အခြေအနေ တစ်ခုဖန်လာခဲ့ပါတယ်။

အခွင့်ရေးကောင်း တစ်ခုဖြစ်နေပေမဲ့ ကျွန်မသူ့ကို လက်လွှတ်ခိုင်းခဲ့ပါတယ်။

အဲဒီအတွက် ကျွန်မတို့တွေ အတိုက်အခံ ဖြစ်ခဲ့ကြပါတယ်။

ကျွန်မမျှော်လင့်တာက ဒီအတောအတွင်း အရမ်းပင်ပန်းနေတဲ့ ကျွန်မကို သူအဖေါ်လုပ်ပေးတာ လိုချင်မိပါတယ်။ ကျွန်မ တကယ်ကိုလည်း ပင်ပန်းပါတယ်။

လသားကလေးရယ် ခုမှ ပြောင်းလိုက်တဲ့ အလုပ်အသစ်ရယ်ကြောင့် ကျွန်မမှာ ဖိအားပိုလာခဲ့ပါတယ် ။

ဒီ ၄ လလောက်အတွင်း ကျွန်မလည်း တဝက်လောက် ပိန်ကျသွားခဲ့ပါတယ်။

အလုပ်မလုပ်လို့လည်း မဖြစ်တဲ့အတွက် ကျွန်မအလုပ်ကိုလည်း မထွက်နိုင်ခဲ့သလို ကျောထောက်နောက်ခံ

မိသားစုကောင်းလည်း မရှိနေတဲ့အတွက် သားလေးတာဝန်ဟာလည်း ကျွန်မပုခုံးပေါ် လုံးလုံးကျရောက် နေခဲ့ပါတယ်။

ဒီလိုအခွင့်ရေးကို စွန့်လွှတ်ဖို့ ပြောလိုက်တဲ့အတွက် သူကျွန်မကို အပြစ်တင်ခဲ့ပါတယ် ။

ကျွန်မဟာ သူ့တက်လမ်းကို ပိတ်ပင်တဲ့ မိန်းမတစ်ယောက်ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်ခဲ့တယ်။

ကျွန်မတစ်ယောက်တည်း မနက် အလုပ်မသွားခင် သားလေးကို ထိန်းပေးတဲ့ နာနီအိမ်ကိုပို့ရပြီး ညနေရုံးဆင်းရင် ဝင်ကြိုတာကလည်း ကျွန်မပါပဲ။

အိမ်ပြန်ရောက်လို့ ကလေးဝေရာ ဝေစ္စလုပ်ပေးရ တာလည်း ကျွန်မပါပဲ။

အိမ်ထောင်ထိန်းသိမ်းရတာလည်း ကျွန်မပါပဲ။ မီတာဆောင်ဖို့ စီစဉ်ရတာလည်း ကျွန်မပါပဲ။

ကျွန်မ တကယ်ကို ပင်ပန်းနေပါပြီ။ ဒါပေမဲ့ သူစီစဉ်ထားတဲ့ ခရီးစဉ်ကို သူထွက်သွားခဲ့ပါတယ်။

တစ်လကြာလို့ပြန်လာတဲ့အခါမှာလည်း တစ်ဆင့်မြင့်တဲ့ ရာထူးတစ်ခုလည်း သူတိုးခဲ့ပါတယ် ။

ဒီလိုဆိုတော့လည်း ကျွန်မယောကျာ်း အောင်မြင်မှုအပေါ် ကျွန်မ ပီတိဖြစ်မိပါတယ်။

ပင်ပန်းတာတွေတောင် ဘယ်နားရောက်မှန်းမသိ ပျောက်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီတလျှောက်လုံး ကျွန်မရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်း ဆိုးရွားလာခဲ့ပါတယ်။

နောက်ဆုံးကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။

ကျွန်မနဲ့တူတူ ကလေးတာဝန်ကို တူတူယူဖို့ရယ် ညဘက်တိုင်း အိပ်မပျော်တဲ့

ကျွန်မ ကောင်းကောင်းအိပ်ပျော်ဖို့ အတွက် ကလေးကြည့်ဖို့ အတွက်ပေါ့။

ပထမတော့ သူ့မှာ အလုပ်တွေ ရှုပ်ရတာကတစ်မျိုး ညအပြန် လူမှုရေးကိစ္စတွေ

သွားရတာတမျိုးဆိုပြီး ညည်းယူပေမဲ့ နောက်ဆုံးတော့သူလည်း သဘောတူပါတယ်။

သားလေးကို တစ်လ ကျွန်မနဲ့တူတူ ကူကြည့်ပေးပါမယ်တဲ့။ ဒီတစ်လတွင်း ဧည့်ခံပွဲတွေလည်း မသွားတော့ပါဘူးတဲ့။

