သာမန်ရိုးကျမဟုတ်တဲ့ ပစ္စည်းဆန်းဆန်းတွေကို တွေ့နိုင်မယ့် ကမ္ဘာ့လေဆိပ်များ

လေယာဉ်ချိန်အကြာကြီး စီးရသူတွေအတွက်တော့ လေဆိပ်ထဲ စောင့်ဆိုင်းရတဲ့အချိန်တွေဟာ ငြီးငွေ့စရာပါ။ လေယာဉ်အချိန်နောက်ကျလို့ ဖြစ်စေ၊ လေယာဉ်တစ်စီးကနေ အခြားတစ်စီးကူးဖို့ စောင့်ရလို့ဖြစ်စေ၊ တစ်ခါတစ်လေ လေဆိပ်ထဲမှာ အကြာကြီး နေရလေ့ရှိပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်အချို့ဟာဆိုရင် ခရီးသည်တွေ သက်တောင့်သက်သာ နားနေလို့ရအောင်၊ အပျင်းပြေအောင်နဲ့ ဈေးဝယ်လို့ရအောင် ဆိုပြီး လေဆိပ်တွေထဲမှာ အမျိုးမျိုး စီစဉ်ထားကြပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို သဘောတွေ့စေမယ့် အပြည်ပြည်ဆိုင်ရာလေဆိပ်အချို့ထဲက ဆန်းဆန်းပြားပြားအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကစားကွင်းလျှော

စင်ကာပူနိုင်ငံက ချန်ဂီလေဆိပ်ဟာ ကျော်ကြားတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတစ်ခုဖြစ်ပါတယ်။ လေဆိပ်ထဲမှာတော့ ကမ္ဘာ့အရှည်ဆုံးလေဆိပ် ကစားကွင်းလျှောကြီးကို တွေ့ရမှာဖြစ်ပါတယ်။ လျှောကြီးဟာ (၃၉) ပေအရှည် လေးထပ်တိုက်အမြင့်လောက် ရှိပြီး ဂိတ် Terminal 3 မှာ ရှိပါတယ်။ လေဆိပ်ထဲမှာ ဘာပစ္စည်းပဲဝယ်ဝယ် စင်္ကာပူဒေါ်လာ(၁၀) ဖိုးသုံးရုံနဲ့ လျှောအလကားစီးလို့ရမှာ ဖြစ်ပါတယ်။ လျှောစီးတဲ့အခါ ဒေါ်လာ(၁၀) ဖိုးဝယ်ထားကြောင်း ပြရအောင် ပစ္စည်းဝယ်ထားတဲ့ ငွေဖြတ်ပိုင်းတွေကို သိမ်းထားဖို့တော့ လိုပါမယ်။

ဗူဒူးအရုပ်များ

ဟေတီနိုင်ငံမှာ ဗူဒူးရုပ် ယုံကြည်သူတွေ များသလို ဗူဒူးတွေဟာ နိုင်ငံရဲ့ ယဉ်ကျေးမှူသရုပ်လည်း ဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူက ဗူဒူးရုပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဟေတီနိုင်ငံထဲက မထွက်ခွာခင် Toussaint Louverture အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲမှာ ဗူဒူးရုပ်တွေကို ဝယ်ယူနိုင်ပါတယ်။

သွားစိုက်ဆေးခန်း

အရေးပေါ်သွားအခြေအနေဆိုတာ ခန့်မှန်းလို့ မရနိုင်ပါဘူး။ အားလပ်ရက်အပျော်ခရီးသွားနေရင်း၊ အလုပ်ခရီးသွားနေရင်းနဲ့လည်း မထင်မှတ်ပဲ သွားကိုက် သွားနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုခရီးသည်မျိုးတွေကို အဆင်ပြေစေဖို့ ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ်မှာ သွားဆေးခန်းပါ ဆောက်လုပ်ထားပါတယ်။ သွားဆေးခန်းထဲက ဆရာဝန်တွေမှာ ပစ္စည်းကိရိယာအစုံအလင်ရှိတဲ့အပြင် သွားအလှပြုပြင်ရေးနဲ့ သွားစိုက်တဲ့ ဝန်ဆောင်မှူတွေကိုပါ ပေးလျက်ရှိပါတယ်။

ဂေါက်ကွင်း

ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ လေဆိပ်အကြီးကြီးတစ်ခု ဖြစ်ပါတယ်။ ခရီးသည်တွေ မပျင်းရိရလေအောင် လေဆိပ်ထဲမှာတော့ ဝန်ဆောင်မှူအမျိုးမျိုး ရှိပါတယ်။ ဒီထဲကမှ အထူးခြားဆုံးက ဂေါက်ရိုက်သင်တန်းပဲ ဖြစ်ပါတယ်။ အလားတူပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကDon Muang လေဆိပ်ထဲမှာလည်း ခရီးသည်တွေ အသုံးပြုနိုင်တဲ့ ကျင်း(၁၈) ကျင်းပါ ဂေါက်ကွင်းတစ်ခု အရင်တုန်းက ရှိခဲ့တယ်လို့ သိရပါတယ်။

