ကိုယ်ဝန်ဆောင်နေစဉ်မြေဖြူခဲတွေ နေ့တိုင်းစားခဲ့တဲ့အမျိုးသမီး

Rebecca Adimora အမည်ရှိတဲ့အမျိုးသမီးတစ်ယောက်ဟာ အသက်(၂၅)နှစ်ရှိပြီး ကလေး(၂)ယောက်မိခင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ ဒုတိယကိုယ်ဝန်ဆောင်နေစဉ်အတွင်း မြေဖြူခဲချဉ်ခြင်းတပ်ခဲ့တဲ့အကြောင်းနဲ့ တစ်နေ့ကိုမြေဖြူတောင့်(၁၀)တောင့်စားသုံးခဲ့ကြောင်း ထူးထူးဆန်းဆန်းသိရပါတယ်။

မြေဖြူခဲတွေကိုချဉ်ခြင်းတပ်နေခဲ့တဲ့ Rebecca ကို ရင်းနှီးသူတွေက pica syndrome ဖြစ်တယ်လို့ထင်ခဲ့ကြပါတယ်။ Pica syndrome ဖြစ်ပွားသူတွေဟာ ခန္ဓာကိုယ်မှာသတ္တုဓာတ်တွေလိုအပ်နေလေ့ရှိပြီး မြေဖြူခဲတွေစားတာနဲ့ဆက်စပ်နေတယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း Rebecca ဟာကျန်းမာသန်စွမ်းတဲ့သားယောကျ်ားလေး Reuben ကိုမွေးဖွားခဲ့ပါတယ်။ သူမက “….. ကျွန်မကိုယ်ဝန်(၁၆)ပတ်ရောက်တဲ့အခါ မနက်ပိုင်းဆိုအော့အန်တယ်….တစ်နေ့တော့ ကျွန်မသမီးရဲ့ရောင်စုံမြေဖြူခဲတွေကို စားကြည့်ချင်စိတ်ပေါ်လာတယ်…အဲဒါနဲ့ မြေဖြူတစ်တောင့်ယူပြီး လျာနဲ့လျက်ကြည့်တာ….အရသာကကောင်းလိုက်တာဆိုတာ…မြေဖြူတောင့်ကို ကိုက်မိတဲ့အသံနဲ့ ဖွယ်တယ်တယ်အရသာလေးကို အဲဒီတုန်းက အရမ်းကြိုက်ခဲ့တာဆိုတာလေ…. ထပ်ထပ်ပြီးပဲစားချင်နေတာ…..” လို့သူမအဖြစ်ကိုပြောပြပါတယ်။

ထိုစဉ်ကစပြီး Rebecca ဟာအွန်လိုင်းပေါ်ကနေ မြေဖြူတောင့်တွေဝယ်ကာ တစ်နေ့(၂)ချောင်းနှုန်းစားခဲ့ပါတယ်။ သူမက အွန်လိုင်း YouTube ကနေပြီးတော့လည်း တခြားသူတွေကမြေဖြူတောင့်တွေ စားတဲ့ဗီဒီယိုဖိုင်တွကိုကြည့်ခဲ့ပါသေးတယ်။ တဖြည်းဖြည်းနဲ့ မြေဖြူစားချင်တဲ့စိတ်က ပြင်းပြလာပြီး တစ်နေ့ကို(၁၀)ချောင်းအထိ စားနိုင်ခဲ့တဲ့အကြောင်း Rebecca ကဆိုပါတယ်။

မြေဖြူတောင့်ဖိုးအနေနဲ့ တစ်လကို(၁၅)ပေါင်ကုန်ကျခဲ့ပါတယ်။ တကယ်လို့ အချိန်ခပ်ကြာကြာနေပြီး မြေဖြူတောင့်ကို မစားပဲနေခဲ့ရင် မူးဝေသလိုလိုဖြစ်လာတဲ့အကြောင်းနဲ့ မြေဖြူအရသာကတော့ မြေပဲထောပတ်လိုဖြစ်ကြောင်း သိရပါတယ်။ နောက်ပိုင်းမှာတော့ ကလေးရဲ့ကျန်းမာရေးအတွက်စိုးရိမ်တာကြောင့် မြေဖြူတွေကိုဝါးရုံဝါးပြီး ပြန်ထွေးထုတ်ပစ်ခဲ့ကြောင်း သူမကပြောပြပါတယ်။

Rebecca ဟာကိုယ်ဝန်ဆောင်နေစဉ်အတွင်း သံဓာတ်အားလိုနေတဲ့အတွက်ကြောင့် သံဓာတ်အားဆေးတွေမှီဝဲခဲ့ရတာက လွဲလို့ တစ်စုံတစ်ရာမဖြစ်ခဲ့ကြောင်းနဲ့ (၈)ပေါင်(၇)အောင်စခွဲရှိတဲ့သားကလေးကို ကျန်းမာစွာမွေးဖွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ သားကလေးမွေးပြီးနောက်ပိုင်းတော့ မြေဖြူတောင့်စားချင်တဲ့စိတ်ဟာ ပျောက်သွားခဲ့ပါတယ်။ ကလေးမွေးပြီး(၂)လကြာလို့ မြေဖြူတောင့်ပြန်စားကြည့်တဲ့အခါမှာတော့ အော်ဂလီဆန်စရာကောင်းတဲ့အရသာဖြစ်နေခဲ့ကြောင်း Rebecca ကသူ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*