ဈေးနှုန်းသက်သာတဲ့ အလှကုန်အတုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

အခုချိန်မှာ ဈေးနှုန်းအရ အလွန်သက်သာတဲ့ အလှကုန်ပစ္စည်းတွေ ဟာ ဈေးကွက်ထဲကို နေရာပေါင်းစုံကနေ ဝင်ရောက်နေတာကိုပျိုမေတို့လည်းသိကြမှာပါ။ ဈေးနှုန် းသက်သာတဲ့အချက်က အလှကုန်အတွက်ငွေများများစားစားမသုံးနိုင်တဲ့သူတွေကိုရွေးချယ်စရာတစ်ခုဖြစ်စေပါတယ်။
တချို့အလှကုန် ပစ္စည်းတွေဟာ နာမည်ကြီး အမှတ်တံဆိပ်တွေနဲ့တစ်ထေရာတည်းတူအောင် ကူးချထားတာဖြစ်တဲ့အတွက် အတုအစစ်ခွဲခြားဖို့ခက်ခဲပါတယ်။ အလှကုန် ပစ္စည်း တစ်ခု ဝယ်ယူတဲ့ အခါ မူရင်း အလှကုန် ပစ္စည်းတွေရဲ့ ကောင်တာတွေမှာ သာ ဝယ်ယူသင့်ပြီး အလှကုန် အတုမှန်းသိသာစေတဲ့ အချက်တွေကိုရှာဖွေစစ်ဆေးပြီးရှောင်ကြဉ်သင့်ပါတယ်။

အဲဒီလိုသတိပြုရှောင်ကြဉ်နိုင်ဖို့ အလှကုန် ပစ္စည်းအတုတွေရဲ့ ဆိုးကျိုးတွေနဲ့အဲဒီလိုပစ္စည်းအတု တွေမှာထည့်သွင်းထုတ်လုပ်လေ့ရှိတဲ့ပါဝင်ပစ္စည်းတွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

၁ ။ ခဲဓာတ်ပါဝင်မှု များခြင်း
အလှကုန် ပစ္စည်း အတုတွေမှာ ခဲ ဓာတ်ပါဝင်မှုဟာ ၁၉ ဆအထိတောင် ပါဝင်တယ်လို့ ဒေးလီးမေးသတင်းမှာ ဖော်ပြချက် အရ သိရပါတယ် ။ ခဲဓာတ်ပါဝင်တဲ့ အလှကုန်တွေကို လအတော်ကြာအောင် ဆက်တိုက် သုံးစွဲမယ်ဆိုရင်ခဲဆိပ်သင့်တဲ့ဆိုးကျိုးကိုခံစားရမှာဖြစ်ပါတယ်။ ခဲဆိပ်သင့်တဲ့အခါ မှတ်ဉာဏ်တွေ ပျောက်ဆုံးတာ ၊ အရိုး အဆစ်နဲ့ ကြွက်သားတွေ ကိုက်ခဲ တာ ၊ ဦးခေါင်းနာကျင်တာတွေကို ခံစားရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေခဲဆိပ်သင့်ရင်လည်း လမစေ့ဘဲ ကလေးမွေးဖွားတာမျိုး ကလေးအဖတ်မတင်တာမျိုးတွေဖြစ်စေနိုင်လို့ အထူးသတိပြုရှောင်ရှားသင့်ပါတယ်။

၂ ။ ဓာတ်မတည့်ခြင်း
မသမာတဲ့ နည်းလမ်းနဲ့ စီးပွားရှာသူတွေ ဟာ အကျိုးစီးပွားကိုသာ ကြည့်တဲ့အတွက် ထုတ်လုပ်မှု စရိတ်ကိုနည်းနိုင်သမျှနည်းအောင်လျှော့ချကြမှာပါပဲ။ ဒါကြောင့် အလှကုန်ပစ္စည်းထုတ်လုပ်တဲ့အခါ ပါဝင်ပစ္စည်းရောစပ်မှုအတွက်အရည်အသွေးနိမ့်တဲ့ ကုန်ကြမ်းတွေကိုပဲသုံးတတ်ကြပါတယ်။ ဒီလို အရည်အသွေးနိမ့်တဲ့အလှကုန်တွေမှာ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ ကယ်မီကယ်ဓာတ်တွေ အမြောက်အများပါဝင်တယ်လို့သိရပါတယ်။