ဟယ်ရီပေါ်တာ မှော်ဝင်ပစ္စည်းများ

တကယ်လို့ စာဖတ်သူဟာ လန်ဒန် ဟီသရိုးလေဆိပ်ကို ရောက်နေတယ်ဆိုရင်တော့ လေဆိပ်ရဲ့ Terminal 5 မှာ ဟယ်ရီပေါ်တာ မှော်ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ ဆိုင်အတွင်းမှာတော့ ဟယ်ရီပေါ်တာရဲ့ မှော်တုတ်တံလို ပစ္စည်းတွေအပြင် ဇာတ်လမ်းထဲမှာပါတဲ့ အခြားပုံစံတူ မှော်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူရရှိနိုင်ပါတယ်။

ရေအနှိပ်ခံစက်


ခရီးသွားခြင်းဟာ တစ်ခါတစ်ရံမှာ စိတ်ညစ်ညူးဖို့ ကောင်းပါတယ်။ ဒါကြောင့် အချို့လေဆိပ်တွေမှာဆိုရင် ခရီးသည်တွေ အနားယူအပန်းဖြေလို့ရအောင် spa တွေထားရှိပေးပါတယ်။ လေဆိပ်တွေထဲမှာ spa ဆိုင်တွေကို တွေ့မြင်ရတာ သိပ်မဆန်းလှပေမယ့် အမ်စတာဒမ်က Schiphol လေဆိပ်ထဲက spa ဆိုင်ကတော့ တစ်မျိုးတစ်ဖုံ ထူးခြားပါတယ်။ Back to Life spa လို့အမည်ရတဲ့ spa ဆိုင်မှာဆိုရင် စာဖတ်သူဟာ ရေနဲ့ အနှိပ်ခံနိုင်ပါတယ်။ လူတစ်ကိုယ်လုံးကို ရေစိုခံစောင်ကြီးနဲ့ ပတ်ပြီး ရေပြင်းအားမျိုးမျိုးနဲ့ ခန္ဓာကိုယ်ကို ပက်ဖျန်းကာ အနှိပ်ခံနိုင်တာပဲ ဖြစ်ပါတယ်။

မျက်စိစတူဒီယို

အိုက်စလန်နိုင်ငံ မြို့တော် Reykjavik က Keflavik လေဆိပ်ထဲမှာဆိုရင် မျက်စိစတူဒီယိုတစ်ခု ရှိပါတယ်။ တကယ်လို့ စာဖတ်သူက အချိန်လည်း သိပ်မရဘူူး၊ ပိုက်ဆံလည်း အကုန်အသက်သာချင်တယ်ဆိုရင်တော့ ဒီမျက်စိစတူဒီယိုက ကူညီပေးနိုင်ပါတယ်။ စတူဒီယိုက မျက်စိဆရာဝန်တွေကတော့ မြန်ဆန်ထိရောက်မှူှရှိဖို့ အာမခံထားပါတယ်။ စတူဒီယိုထဲမှာတော့ အဆင့်မြင့် မျက်စိစမ်းသပ်မှူတွေနဲ့အတူ (၁၅) မိနစ်အတွင်းမှာပဲ ကိုယ်နဲ့ကိုက်ညီတဲ့ မျက်မှန်တစ်လက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော်တံဆိပ်တွေဖြစ်တဲ့ Gucci တို့ Oakley တို့ကိုလည်း ဝယ်ယူရနိုင်ပါသေးတယ်။

ငါးပြတိုက်


Vancouver ငါးပြတိုက်ဟာ Stanley Park ထဲမှာ ရှိပါတယ်။ ငါးပြတိုက်ဟာ ပြည်တွင်းခရီးသွား terminal ထဲမှာ ရှိပါတယ်။ ပြတိုက်ရဲ့ ဂါလန်(၃) သောင်းဆန့် တိုင်ကီကြီးထဲမှာတော့ ရေနေသတ္တဝါမျိုးစုံကို ထည့်သွင်းပြသထားပါတယ်။ ၎င်းဟာ ကမ္ဘာ့အကြီးဆုံး လေဆိပ်တွင်း ငါးပြတိုက်ကြီးလည်း ဖြစ်ပါတယ်။

ရတနာဆိုင်


တကယ်လို့ တစ်ယောက်ယောက်နဲ့ ခွဲခွာရချိန်၊ ပြန်လည်ဆုံတွေ့ရချိန်တွေမှာ ရတနာပစ္စည်းလေးတွေကို လက်ဆောင်အဖြစ် ဝယ်ပေးခြင်းနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေထဲမှာတော့ ရတနာပစ္စည်းဆိုင် တော်တော်များများကို တွေ့ရတတ်ပါတယ်။ ဥပမာပြောရရင် တိုကျိုက နာရီတာလေဆိပ်ထဲမှာဆိုရင် Tiffany ရတနာဆိုင်နေရာ (၂) နေရာတောင် ရှိပါတယ်။ အလားတူပဲ ဟီသရိုးလေဆိပ်ထဲမှာလည်း ရတနာဆိုင် တစ်ဆိုင်ရှိပါတယ်။ ဝယ်မယ်ဆိုရင်တော့ ဝယ်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လေဆိပ်ထဲမှာ ရောင်းချတဲ့ ပစ္စည်းမှန်သမျှဟာ အကောက်ခွန်မဲ့ဖြစ်တာကြောင့် အပြင်မှာထက် အများကြီး ပိုဈေးသက်သာပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*