ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား

ယုန်သားက အဆီမပါတဲ့ အသား တစ်မျိုးဖြစ်ပြီး ကြက်သားလိုပါပဲ။ ဟင်းချက်စားတာ၊ ကြော်စားတာ၊ ကင်စားတာတွေ လုပ်လို့ရပါတယ်။ အဆီ ပါဝင်မှု နည်းပြီး ပရိုတင်းပါဝင်မှုများတာက ယုန်သားရဲ့ အားသာချက်တစ်ခုလို့ ဆိုရပါမယ်။ ကိုယ်အလေးချိန် ချချင်သူတွေအတွက်ရော ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်သူတွေအတွက်ပါ တော်တော်လေး အဆင်ပြေစေမှာပါ။

ယုန်သား အာဟာရ များတယ်လား…………..

ယုန်သားက လူစားနည်းပေမယ့် တော်တော်လေး အာဟာရ များတယ် ဆိုရပါမယ်။ ယုန်သားမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့

ပရိုတင်း / သံဓာတ် / ပိုတက်ဆီယမ် / magnesium / phosphorus /ဇင့် / selenium / ကယ်လ်ဆီယမ် / ဗီတာမင် B12 / thiamin (ဗီတာမင် B1) / riboflavin (ဗီတာမင် B2) / niacin (ဗီတာမင် B3) /  ဗီတာမင် B5. /ဗီတာမင် B6 တို့ ပြည့်ဝလုံလောက်စွာ ပါဝင်နေတာပါ။

ယုန်သား နဲ့ ကျန်းမာရေး

ယုန်သား စားပေးတာကပရိုတင်း ပြည့်ဝစေတယ်

ယုန်သားက အခြားသော အသားတွေထက် ပရိုတင်း ပြည့်ဝပါတယ်။ အချို့သော အစားအစာတွေကနေ ရတဲ့ ပရိုတင်းတွေက အစာမကြေတာမျိုး ဖြစ်စေပေမယ့် ယုန်သားကနေရတဲ့ ပရိုတင်းကတော့ အစာခြေစနစ်ကို အခက်အခဲ ကင်းစေပါတယ်။

ယုန်သားက အစာကြေလွယ်သလို လိုအပ်တဲ့ ပရိုတင်းကိုလည်း ပြည့်ပြည့်ဝဝ ရရှိစေပါတယ်။ ယုန်သား ၃၃ ဂရမ်မှာ ပရိုတင်းက ၆၆ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။

အဆီ ပါဝင်မှု နည်းတယ်

ယုန်သားက အဆီပါဝင်မှု အနည်းဆုံး အသားလို့တောင် ဆိုလို့ ရပါတယ်။ ယုန်သား ၁၀၀ ဂရမ်မှာ အဆီက ၃.၅ ရာခိုင်နှုန်းပဲ ပါဝင်တာပါ။ အဆီနည်းမှုက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပါတယ်။ အဆီပါဝင်မှု နည်းတာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေသလို ကိုလက်စထရော ပမာဏကိုလည်း လျှော့ချနိုင်ပါတယ်။

အဆီနည်းတာကြောင့် နှလုံး ကျန်းမာစေနိုင်သလို သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

သွေးတိုး သက်သာစေတယ်

ယုန်သားမှာ ဆိုဒီယမ် ပါဝင်မှုက တော်တော်လေး နည်းပါတယ်။ ဆိုဒီ ယမ်ပါဝင်မှုများတာက ကျောက်ကပ်က အရည်ပိုတွေ စွန့်ထုတ်နိုင်စွမ်းကို ကျဆင်းစေပြီး ကိုယ်တွင်းမှာ အရည်ပိုတွေ စုပုံမှုကနေတဆင့် သွေးတိုးစေဖို့ အားပေးပါတယ်။ ဒါကြောင့် ယုန်သားက ဆိုဒီယမ်ပါဝင်မှုနည်းပြီး ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးတိုးကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

နှလုံး ကျန်းမာစေတယ်

ယုန်သားက ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ပိုတက်ဆီယမ်က နှလုံးစည်းချက်မှန်စေပြီး နှလုံး သွေးကြောတွေကို ကျန်းမာစေပါတယ်။ ပိုတက်ဆီယမ် များများစားလေလေ ကိုယ်တွင်းက ဆိုဒီယမ်တွေက ဆီးအဖြစ် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်လေလေပါ။ ဆိုဒီယမ် နည်းတာက နှလုံး ကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူ ပြုပေးမှာပါ။

ကိုယ်ခံအား ကောင်းစေတယ်

ယုန်သားမှာ magnesium ပါဝင်နေပါတယ်။ magnesium က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ် တစ်ခုဖြစ်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။

အရိုးနဲ့သွားတွေ သန်မာစေတယ်

ယုန်သားမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေ သန်မာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ် မလုံလောက်မှုက အရိုးပွတာ၊ အရိုးပါးတာတွေကို ဖြစ်စေနိုင်ပါတယ်။

ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်

ယုန်သားမှာ selenium ပါဝင်နေပါတယ်။ Selenium က ကိုယ်ခံအားကို မြင့်တက်စေပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးပါတယ်။ လေ့လာမှုတွေအရ ကိုယ်တွင်းမှာ selenium ပြည့်ဝနေတာက ရင်သား ကင်ဆာ၊ အဆုတ် ကင်ဆာနဲ့ ဆီးကျိတ် ကင်ဆာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တယ်၊ လို့ သိရပါတယ်။

ယုန်သားက အာဟာရ ပြည့်ဝသလို ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုပေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*