ကျွန်မအနည်းငယ် သက်သာရာ ရသွားတာပေ့ါ။

ဒီလိုနဲ့ ၁၅ရက်လောက် ကျော်လာခဲ့တဲ့ တစ်နေ့မှာ မနက်မိုးလင်းတော့ ကျွန်မယောကျာ်း ကုတင်စွန်းမှာ ငူငူကြီး ထိုင်နေတာကို တွေ့လိုက်ရပါတယ်။

သူ့ပုံစံက ခုမှ နိုးလာတဲ့ ပုံတော့ မဟုတ်ပါဘူး ဒါမှမဟုတ် တစ်ညလုံး မအိပ်ရသေးတဲ့ပုံလားတော့ မသိပါဘူး။ အဲဒီအချိန်မှာ သူက

“ မိန်းမ မင်းဒီ နှစ်ဝက်လောက်အတွင်း ဒီကလေးတစ်ယောက်ကို ဘယ်လိုများ ကြည့်ခဲ့တာလဲ ၊ ဒီလိုပဲ ညတိုင်း မှေးလိုက် နိုးလိုက်နဲ့ ပဲလားကွာ “ တဲ့။

ကွန်မလည်း “ ဒီတိုင်းပဲပေ့ါ ယောကျာ်းရယ် “ အဲဒီတော့ သူက “ ဒါတောင် မင်းဘာလို့ မပြောခဲ့တာလဲကွာ” ဆိုပြီး စိတ်မကောင်းတဲ့ အသံနဲ့ မေးပါတယ်။

ဒီတော့ ကျွန်မလည်း “ ကျွန်မ ပြောခဲ့ဖူးပါတယ်၊ ရှင် သတိမထားမိတာပါ “ ဒီတော့မှ သူ ခဏဆွံ့အသွားပြီးတော့မှ

“ ဒီလောက်ပင်ပန်းနေရင် အလုပ်ထွက်ပြီး အိမ်မှာပဲ အိမ်မှုကိစ္စ လုပ်ပါလားကွာ စားဝတ်နေရေးအတွက် ကိုယ်ရှာမှာပေ့ါ “

ကျွန်မလည်း “ ကျွန်မတို့က တူတူကျောင်းတက်ပြီး တူတူ ဘွဲ့ရလာခဲ့ကြပြီး အိမ်ထောင်ကျခဲ့ကြတာလေ၊

ကျွန်မမှာလည်းကျွန်မ ရည်မှန်းချက်နဲ့ ကျွန်မရှိတာပေ့ါ။ ကျွန်မလုပ်ချင်တဲ့ အလုပ်လည်း ရှိသေးတယ်လေ။

သူအတော်ကြာ တိတ်ဆိတ်သွားပြီးတော့မှ ကျွန်မကို စိတ်မကောင်းတဲ့ လေသံနဲ့

“ မင်းအရမ်း ပင်ပန်းခဲ့မှာပဲ ၊ နောက်ကို ကိုယ်လည်း အလုပ်က ပြီးတာနဲ့ အတတ်နိုင်ဆုံး အိမ်တန်းပြန်ပြီး

မင်းနဲ့ ကလေးဝိုင်းထိန်းပေးပါ့မယ်ကွာ ၊ ခရီးသွားရတဲ့ အခိုက်အတန့်ဆိုရင်တော့ မင်းနည်းနည်း အပင်ပန်းခံပေးပေါ့ကွာ ”

ကျွန်မ သူ့ဆီက ဒီလိုမျိုးစကား ကြားလိုက်ရတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။

ဒီလိုနဲ့ ကျွန်မတို့ ဒုတိယကလေး ရလာတဲ့အခါ ကျွန်မတို့တွေ ပိုအလုပ်ရှုပ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဟိုးအရင်တုန်းကလိုတော့ ငြင်းခုန်မှုတွေ ငြူစူမှုတွေ မရှိသလောက ်နည်းသွားခဲ့ပါတယ်။

မိသားစုလည်း အရင်ထက်ပိုပြီး နွေးထွေးပျော်ရွှင်ရပါတယ်။ ဒီနှစ်မှာ သူလုပ်တဲ့အလုပ်က

အကြောင်းအမျိုးမျိုးကြောင့် ရပ်နားလိုက်တဲ့အတွက် သူလည်း အိမ်မှာပဲ နားနေခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ပျော်ရွှင်ရပါတယ်။

“ ဒီအတောတွင်း အလုပ်ကို ဖြည်းဖြည်းရှာပြီး မင်းကို အိမ်မှာ ဝိုင်းကူပေးဦးမယ် “ ဆိုတဲ့ စကားကြောင့်လည်း ကျွန်မတို့ပိုမို နွေးထွေးလာခဲ့ကြပါတယ်။

နောက်ပိုင်းတော့ သူအလုပ်ကောင်းကောင်းတစ်ခု ထပ်ရခဲ့ပြီး ပြည်ပကို ခဏခဏ သွားရောက်နေရပေမဲ့ ကျွန်မသူ့အပေါ် ညိုငြင်မှု မရှိတော့ပါဘူး။