၃ ။ ဘက်တီးရီးယားပေါက်ဖွားနိုင်ခြင်း
အလှကုန် ပစ္စည်းအတုတွေ ထုတ်လုပ်ခြင်းဟာ များသောအားဖြင့် တရားမဝင်ထုတ်လုပ်မှုတွေသာ များပါတယ်။ ဒါကြောင့် လူသိနည်းတဲ့ မြေအောက်ခန်း ၊ ဂိုဒေါင်လိုနေရာတွေမှာ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုနေရာတွေဆိုတာ ဘက်တီးရီယားတွေ အလွယ်တကူ ပေါက်ဖွားနိုင်တဲ့နေရာတွေဖြစ်ပြီး အဲဒီဘက်တီးရီးယားတွေကနေတစ်ဆင့် ဒီပစ္စည်း သုံးစွဲသူတွေကိုပါကူးစက်စေနိုင်ပါတယ်။

၄ ။ ပြဒါးဓာတ်ပါဝင်ခြင်း
တရားမဝင်တဲ့ အလှကုန် ပစ္စည်းတွေ ကို သိမ်းဆည်းရရှိလို့ စစ်ဆေးတဲ့ အခါတိုင်းမှာ ပြဒါးဓာတ်ပါဝင်နေတာကိုတွေ့ရပါတယ်။ ပြဒါးဓာတ်ဟာ ပြင်းထန်တဲ့အဆိပ်တစ်မျိုးဖြစ်ပြီး နှလုံး ၊ ကျောက်ကပ်နှင့် ကိုယ်ခံအားစနစ်တို့ကိုပျက်စီးစေနိုင်ပါတယ် ။ ပြဓါးဓာတ်ပါဝင်တဲ့ အလှကုန်ပစ္စည်းအတုတွေကို မျက်လုံးတဝိုက်သုံးစွဲမိရင်လည်း အမြင်အာရုံချို့ယွင်းတာ၊ မျက်စိကွယ်တာတွေအထိပါဖြစ်ပွားစေနိုင်ပါတယ်။

၅ ။ လူရဲ့ အညစ်အကြေးတွေပါဝင်ခြင်း
နာမည်ကြီး အမှတ်တံဆိပ်များကို တုပထားတဲ့ ရေမွှေးနှင့် အမွှေးနံ့သာကုန်ပစ္စည်းတွေမှာ လူ့အညစ်အကြေးတစ်မျိုးဖြစ်တဲ့ ယူရင်းပါဝင်နိုင်ခြေရာခိုင်နှုန်းအများအပြားရှိတယ်လို့ FBI က သတိပေးထားပါတယ်။ ဒီလိုလူ့အညစ်အကြေးတွေပါဝင်နေနိုင်တဲ့ ရေမွှေးအတုတွေဟာ အရေပြားနဲ့တိုက်ရိုက်ထိတွေ့တဲ့အခါ ကူးစက်ရောဂါနဲ့အရေပြားပြဿနာတွေကိုဖြစ်ပွားစေနိုင်ပါတယ်။
ဒါကြောင့် ပျိုမေတို့အနေနဲ့ဈေးနှုန်းသက်သာတာတစ်ခုတည်းကိုမကြည့်ဘဲ အရည်အသွေးမြင့်အလှကုန် ပစ္စည်းတွေကိုသေချာရွေးချယ်သုံးစွဲကြပါလို့ တိုက်တွန်းချင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*