အသည်းကွဲလို့သေနိုင်သလား

ယုံချင်ယုံ၊ မယုံချင်နေ ချစ်ရသူတစ်ယောက်ဆုံးရှုံးသွားခြင်း ကြောင့် လူတစ်ယောက်အသည်းကွဲပြီး သေဆုံးနိုင်သည်။ ဗြိတိန်နိုင်ငံဘာမင်ဂန်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုအရ ဝမ်းနည်းပူဆွေးခြင်း၊ ရင်နာခြင်းနှင့် ဆုံးရှုံးလိုက်ရသည့် စိတ်ခံစားချက်များကဲ့သို့ ပြင်းထန်သော စိတ်ခံစားချက်များကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကိုဆိုးရွားစွာ ပျက်စီးစေနိုင်သဖြင့် အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

ချစ်ရသူတစ်ယောက်ဆုံးရှုံးလိုက်ရခြင်းကြောင့် နမိုးနီးယားရောဂါပိုးကဲ့သို့ ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင် ကူညီပေးသောနူထရိုဖီးလ် (neutrophils)ဟုခေါ်သည့် သွေးဆဲလ်များအပေါ် ထိခိုက်မှုများကို သုတေသီများလေ့လာခဲ့ကြသည်။ များမကြာမီက ချစ်သူခင်သူတစ်ယောက်ဆုံးရှုံးထားသူများထံမှ သွေးနမူနာများကို သုတေသီများကရယူပြီး ၎င်းတို့၏ နူထရိုဖီးလ်များက ဘက်တီးရီးယားများကို တိုက်ဖျက်ရာတွင် မည်သို့အကျိုးရှိကြောင်း လေ့လာခဲ့သည်။

ဝမ်းနည်းပူဆွေးမှုဒဏ်ခံစားခဲ့ရသည့် လူငယ်များ၏ နူထရိုဖီးလ် များမှာ များစွာမပြောင်းလဲဘဲရှိနေသာ်လည်း အသက် (၆၅)နှစ်နှင့် အထက် ပုဂ္ဂိုလ်များမှာ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ခြင်းမရှိ တော့ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။ယင်းအချက်အပြင် ချစ်သူခင်သူတစ်ယောက်သေဆုံးသွားပြီးနောက် အသက်အရွယ်ကြီးသူများမှာ ရုတ်တရက်အထီးကျန်သွားသည်ဟု ခံစားကြရသဖြင့် ၎င်းတို့မှာနာမကျန်းဖြစ်၍ အားလျော့သွားတတ်ကြသည်။

ဇနီးသည်ကို ဆုံးရှုံးလိုက်ရသော မုဆိုးဖိုတစ်ဦး၏သေဆုံးနိုင်မှု အန္တရာယ်မှာ နှစ်ဆမြင့်မားပြီး သေဆုံးဖွယ်ခြောက်ဆမြင့်မားကြောင်း သုတေသီများ၏ လေ့လာမှုက ဖော်ပြသည်။

အိမ်ထောင်သက်ကြာရှည်သော ဇနီးမောင်နှံများမှာ ၎င်းတို့၏ ဘဝလက်တွဲဖော်ကို ဆုံးရှုံးလိုက်ရပြီးနောက် သေဆုံးနိုင်မှုအန္တရာယ်ပို၍မြင့်မားပြီး အသက်ရှင်ကျန်ခဲ့သူတစ်ဦးအဖို့ ပထမဆုံးနှစ်အတွင်း သေဆုံးနိုင်မှုအန္တရာယ်အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*