ဘာလို့လည်းဆိုတော့ အဝေးရောက်လည်း ဖုန်းဆက်ပြီး ကျွန်မအပေါ် နားလည်မှုအပြည့်နဲ့ ပြောပေးခဲ့လို့ပါပဲ။

ပြန်ရောက်လာရင်လည်း မိသားစုအတွက်သာ ဦးစားပေးစဉ်းစားပြီး ခင်တွယ်တဲ့ အတွက်ကြောင့်ပါပဲ။

ကျွန်မအင်မတန်သာယာတဲ့ မိသားစုတစ်ခုကို လက်ဝယ်ပိုက်ထားရတဲ့အတွက် အရမ်းကို စိတ်ချမ်းသာရပါတယ်။

အခုတော့ တစ်ယောက်တည်း အလုပ်လုပ် ကလေးကျောင်းကြို ကျောင်းပို့လုပ်လည်း ပင်ပန်းတယ်လို့ မခံစားမိတော့ပါဘူး ။

ဘယ်နိုင်ငံပဲရောက်ရောက် မကြာခဏ ဖုန်းဆက်ပြီး အဆင်ပြေရဲ့လား စိတ်ပူပြီး ကလေးတွေကို

တတွတ်တွတ်မေးနေတဲ့အတွက် သူတခြားမှာ ရှုပ်နေမှာကိုလည်း မပူရတော့တဲ့အတွက်လည်း ကျွန်မတို့ မိသားစုလေး ပိုစိုပြေခဲ့ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တစ်ခုခုဆို အပြန်လှန်တိုင်ပင်ပြီး ညှိနှိုင်းလုပ်ကိုင် ရတဲ့အတွက် အဆင်ပြေခဲ့ရသလို ။

ဒီကလေးတွေ ဒီအိမ်ထောင် တာဝန်ဟာ ကျွန်မတစ်ယောက်တည်းနဲ့ဆိုင်ပါတယ်ဆိုတဲ့ အတွေးတစ်ခုကို

ဖျောက်ပေးနိုင်တဲ့ အတွက်လည်း ကျွန်မတို့ ရဲ့ အဖုအထစ် လေးတွေဟာလည်း ပြေလျော့သွားခဲ့ပါတယ်။

အခုဆိုရင် သူဘယ်လို ရာထူးကြီးကြီးနဲ့ ဘာပဲဖြစ်နေပစေ အိမ်ပြန်ရောက်လို့ ကလေးတွေနဲ့

တွေ့ရင် သူက ခင်ပွန်းတစ်ယောက် တာဝန်သိတဲ့ ဖခင်တစ်ယောက် ဖြစ်နေခဲ့ပါတယ်။

ကျွန်မနောက်ဆုံး နားလည် သဘောပေါက်သွားခဲ့ရတာကတော့ အိမ်ထောင်ရေး တစ်ခုမှာ အရေးကြီးဆုံးက ညှိနှိုင်းလုပ်ကိုင်မှုပါပဲ။

နှစ်ဦးနှစ်ဘက် အဆင်ပြေ ကျေနပ်ရင် အရာအားလုံးဟာ အဆင်ပြေပါတယ်။

ကိုယ့်တာဝန်ကြီးလည်း မဟုတ်သလို သူ့တာဝန်ကြီးပဲလို့လည်း သတ်မှတ်လို့မရပါဘူး

အိမ်ထောင်ရေး သော့ခလောက်ကို နှစ်ယောက်တူတူ တက်ညီလက်ညီ ဖွင့်မှသာ ပွင့်မှာဖြစ်ပြီး သာယာတဲ့ အနာဂတ်ရူခင်းကို သင်တို့ လှမ်းမြင်ရမှာပါ။

( အိမ်ထောင်ရေးဆိုတာ ငှက်နှစ်ကောင် ပျံသန်းသလိုပါပဲ ။ ဘယ်သူ ကြီးတယ် ငယ်တယ်ဆိုတာ မရှိပါဘူး။

တူတူ သွားရတဲ့ ခရီးတစ်ခုမှာ ဘယ်သူကပဲ ပျံသန်းတာ မြန်လို့ ရှေ့ကိုပဲရောက်ရောက် နောက်ကျတဲ့ သူကိုတော့ စောင့်ပေးရပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပြန်လှန် လေးစားမှုရှိရပြီး တာဝန်ခွဲယူတတ်တဲ့ စိတ်ရယ် နဲ့ အတူတူ ပျံသန်းကြမှသာ ခရီးရှည်ကို အဆုံးထိ တူတူသွားနိုင်မှာပါ။

အကယ်၍ သင့်မှာ ဒီလို တူတူပျံသန်းဖို့ အစီစဉ်မရှိဘူးဆိုရင် အစကတည်းက အိမ်ထောင်ပြုဖို့ မစဉ်းစားမိပါစေနဲ့။ )

မာရင်ရင်

မနုဿ ရဲ့ စာမျက်နှာလေးများ

Be the first to comment

Leave a Reply

Your email address will not be published.


*