အရာရှိ ဖြစ် တယ် ဆို ပြီး ဘဝင်တွေ မမြင့် လိုက်ပါ နဲ့ ဒါလေးတော့ သိထား ပေးပါ

အရာရှိ ဖြစ် တယ် ဆိုပြီး ဘဝင်တွေ မမြင့်လိုက် နဲ့။ မင်းထက် လုပ်သက် ရင့်ပြီး ကံအကြောင်း မလှ လို့ အရာရှိ ဖြစ်ခွင့်မရလိုက် တဲ့ လူတွေ အများကြီး ရှိ တယ် ။ မင်းမှာ မရှိတဲ့ အတွေ့အကြုံတွေ ၊ သင်ခန်း စာတွေ သူတို့မှာ အများကြီး ရှိ တယ် ။

ဒီလိုပြော လို့ အရာရှိ ဖြစ် နေ တဲ့ မင်း ကို စော်ကား တာတော့ မဟုတ်ဘူး ။ မင်းလည်း ဒီရာထူး ကို မင်းကြိုးစားမှု၊ မင်း ရဲ့ကံ၊ ဉာဏ်၊ ဝီရိယနဲ့ ရလာတာဖြစ်တဲ့အတွက် ဂုဏ်ယူ ချီးကျူး ပါ တယ် ။

ဒါပေမဲ့.. အရာရှိ စားပွဲပေါ် ထိုင်ပြီး အောက်က လူတွေ လုပ်သမျှ Initial(လက်မှတ်တို) တို့ဖို့ မဟုတ်ဘူး။ အရာရှိ ဆိုတဲ့ နေရာကနေ အောက်ကလူတွေကို ဟောက်စား၊ ငေါက်စား လုပ်ဖို့ လည်း မဟုတ်ဘူး ။ အောက်ကလူတွေ ကို အပေါ်စီးကနေ ဆက်ဆံပြောဆို ဖို့လည်း မဟုတ် ဘူး။

ဖြစ်သင့်တာက.. အရာရှိ ဆိုတာ.. အောက်ကလူတွေ ရဲ့ လုပ်မှား ကိုင်မှား ကို တာဝန်ခံနိုင်မှ၊ အောက်ကလူတွေကို လမ်းညွှန်ပြသပေးနိုင်မှ၊ အောက်ကလူတွေရဲ့ အခက်အခဲကို ဝင်ခံစားနိုင်မှ၊ သူတို့ပြဿနာကို ကိုယ့်ပြဿနာလို သဘော ထားနိုင် မှ၊ ကိုယ်ချင်း စာတတ် မှ၊ အရာရှိ ဆိုတဲ့ မာန်မာန တွေအစား တာဝန်ရှိတဲ့သူ တစ်ယောက်လို တွေးတတ်ခေါ်တတ်မှ အရာရှိဆိုတဲ့ဂုဏ်က ပိုပြည့်စုံ မယ် ထင်တယ် ၊ ညီလေး ။

လူတစ်ယောက်မှာ အဓိက ပါဝါနှစ်ခု ရှိတ ယ်တဲ့ ။ Personal Power (ပုဂ္ဂလိကပါဝါ) နဲ့ Positional Power (ရာထူးအာဏာ) တဲ့။ ဒီနှစ်ခုမှာ ရာထူးအရ ရလာတဲ့ Positional Power က ရာထူးတိုး စာမေးပွဲတွေ ဖြေဆို အောင်မြင်ရင် ရလာနိုင်ပေမဲ့ Personal Power ကတော့ ဘယ်စာမေးပွဲ နဲ့မှ အကဲဖြတ်လို့ မရဘူး ညီလေး။ ပုဂ္ဂလိက ပါဝါက သူများအပေါ် မေတ္တာ၊ ဂရုဏာ၊ စာနာမှု၊ နားလည်မှု၊ သည်းခံမှုတွေ နဲ့ ရင်းပြီးမှ ရလာတဲ့ ပါဝါပါ ။ မင်းလည်း တွေ့ဖူး မှာပါ။ တခါတလေ ရာထူးအာဏာ မရှိပေမဲ့ သူ ပြော လိုက်ရင် လူတွေက လိုက်လုပ်ပေး ချင်တာ။ ဒီပါဝါကတော့ လွယ်လွယ်မရဘူး ညီလေး။ အချိန်ယူပြီး တည်ဆောက်ရတယ်။

လိုရင်းကတော့ အရာရှိဖြစ် လာပြီ ဆိုရင် Positional Power နဲ့ အကုန်လုံး လုပ်နိုင်မယ်လို့ တထစ်ချ မတွေးထားလေ နဲ့။ တချို့ အပိုင်းတွေ မှာ Personal Power နဲ့ လုပ်မှ အောင်မြင်တဲ့ အရာတွေ လောကမှာ အများကြီး ရှိ ပါတယ်။

ဒါကြောင့်.. အရာရှိဖြစ်ပြီဆိုတိုင်း ဘဝင်မမြင့်နဲ့၊ မာနမကြီး နဲ့။ မင်း ပတ်ဝန်းကျင်က သင်ယူလို့ ရသမျှ သင်ယူပါ။ ကိုယ်မသိရင် ဟိုးအောက်ဆုံးက လူဆီမှာ တပည့်ခံဖို့လည်း မရှက်ပါနဲ့။ တစ်နေရာမှာ တပည့်ခံရင် ဆယ်နေရာမှာ ဆရာ လုပ်လို့ရတယ်ဆိုတဲ့ ဆိုရိုးစကား မင်း ကြားဖူး မှာ ပါ။

မင်းရဲ့ လက်အောက်ငယ်သားတွေ ကို လုပ်ဖော် ကိုင်ဖက် လို သဘောထားပြီး ကြင်နာ ပါ ။ တာဝန်ယူပါ၊ တာဝန်ခံပါ။ သူတို့ခံစားချက်တွေကို အလေးထားပါ။ သူတို့ အခက်အခဲ ဝင်ခံစား တတ်အောင် ကြိုးစားကြည့်ပါ။ စေတနာဆိုတာ ကိုယ်က စပေးရင် ရောင်ပြန်ဟပ် ပါတယ် ။

တကယ်တော့ ဘဝ ဆိုတာ တိုတိုလေးပါ ။ ပျော်ရွင် တဲ့ အလုပ်ဝန်းကျင် မှာ မိသားစုဆန်ဆန် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းတတ် ဖို့ပဲ အရေးကြီး ပါတယ် ။ အတ္တတံဆိပ်တွေ၊ မာနတံဆိပ်တွေ တပ်ပြီး လုပ်နေရင်တော့ အလုပ်ခွင် မှာ မင်း ပျော်လာမှာ မဟုတ်ဘူး ။

ဒါကတော့ ကိုလေး ရဲ့ အတွေ့အကြုံတွေ ကို ဝေမျှတာပါ…

သားညိုထွေး

Be the first to comment

Leave a Reply

Your email address will not be published.


*